Friday 4 November 2011

ကရင်၏ မူလ ဇာစ်မြစ်

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) ၏
နံရံကပ်စာစောင်တွင် ဖော်ပြထားသည့် သုတေသန စာတမ်းတခုကို
ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။
              ကရင်လူမျိုး၏ မူလဇစ်မြစ် သုတေသနစာတမ်း

နိဒါန်း
ကမ္ဘာပေါ်တွင် လူမျိုးတိုင်း၏ မူလဇစ်မြစ်တိုင်းသည် ၀တ္ထုဆန်ဆန်၊ စိတ်ကူးယဉ်ဆန်ဆန်သာ ဖြစ်ကြပြီး မည်သူမျှ အတိအကျ ဖော်ပြခြင်း
မပြုနိုင်ကြပေ။
ဥပမာအားဖြင့် ဂျပန်လူမျိုးတို့သည် မိမိတို့ ဘုရင်ကို "နေနတ်" မှ ဆင်းသက်လာသည်ဟု ယုံကြည်ကြပြီး မိမိတို့လူမျိုးကိုလည်း "နေနတ်အနွယ်" များဟု ယူဆကြသည်။
ထိုနည်းတူ ကရင်လူမျိုးများ၏ မူလဇစ်မြစ်နှင့် ပတ်သက်၍ အမျိုးမျိုး ယူဆ ပြောဆိုကြပေသည်။ အချို့က ကရင်လူမျိုးများသည် တိဘက်လူမျိုး ဖြစ်သည်ဟု ဆိုကြသည်။ အချို့က ကရင်လူမျိုးများသည် တရုတ်ပြည် အနောက်မြောက်ပိုင်းမှ ဆင်းသက်လာကြသော လူမျိုးတမျိုးဖြစ်သည်ဟု ဆို၏။ အချို့ကလည်း ကရင်လူမျိုး သည် ယနေ့ မြန်မာနိုင်ငံဟုခေါ်သော ဤနိုင်ငံ၏ မူလ တိုင်းရင်းသား (aborigine) ဟု
ဆိုကြ၏။ (Judson of Burma, by professor B.R. Pearn, page 79)။ တဖန် အချို့ကလည်း ကရင်လူမျိုးများသည် ဆီးမိုက် မျိုးနွယ်ကြီးမှဟီဘရူးခေါ် ဟေဗြဲ အနွယ်ဝင် ၁၂ မျိုးထဲမှ ပျောက်ဆုံးသွားသော လေ၀ိ အနွယ်ဖြစ်သည်ဟု အထောက်အထားနှင့် အခိုင်အမာ ဆိုကြသည်။
မည်သို့ပင်ဖြစ်စေ ကရင်လူမျိုးများ၏ မူလဗီဇနှင့် မူလဇစ်မြစ် ကို အရှိကို အရှိအတိုင်း ဖော်ထုတ်ရမည်မှာ သမိုင်းပေး တာဝန် တရပ်သာဖြစ်ပေသည်။
ကရင်ဟူသော အမည်
ကရင်ဟူသော အမည်ကို အမျိုးမျိုး ယူဆ ပြောဆိုကြသည်။ အများအားဖြင့် သိရသည်မှာ အမည်တခုကို ခေါ်တွင်ရာ၌ အကြောင်းတခုခုကိုအစွဲပြု၍ ခေါ်လေ့ရှိကြသည်ကို တွေ့ရှိရသည်။
ဥပမာအားဖြင့် ဆူးမား (Sumer) လွင်ပြင်တွင် အခြေချ နေထိုင်သည့် လူမျိုးများကို ဆူမားရီးယန်း ဟု ခေါ်ကြသည်။ အက္ကမြို့ကိုထူထောင်ကြသော လူမျိုးကို အကားဒီးယန်း ဟု ခေါ်ကြသည်။ အမေရိကတိုက် တွင် နေထိုင်ကြသော လူမျိုးကို အမေရိကန် ဟု ခေါ်ကြသည်။
ထိုနည်းတူစွာ ကရင်လူမျိုးများသည်လည်း မိမိတို့နှင့် သက်ဆိုင်သည့် ထူးခြားသော အကြောင်းအရာ တခုခုအပေါ် မူတည်၍ ခေါ်တွင်သည်လားဟု ယူဆစရာ ရှိပါသည်။ ယခင်က ရေးသားခဲ့သော ကရင်၏ မူလဇစ်မြစ် ပထမပိုင်းတွင် မွန်ဂိုလူမျိုးများ အစောဆုံး အခြေချနေထိုင်သည်ဟူ၍ သမိုင်းသုတေသီများ သိရှိလာသည့် မက်ဆိုပိုတေးမီးယား ဒေသမှ ပါရှန် ပင်လယ်ကွေ့ထဲသို့ စီးဝင်သော "ကရန်မြစ်"ကိုအစွဲပြုခေါ်ခြင်း ဖြစ်နိုင်စရာ အကြောင်းရှိကြောင်း ထင်မြင်ယူဆချက်ကို တင်ပြခဲ့ပါသည်။
