Wednesday 30 November 2011

မလေးရှားတွင် အမျိုးသမီးသီးသန့် အငှားယာဉ်များ ချထားပေး

လူစီး ရထားတွဲ များအတွင်း ပန်းရောင် ရထားတွဲကို စီမံပေးအပြီးတွင် မလေးရှား နိုင်ငံအနေဖြင့် အမျိုးသမီးများအား စော်ကားခံရမည့် ဘေးမှ ကာကွယ်ပေးသည့် လုပ်ဆောင်ချက် တစ်ရပ်အဖြစ် အမျိုးသမီး သီးသန့် အငှားယာဉ်များကို စတင် ပြေးဆွဲပေးနေပြီ ဖြစ်ကြောင်း မီဒီယာသတင်းများတွင် တနင်္ဂနွေနေ့က ဖော်ပြခဲ့သည်။ ကွာလာလမ်ပူမြို့ရှိ လမ်းမများပေါ်တွင် အမျိုးသမီးများမောင်းနှင်သည့် အငှားယာဉ် အစီး ငါးဆယ်ကို စတင်ပြေးဆွဲ ပေးလိုက်ပြီ ဖြစ်ကာ on-call  ခေါ်ဆိုမှုဖြင့် ငှားရမ်းနိုင်မည် ဖြစ်ပြီး ကားအစီးရေကို အစီး ၂၀၀ အထိ တဖြည်းဖြည်း တိုးမြှင့် ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
အမျိုးသမီးများ၊ မိသားစုများနှင့် လူ့အဖွဲ့အစည်း ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဖြစ်သူ Heng Seai Kei မှ ပြောရာ၌ ယခုလို အငှားယာဉ်များကြောင့် အမျိုးသမီးများ အနေဖြင့် ခရီးသွားလာရာတွင် ပိုမိုလုံခြုံလာမည် ဖြစ်သည့် အပြင် အငှားယာဉ် မောင်းနှင်လိုသူ အမျိုးသမီးများ အတွက်လည်း အလုပ်အကိုင်များ ဖန်တီးပေး နိုင်မည် ဖြစ်သည်ဟု ပြောကြား သွားခဲ့သည်။ ယခုလို ပြုလုပ်ခြင်းဖြင့် အငှားယာဉ်မောင်းများနှင့် ဆက်နွယ်သည့် အမျိုးသမီးများအပေါ် အကြမ်းဖက် လုယက်မှုနှင့် မုဒိမ်းမှုများ ကျဆင်းသွားရန် မျှော်လင့် ထားကြောင်းလည်း ၎င်းမှ ပြောခဲ့သည်။ မလေးရှား နိုင်ငံမှာ ယခင်နှစ်ကလည်း နိုင်ငံပိုင် ဘတ်စ်ကားလိုင်းအတွင်း အမျိုးသမီး သီးသန့် စီးနင်းနိုင်သည့် ဘတ်စ်ကားလိုင်း တစ်ခုကို စတင် ပြေးဆွဲပေးခဲ့ကြောင်းလည်း သိရသည်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်