ကမ္ဘာ့သမိုင်းတွင် ဟစ်ဆော့ ခေါ် လူမျိုးတမျိုးသည် ၎င်းတို့ကိုယ်ကို ဟစ်ဆော့ဟု ခေါ်ကြခြင်း မဟုတ်ဘဲ အီဂျစ်လူမျိုးများက ၎င်းတို့အားခေါ်သော အမည်ဖြစ်သည်။ အီဂျစ်ဘာသာစကားဖြင့် ဟစ်ဆော့၏ အဓိပ္ပါယ်မှာ နိုင်ငံခြားသား အုပ်ချုပ်သူများ ဟု အဓိပ္ပါယ် ရသည်။
အီဂျစ်လူမျိုးများက ထိုသို့ ခေါ်ရခြင်းမှာ ဟစ်ဆော့တို့သည် ၎င်းတို့ အီဂျစ်ပြည်ကို နှစ်အတန်ကြာ လာရောက် အုပ်ချုပ်သော နိုင်ငံခြားသားများဖြစ်သောကြောင့်ပင်တည်း။
ကာလကတ္တား တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သော သိက္ခာတော်ရ ဆရာကြီး မန်းဘရင်က ၎င်း၏ လေ့လာသိရှိမှုကို ကျနော့်အားပြောပြရာတွင် ရှေးတရုတ်များသည် ကရင်လူမျိုးကို "ခဲ့ရင်" ဟု ခေါ်ကြသည်။ "ဧည့်သည်" များဟူ၍ အဓိပ္ပါယ် ရသည်ဟု ဆိုသည်။
ထိုအဆိုသည်လည်း ဖြစ်နိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ကရင်လူမျိုးများသည် အခြားသော အရပ်ဒေသ တခုခုမှ တရုတ်ပြည်အနောက်ဘက် နယ်စပ်သို့ ရောက်ရှိလာသဖြင့် ဧည့်သည်များ ဖြစ်နေခြင်းကြောင့် ဖြစ်သည်။ ဟစ်ဆော့ အမည် ပေါ်လာပုံနှင့်လည်းဆင်တူနေပါသည်။ မာကိုပိုလို၏ မှတ်တမ်းတွင် ကရင်လူမျိုးကို "ကရယင်" "ကရယင်နယ်" ဟု ဖော်ပြထားပါသည်။

မည်သို့ပင်ဖြစ်စေ ကရင်၏ အမည် စတင်၍ ခေါ်တွင်လာပုံကို ခရေစေ့တွင်းကျ တိတိကျကျ မဖော်ထုတ်နိုင်သော်လည်း ကရင် ဟူသောအမည်ကိုကား ကမ္ဘာ့သမိုင်းတွင် မှတ်တမ်းတင်ထားသည်ကို လေ့လာ တွေ့ရှိရပေသည်။
တဖန် မြန်မာနိုင်ငံ၌ ကရင်ကို စကောကရင်၊ ပိုးကရင်၊ မြန်မာကရင်၊ တလိုင်းကရင်၊ ကော်သူးလေ ဟူ၍ ခေါ်နေပါသဖြင့် အချို့မသိသောသူများ အနေဖြင့် နားလည်ရန် ခက်ခဲရတော့သည်။ ကရင်လူမျိုးတွင် ဖခင်အနွယ်၊ မိခင်အနွယ် ဟူ၍ နှစ်နွယ်ရှိသည်။ ယင်းကဲ့သို့အနွယ်များ ကွဲရသည်ကိုမူ ပြောရန် ခက်ခဲပါသည်။ ဒဏ္ဍာရီ အဆိုအရ ရှေးယခင်က ဖခင်နှင့် မိခင် နှစ်ဦး ရှိခဲ့ရာ အကြောင်း တစုံတရာကြောင့်မသင့်မြတ်ကြရာမှ ဖခင်နှင့် မိခင် ကွဲသွားရာ ဖခင်နောက် လိုက်သွားသော သားသမီးများသည် ဖခင်အနွယ် ဖြစ်သွားပြီး မိခင်နောက်လိုက်သွားသော သားသမီးများသည် မိခင်အနွယ် ဖြစ်သွားကြသည်ဟု ပြောဆိုလေ့ ရှိကြပါသည်။ ယနေ့ ကရင်များသည် ဖခင်အနွယ်ဝင်ကရင်ဖြစ်စေ၊ မိခင်အနွယ်ဝင် ကရင်ဖြစ်စေ ကရင်လူမျိုး အချင်းချင်း ချစ်ချစ်ခင်ခင် ရှိကြပါသည်။ ပို၍ သိလာလေ ပို၍ပင် ချစ်လာကြသည်ဟုယူဆရပါသည်။
ဖခင်အနွယ်ဝင် ကရင်ကို စဝှော် ဟု ခေါ်သည်။ စာလုံး ၂ လုံးကို တလုံးတည်း အသံထွက် ပုံစံဖြင့် ပူး၍ ထွက်သည်။ မပီသူများ၊မခေါ်တတ်သူများက စကော ဟု ခေါ်ကြသည်။ ဒါကိုပင် ပျူနိုင်ငံ သရေခေတ္တရာ ပျက်စဉ်က စကော တချပ် လေတိုက်၍ လွင့်လာသည်ကိုစကောတပ်ကြီး ချီတက်လာပြီဟု ယူဆကာ တိုင်းသူပြည်သားများ လန့်ပြေးရာမှ သရေခေတ္တရာ ပျက်စီးရသည်ဟု မှတ်သားရဘူးပါသည်။
ဤ စကောတပ်ကြီး ဟု သမိုင်းတွင် ဖော်ပြမှုသည်ပင် သရေခေတ္တရာ ခေတ်ကတည်းက ဤဒေသများတွင် စကောကရင် ရှိနေပြီဟုသွယ်ဝိုက်၍ ထောက်ခံပြီးသား ဖြစ်နေပေသည်။
မိခင်အနွယ်ဝင် ကရင်များကို ပ၀ိုး ဟု ခေါ်သည်။ စဝေါ် ကဲ့သို့ပင် စာလုံး ၂ လုံးကို တလုံးတည်း တွဲခေါ်ပါသည်။ မခေါ်တတ်သူများက ပိုး ဟု ခေါ်ကြသည်။ မြန်မာကရင်ဟူသော အခေါ်မှာ မြန်မာများနှင့် ပိုမိုနီးကပ်စွာ နေထိုင်ခဲ့သည့် ကရင်များကို ခေါ်ခြင်းဖြစ်ပြီးတလိုင်းကရင်ဆိုသည်မှာ တလိုင်းလူမျိုးများနှင့် ပိုမိုနီးကပ်စွာ နေထိုင်သော ကရင်လူမျိုးများကို ခေါ်ခြင်းဖြစ်သည်။
ကော်သူးလေ ဟူသော အခေါ်မှာ ကရင်လူမျိုးများက မိမိတို့ နေထိုင်ရာ နိုင်ငံကို အလွန်ချစ်မြတ်နိုးစွာဖြင့် ခေါ်သော အမည်ဖြစ်သည်။
ကော် ၏ အဓိပ္ပါယ်မှာ နိုင်ငံ၊ ဒေသ၊ အရပ် ဖြစ်ပြီး သူး မှာ အမဲ (မဖြူစင်ခြင်း) ဖြစ်သည်။ လေး မှာ မရှိ (ကင်းစင်ခြင်း) ဟု အဓိပ္ပါယ် ရသည်။
သို့ဖြစ်၍ ကော်သူးလေ ဆိုလိုရင်း အဓိပ္ပါယ်မှာ ဖြူစင်သန့်ရှင်းပြီး အပြစ်ဆိုစရာ မရှိသော ကရင်အမျိုးသား နိုင်ငံ ဟူ၍ ဖြစ်ပါသည်။
အချို့ကလည်း ပန်းများ ဝေဆာ ပွင့်ဖူးသော နိုင်ငံ (Flowering country) ဟု ခေါ်ကြသည်။
အဓိကအားဖြင့် ကရင်တွင် မိခင်အနွယ် ပ၀ိုးကရင်နှင့် ဖခင်အနွယ် စဝှော်ကရင် ဟူ၍ရှိရာ အခြားသော ကရင်မျိုးနွယ်များသည် မိခင် ဖခင် အနွယ် နှစ်ခုမှ ဆင်းသက်လာကြခြင်း ဖြစ်ကြောင်း လေ့လာ မှတ်သားရပေသည်။ ဥပမာ ပအိုဝ့် သည် ပ၀ိုးကရင် မိခင်နွယ်ဝင် ဖြစ်ပြီး ကယား၊ ကယ်ခို၊ ကယ်ဘား၊ ယင်းဖြူ၊ ယင်းနက်၊ ယင်းကြား၊ ကရင်ဖြူ၊ ကရင်နီ တို့သည် ဖခင်နွယ်ဝင် စကောကရင်များ ဖြစ်ကြသည်။
(Grandfather Longlegs by Ian Morrison, page 16, the Red Karen (So called from their red tunis) the Korenbyus or striped
Karens, and the Taungthus of the southern Shan States, The Padaung, … are a small Karen Tribe.)

တဖန် အခြားသော ကရင်အမည်များလည်း ရှိပါသေးသည်။ မြောင် (မျို)၊ ယောင်၊ လားဟူ (မူဆိုး)၊ အခါ (ကော်)၊ နှင့် လီစူး (လီရှော) ဟူ၍လည်း ခေါ်ကြပေသေးသည်။
(People of the Golden Triangle by Paul and Elaine Lewis, published in Great Britain by Thames and Hudson Ltd. 1984,
page 7, column 1, Karen, Hmong, Mien (Yao)
Lahu, Akha, and Lisu (page 7, line 13, column 1)
Even so, the members of each tribe have an ethnic – consciosness which leads them to recognize one another as belonging to the same ethnic group.)

တဖန် မွန်လူမျိုးသည်လည်း မိခင်အနွယ်ဝင်ဟု နာမည်ကျော် သမိုင်းသုတေသီ သီအိုဒိုစတင်း က ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။
(Pwo Karen by James W. Hamilton, published in 1976, by West Publishing Co. "Foreward" page VII, 34th line. The other
major branch, the Pwo – Baker's Peguan (i.e., Mon) Karen many of whom, as Buddhists, … )

ဤ ဖော်ပြမှုသည် ကျွန်ုပ်အနေဖြင့် မငြင်းလိုပေ။ အဘယ်ကြောင့်ဆိုသော် မွန်သည် မိုဟူသော စကောကရင်အခေါ် မိုး ဟူသော ပိုးကရင်အခေါ်နှင့် အလွန်တူပြီး အဓိပ္ပါယ်မှာ အမေ မိခင် ဖြစ်ပါသည်။ ၎င်းပြင် မွန်လူမျိုးသည် စကောကရင်၊ ပိုးကရင်တို့နှင့် အတူနေထိုင်ကြသည်ကို သမိုင်းတလျှောက် တွေ့ရသည်။ တလိုင်း (Talaing) ဟူသော အမည်မှာ အိန္ဒိယ တောင်ပိုင်း၊ ယခု မဒရပ်စ်နယ် အနောက်ရှိ ရှေးအခေါ် တလင်္ဂန နယ်မှ လာသော အိန္ဒိယ တောင်ပိုင်းသားများကို ခေါ်သော အမည် ဖြစ်သည်။ မွန်လူမျိုး အမည်မဟုတ်ပါ။
ထို့ပြင် မြန်မာနိုင်ငံမှ ရှမ်းလူမျိုးများနှင့် ထိုင်းနိုင်ငံမှ ထိုင်းလူမျိုးများက ကရင်လူမျိုးများကို ယန်း (Yang) ဟု ခေါ်ကြသည်။ ယန်းလျှံ(ကရင်နီ)၊ ယန်းဖုတ် (ကရင်ဖြူ)၊ ယန်းလိုင်း (ကရင်ကြား) စသဖြင့် ၀တ်စားဆင်ယင်သော အ၀တ်အစားများအပေါ် မူတည်ပြီး အမည်အမျိုးမျိုး ခေါ်တွင်ကြပါသည်။ အမှန်အားဖြင့် လူမျိုးတမျိုးကို လေ့လာပါက ၎င်းမျိုးနွယ်ကြီး (Race) နှင့် ၎င်းမျိုးနွယ်ကြီးမှ ရေမြေတောတောင် လျှိုမြောင်များ ခွဲခြားထားမှုကြောင့် ပေါ်ပေါက်လာသော မျိုးနွယ်ခွဲ (Clans) များကို ခွဲခြား လေ့လာပါက ပို၍ ပေါ်လွင်မည်ဖြစ်ပါသည်။
ကရင်မျိုးနွယ် အကြောင်းကို အသားဝါအနွယ် မွန်ဂိုလွိုက် (Mongoloid) အကြောင်းနှင့် ဆက်စပ်၍ အောက်ပါအတိုင်း လေ့လာနိုင်ပေသည်။

ကမ္ဘာ့လူမျိုးနွယ်များ
ကမ္ဘာ့သမိုင်း စတင်ဖြစ်ပေါ်မှု The Beginning of History ကို ပြန်၍ လေ့လာမည် ဆိုပါက လူမျိုးကြီး ၃ မျိုးကို တွေ့ရပေမည်။ ၎င်းတို့မှာ
၁။ အသားမည်း အနွယ် Negaroid နီဂရွိုက်
၂။ အသားဖြူ အနွယ် Europoid ယူရိုပွိုက်
၃။ အသားဝါ အနွယ် Mongoloid မွန်ဂိုလွိုက် တို့ ဖြစ်ပါသည်။
နီဂရွိုက် အနွယ်ဝင်များမှာ အာဖရိကတိုက်ဖက်သို့ ပျံ့နှံ့ပြီး ကင်းယန်း၊ နိုင်ဂျီးရီးယန်း၊ ဇင်ဘာဘွေးယန်း စသဖြင့် အာဖရိက လူမျိုး၊ နိုင်ငံများဖြစ်ပေါ်လာသည်။ အချို့မှာ ပင်လယ် သမုဒ္ဒရာကို ဖြတ်၍ အရှေ့အိန္ဒိယ ကျွန်းစုဘက် တောင်ကျွန်းများ အထိပင် ပျံ့လွင့် ရောက်ရှိကြပေသည်။
ယူရိုပွိုက် အနွယ်ဝင်များမှာ အာဖရိကတိုက် မြောက်ပိုင်းနှင့် ဥရောပတိုက်သို့ ရောက်ရှိသွားကြသည်။ ထင်ရှားသည့် ရှေးဦးမျိုးနွယ်များမှာ ဆီးမိုက်၊ ဟန်းမိုက်၊ အာရိယန် စသည်တို့ ဖြစ်ကြသည်။ အာရိယန်များသည် အိန္ဒိယပြည်သို့ပင် ရောက်ရှိကြသည်။ ၎င်းယူရိုပွိုက်များကို Compton's Encyclopedia စွယ်စုံကျမ်း အတွဲ S.(K.L) စာမျက်နှာ 98-A တွင် ပါရှိသော Language Family Tree ခေါ် ဘာသာစကားမိသားစုတွင် ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။
မွန်ဂိုလွိုက် ခေါ် အသားဝါ အနွယ်များသည် ကြီးမားကျယ်ပြန့်သော အာရှတိုက်ဘက်သို့ ပျံ့နှံ့လာကြသည်။ ကရင်လူမျိုးများသည် အသားဝါအနွယ်ဝင်ဖြစ်ကြောင်း သမိုင်းသုတေသီများနှင့် ပညာရှင်များက လက်ခံထားကြသည်။
ထို့ကြောင့် အသားဝါ အနွယ် မွန်ဂိုလွိုက်ကို သီးခြား လေ့လာရန် လိုပါသည်။


မွန်ဂိုလွိုက် ခေါ် အသားဝါ အနွယ်
အသားဝါ အနွယ်ဝင် မွန်ဂိုလူမျိုးများကို လေ့လာရာတွင် ရနိုင်သော အခြေအနေအရ လိုရင်းအချက်ကိုသာ တင်ပြပါမည်။ ကမ္ဘာကြီးကိုဘူမိဗေဒ ပညာရှင်များက သက်ဦးကပ် (Palaeozoic or Primary Era)၊ သက်လယ်ကပ် (Mesozoic)၊ သက်နှောင်းကပ် (Cenozoic Era)၊
စတုတ္ထကပ် (သို့) နှင်းခဲခေတ် (Quarternary Era or Glacial Age) ဟူ၍ ခေတ် ၄ ခေတ် ခွဲ၍ လေ့လာကြပါသည် (အခြေပြုမြန်မာနိုင်ငံရေးသမိုင်း ပ-တွဲ၊ စာ ၃၇-၅၅)။
သက်ဦးကပ်ကို လွန်ခဲ့သော နှစ်ပေါင်း သန်းခြောက်ရာ (၆၀၀ သန်း) ခန့်က စတင်ခဲ့ပြီး စတုတ္ထကပ် ခေါ် နှင်းခဲခေတ်သည် လွန်ခဲ့သောနှစ်တသန်း (၁ သန်း) က စတင်ခဲ့သည်ဟု ယူဆကြသည်။ (ဤခေတ်များ အကြောင်းကို အကြမ်းဖျင်း လေ့လာလိုပါက ရန်ကုန်တိရိစ္ဆာန်
ဥယျာဉ် သဘာဝ သမိုင်း ပြတိုက်တွင် လေ့လာ နိုင်ပါသည်။)
လွန်ခဲ့သော နှစ်တသန်း (၁ သန်း) က စပြီး လူသားများ စတင်ပေါ်ထွန်းခဲ့သည်ဟု သမိုင်း သုတေသီများက ယူဆကြသည်။ ဤနှင်းခဲခေတ်တွင် မွန်ဂိုလွိုက် အသားဝါ အနွယ်ဝင်များသည် အာရှတိုက် အလယ်ပိုင်း၌ သွားလာ ကျက်စား နေထိုင်ခဲ့ကြသည်။ သတိပြုရမည်မှာ ထိုအချိန်၌ မည်သည့်လူမျိုးမှ မယဉ်ကျေးကြသေးသော အချက်ပင် ဖြစ်သည်။
ဤခေတ်အတွင်းမှာပင် မွန်ဂိုလွိုက် အသားဝါ အနွယ်ဝင်များသည် နှင်းခဲများ၊ ရေခဲများ ဖုံးလွှမ်းမှုကြောင့် ဥရောပတိုက်နှင့် လည်းကောင်း၊အာရှတိုက် တောင်ပိုင်းနှင့် လည်းကောင်း အဆက်ပြတ်သွား ခဲ့ရသည် (History of the world by Weech, page 24, 25)။
ထို မွန်ဂိုလူမျိုး အချို့တို့သည် အာရှတိုက် အလယ်ပိုင်း မှတဆင့် အာရှတိုက် အရှေ့မြောက်ဘက် အစွန်းရှိ ချူကော့စကီး ကျွန်းဆွယ် Chucotsky pennisula နှင့် အမေရိကတိုက် အနောက်မြောက် အစွန်ရှိ အလာစကား ကို ခွဲခြားထားသည့် မိုင် ၆၀ သာကျယ်သော ဘယ်ရင်ရေလက်ကြားကို ဖြတ်ပြီး အမေရိကတိုက် တခွင်တပြင်တွင် သွားရောက် အခြေချ နေထိုင်ခဲ့ကြသည်။ အချို့မှာ ဂရင်းလန်ကျွန်း တိုင်အောင်ပျံ့နှံ့သွားကြသည်။
အမေရိကတိုက်သို့ ရောက်သွားကြသော အသားဝါ မွန်ဂိုများသည် ရာသီဥတုနှင့် သဘာဝ ရေမြေ အခြေအနေအရ အသားရောင် နီကျင့်ကျင့် ဖြစ်လာကြသည် (Their yellow skin depened till it become copper-red)။ ထို့ကြောင့် ၎င်းတို့ကို လူနီ အင်ဒီးယန်းများ Red Indian ဟု အမည်တမျိုးနှင့် ခေါ်တွင်လာကြသည်။ အမေရိက အလယ်ပိုင်း (ယခု မက္ကစီကို၊ ဟွန်ဒူးရပ်စ်၊ နီကာရာဂွာ စသောဒေသများ) သို့ ရောက်သောအခါ အဆင့်မြင့်မားသော အက်စတက် Aztecs၊ အင်းကားစ် Incas ကဲ့သို့သော ယဉ်ကျေးမှုများကို ပေါ်ထွန်းစေခဲ့သည်။ သို့သော် ၎င်းယဉ်ကျေးမှုများသည် အလွန်နောက်ကျပြီးမှသာ ပေါ်ထွန်းခြင်း ဖြစ်ပါသည်။
ဤမျှ ရှင်းပြခြင်းဖြင့် အစောဆုံးသော နှင်းခဲခေတ် (ရေခဲခေတ်) မှ မွန်ဂိုများကို အကြမ်းဖျင်း သိလောက်ပြီဟု ယူဆပါသည်။ အစောပိုင်း မွန်ဂိုများသည် မယဉ်ကျေးကြသေးသော မွန်ဂိုများ ဖြစ်ကြပါသည်။ ကျောက်ခေတ်ဦး Paleolithic ထက်ပင် စောသဖြင့် လူရိုင်း အဆင့်မှာသာ ရှိကြပေသေးသည်။
ယခု ကျွန်ုပ်တို့ လေ့လာသော မွန်ဂိုအနွယ်ဝင်များမှာ ရေခဲခေတ် ပြီးဆုံးပြီး လူယဉ်ကျေးမှု (ယဉ်ကျေးသောလူများ) စတင်သော အချိန်မှစ၍ လေ့လာမည် ဖြစ်ပါသည်။
ဤအချက်သည်ပင် ကျွန်ုပ်၏ ယူဆချက်နှင့် အချို့သော ကရင်အမျိုးသား ပညာရှင်များ၏ ယူဆချက်မှာ ကွဲလွဲမည် ဖြစ်ပါသည်။ ယဉ်ကျေးသော သူများဟု ဆိုရာ၌ အတည်တကျ နေထိုင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးကို စတင်လုပ်ကိုင်သော အချိန်ကာလကို ဆိုလိုပါသည်။
အစောပိုင်း လူသားမျိုးနွယ်များသည် လူရိုင်းဘ၀ဖြင့် အသားငါး အစိမ်း၊ သစ်သီး သစ်ဖု သစ်ဥများကိုသာ ရှာဖွေစားသောက်၍ တနေရာမှတနေရာသို့ လှည့်လည်သွားလာ နေထိုင်ကြသူများ (Nomads) သာ ဖြစ်ပါသည်။ ရေခဲခေတ်ကို ကျော်လွန်ပြီး တဖန် ကျောက်ခေတ်ဦး (ကျောက်ကြမ်းခေတ်) Paleolithic age, ကျောက်ခေတ်လယ် Mesclithic age, ကျောက်ချောခေတ် (ကျောက်ခေတ်သစ် /ကျောက်ခေတ်နှောင်း) Meolthic age ဟူ၍ ကျောက်ခေတ်များကို ကျော်လွန်ခဲ့ပြီးနောက် စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်ကာ အတည်တကျနေထိုင်သော ယဉ်ကျေးသည့် ခေတ်သို့ ရောက်ရှိလာခဲ့ပေသည်။
စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်ပြီး အတည်တကျ နေထိုင်ခြင်းဖြင့် လူသားတို့ ယဉ်ကျေးမှု မြင့်မားလာခဲ့သည်ကို သမိုင်းဖြစ်ပေါ်တိုးတက်မှုအစဉ်တွင် တွေ့ရပါသည်။ သို့ဖြစ်၍ အခြားလူမျိုးများနည်းတူ ယဉ်ကျေး၍ လာပြီဟု ယူဆရသော ကရင်လူမျိုးများသည် ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင် ရောက်ရှိနေသည်ကို ရှာဖွေရပေမည်။
ကမ္ဘာ့သမိုင်းတွင် လူ့ယဉ်ကျေးမှု တိုးတက်ထွန်းကာရာ အရပ်ဒေသများကို စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်နိုင်သည့် ရေရရှိသောမြစ်ဝှမ်းအရပ်များတွင် တွေ့ရှိရသည်။

ထိုမြစ်ဝှမ်းအရပ်များမှာ …
၁။ နိုင်းလ် မြစ်ဝှမ်းဒေသ (အီဂျစ်ပြည်)
၂။ မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသ (မက်ဆိုပိုတေးမီးယား Mesopotamia (သို့) ရှိနားလွင်ပြင် Shinar plain)
၃။ အိန္ဒု - ဂင်္ဂါ မြစ်ဝှမ်းဒေသ (အိန္ဒိယပြည်) (Indus, Ganges)
၃။ မြစ်ဝါ (သို့) ဟွမ်ဟို မြစ်ဝှမ်းဒေသ (တရုတ်ပြည်) (Yellow river or Hwang-Ho)

အထက်ပါ လူယဉ်ကျေးမှု ထွန်းကားရာ ဒေသကြီးများအနက် အေဂျင် ပင်လယ်ဒေသနှင့် နိုင်းလ် မြစ်ဝှမ်း အထက်ပိုင်း ဒေသများတွင် ဆီးမိုက်၊ ဟန်းမိုက် အနွယ်ဝင်များ နေထိုင်ကြပြီး မွန်ဂို အနွယ်ဝင်များ နေထိုင်ကြောင်း မသိရှိရပေ။ သို့ဖြစ်၍ မွန်ဂို အနွယ်ဝင် ကရင်လူမျိုးများ စတင်ပေါ်ပေါက်လာမှုတွင် ထည့်သွင်း စဉ်းစားရန် လိုမည် မဟုတ်ပေ။ မြေထဲ ပင်လယ် မြောက်ဘက်နှင့် အေဂျင် ပင်လယ် မြောက်ဘက်ဥရောပတိုက်ဘက်တွင် အာရိယန်အနွယ်ဝင်များ ပျံ့နှံ့နေထိုင်ကြသည်ကို တွေ့ရသည်။ ထို့ကြောင့် ကျန်ရှိသော လူ့ယဉ်ကျေးမှု စတင်ထွန်းကားရာ ဒေသများအနက် အိန္ဒု - ဂင်္ဂါ မြစ်ဝှမ်း ဒေသသည် အိန္ဒိယပြည်တွင်ရှိပြီး အသားမည်း ဒရာဗီးဒီးယန်း Dravedian များသာ စတင် အခြေချရာ ဒေသ ဖြစ်သဖြင့် အသားဝါ မွန်ဂို အနွယ်ဝင် ကရင်လူမျိုးများသည် ထိုဒေသမှ စတင်မည် မဟုတ်ကြောင်း သေချာပေသည်။ သို့ဖြစ်၍ မြစ်ဝါ မြစ်ဝှမ်း ဒေသနှင့် မက်ဆိုပိုတေးမီးယား မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသကို ဆက်လက် လေ့လာရပေမည်။
မြစ်ဝါမြစ်ဝှမ်း ခေါ် ဟွမ်ဟိုမြစ်ဝှမ်း ယဉ်ကျေးမှု ထွန်းကားရာ ဒေသကို လေ့လာသောအခါ ထိုဒေသတွင် ရှေးဟောင်း တရုတ် ယဉ်ကျေးမှု ပေါ်ထွန်းခဲ့ကြောင်းနှင့် တရုတ်လူမျိုးများသည် လှည့်လည်သွားလာသူများ မဟုတ်ဘဲ အိမ်နှင့် အတည်တကျ နေထိုင်ကြောင်း သိရှိရသည်။
(History of the world by Weech, second edition, page 333, Acient China " The Chinese grew up as dwetters in houses,
not as nomads in tents.")။
တဖန် တရုတ်တို့သည် အသားဝါ အမျိုးတူ ဖြစ်ကြသော်လည်း မွန်ဂိုများ မဟုတ်ဟု သိရှိရသည်။ (Pratical
knowledge for all, vol 2 by Sir John Hammertal, page 132, "Early history of China and Japan", The Chinese people, like
most of the Fore EAstern Asiaties, are Mongols, skin to but not indentical with the Mongols proper or Hun of Central
Asia, - )
သို့ဖြစ်၍ ကရင်လူမျိုးသည် မြစ်ဝါမြစ်ဝှမ်း၌ ယဉ်ကျေးသော လူမျိုးတမျိုးအဖြစ်နှင့် မပေါ်ခဲ့ဟု ယူဆရပေသည်။ အချို့ ပုဂ္ဂိုလ်များက ကရင်သည် တရုတ်မျိုးနွယ်တခု (Off shoot of Chinese) ဟု ထင်မြင်ကြပေသည်။ ဤယူဆချက်သည်လည်း မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ခရစ် မမွေးဖွားမီ ကတည်းက မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှသို့ ရောက်နှင့်သော ကရင်လူမျိုးနှင့် အတူ ပါလာသည့် ဗိသုကာ ပညာ လက်ရာများနှင့် ယဉ်ကျေးလှသော ပြောဆိုဆက်ဆံပုံများသည် ဘယ်နည်းနှင့်မျှ ထို ရှေးရှေးအခါက တရုတ်လူမျိုးများထံမှ အမွေ မရနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် တရုတ်သည်ပင်လျှင် ခရစ် မမွေးဖွားမီ အချိန်က ယဉ်ကျေးလာရန်ကြိုးစားကြလျှက်ပင် ရှိသေးသည်ဟု ယူဆရသည်။
အချို့ကလည်း ကရင်များသည် တိဘက်က လည်းကောင်း၊ တရုတ်ပြည် အနောက်တောင်ပိုင်းက လည်းကောင်း တရွေ့ရွေ့ ပြောင်းရွှေ့ပြီး အရှေ့တောင်အာရှသို့ ရောက်ရှိလာသည်ဟု ဆိုသည်။ ထို အဆိုကို မငြင်းပယ်လိုပါ။ သို့ရာတွင် မယဉ်ကျေးသော တိဘက်များ နေထိုင်ရာဒေသနှင့် သွားလာရန်ပင် အလွန် ခက်ခဲသော တရုတ်ပြည် အနောက်တောင်ပိုင်းမှ ကရင်လူမျိုးများ စတင် မပေါက်ဖွားလာသည်ကိုတော့လေ့လာသူတိုင်း သဘောပေါက်ကြမည်သာ ဖြစ်ပါသည်။
ရေခဲခေတ် (စတုတ္ထကပ်) ၌ ရေခဲ နှင်းခဲ ပိတ်၍ အာရှတိုက် အလယ်ပိုင်း၌ သောင်တင်နေခဲ့သော မွန်ဂိုလွိုက် အကြွင်းအကျန်များလားဟုစဉ်းစားကြည့်လျှင်လည်း ထို နှင်းခဲခေတ် မွန်ဂို အသားဝါများသည် ကျောက်ခေတ်ဦးထက်စောပြီး လူဟူ၍ ပေါ်လာခဲ့သော လူသားများဖြစ်ကြရာ လူရိုင်းများသာ ဖြစ်ကြသည်။ ကရင်လူမျိုးများသည် ထို မွန်ဂို အကြွင်းအကျန်မှ သော်လည်းကောင်း၊ တနေရာရာတွင်ရောက်ရှိနေသော အသားဝါ အနွယ်စု တစုစုမှ သော်လည်းကောင်း ပွားလာရမည်ဟု ယူဆစရာ ရှိပါသည်။ ထိုသို့ မဟုတ်ပါကလည်းနှစ်ကြာညောင်း၍ အာရှအလယ်ပိုင်းတွင် တနေရာမှ တနေရာသို့ ရွေ့လျားသွားလာသော မွန်ဂိုများသည် ယဉ်ကျေးလာကြသည်ဟုပြောရန်မှာလည်း အတည်တကျ နေထိုင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ကာ အခြားယဉ်ကျေးသော သူများနှင့် ထိတွေ့ဆက်ဆံမှု မရှိဘဲနှင့်တောင်ထိပ်တွင် လည်းကောင်း၊ မြက်ခင်းပြင်တွင် လည်းကောင်း ယဉ်ကျေးလာရန်မှာ ခက်ခဲလှပါသည်။
ယဉ်ကျေးမှု တိုးတက်လာခြင်း၏ အကြောင်းရင်းမှာ လူတို့သည် အတည်တကျ နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးလုပ်ကာ ပတ်ဝန်းကျင်လူမျိုးပေါင်းစုံနှင့် တွေ့ထိဆက်ဆံပြီးနောက်ပိုင်း တဖြည်းဖြည်းမှသာ ယဉ်ကျေးလာကြသည်သာ ဖြစ်ရပေသည်။
သို့ဖြစ်၍ ကျန်ရှိသော မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသ (၀ါ) ရှိနားလွင်ပြင် (၀ါ) မက်ဆိုပိုတေးမီးယားဒေသ ကိုသာ လေ့လာရန် ရှိပါသည်။မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသ၏ ထူးခြားချက်မှာ သမိုင်းသုတေသီနှင့် ပညာရှင်အများက လူမျိုးပေါင်းစုံတို့၏ ယဉ်ကျေးမှု စတင်ရာဒေသ Cradle of Civilization နှင့် လူမျိုးပေါင်းစုံတို့၏ မြေပုံ Dust heap of the nations ဟု အသိအမှတ်ပြု ထားသောကြောင့် ဖြစ်သည်။ (Lands and peoples vol III, The grower society) page 217, In the garden of Eden, Mesopotamia, … has been called the Cradle of cilivation "because here the humen race is thought to have had its beginning and it has also been formed the dust heap of the nations" because the ruins of mighty empires or ancient times are buried under its sunbaked soil.)

ကမ္ဘာဦးကျမ်းတွင်လည်း လူကိုစတင်ရာ "ဧဒင်ဥယျာဉ်" ဆိုသည်မှာလည်း ဤဒေသကို ဖော်ညွှန်းလျှက် ရှိသည်။
အထက်တနေရာတွင် ဖော်ပြထားသကဲ့သို့ ဆီးမိုက်၊ ဟန်းမိုက်၊ အာရိယန် စသည့် အသားဖြူ လူမျိုးတို့သည် ဤဒေသနှင့် ဤပတ်ဝန်းကျင်တွင်ပင် ပေါ်ပေါက်လာခဲ့သည်။ ထိုနည်းတူ အတည်တကျ နေထိုင်ပြီး စိုက်ပျိုးမွေးမြူရေးကို လုပ်ကိုင်ကြသောယဉ်ကျေးသည့် မွန်ဂို အသားဝါ လူမျိုးနွယ်များကိုလည်း ဤဒေသတွင်ပင် တွေ့ရသည်။ (Pratical knowledge for all by Sir John Hammerton, page 67, The begeinning of history, 1st column, While on the lower Euphreates there are another group
doscribed as Mongolian.)

ထူးခြားသည်မှာ ဤမွန်ဂို လူမျိုးများသည် ယူဖရေးတီးမြစ်၏ အောက်မြစ်ဝပိုင်း (Lower euperates) တွင် အခြေချခြင်း ဖြစ်သည်။မြစ်ညှာပိုင်းနှင့် မြစ်ဝပိုင်းကို နှိုင်းယှဉ်ကြည့်ပါက မြစ်ဝပိုင်းသည် နှုန်းမြေများရှိ၍ မြေသြဇာ ကောင်းသဖြင့် စိုက်ပျိုးမွေးမြူရေး ပို၍အောင်မြင်မည်သာ ဖြစ်သည်။ မြေသြဇာ ကောင်းသော နေရာကို နေရာယူထားခြင်းသည် အခြားသူများထက် စောစွာရောက်ရှိခြင်း (သို့) အခြားသူများထက် အင်အားကောင်းခြင်းဟု အဓိပ္ပါယ် ယူရန်ရှိသည်။ ထိုနေရာတွင် အခြေချသော မွန်ဂို အသားဝါများသည် မလွဲမသွေယဉ်ကျေးလာရမည်သာ ဖြစ်သည်။
ရှေးရှေးအခါက အာရှအလယ်ပိုင်း စတက် (Steppeg) မြက်ခင်းကျယ် တပြင်တခွင်တွင် သွားလာနေထိုင်သော မွန်ဂိုအနွယ်သည် မြစ်နှစ်မွှာမြစ်ဝှမ်းဒေသသို့ ယဉ်ကျေးလာ၍ ရောက်လာခြင်း မဟုတ်ဘဲ ရောက်လာပြီးမှ ယဉ်ကျေးသူများ ဖြစ်နိုင်ပါသည်။ တိရိစ္ဆာန်များကို အာရှတိုက်အလယ်ပိုင်းတွင် မွေးမြူခဲ့ကြမည် ဖြစ်သော်လည်း အတည်တကျ မနေခဲ့သဖြင့် စိုက်ပျိုးရေးလည်း လုပ်နိုင်ခဲ့မည် မဟုတ်ပေ။ ယခုမူယူဖရေးတီး၏ မြစ်ဝပိုင်း မြေသြဇာ အကောင်းဆုံး နေရာသို့ ရောက်ရှိလာပြီးဖြစ်၍ ယဉ်ကျေးမှုသည်လည်း တိုးတက်လာရမည်မှာ ဓမ္မတာပင်ဖြစ်သည်။

မွန်ဂို လူမျိုးတွင် မျိုးနွယ်စုများကို လေ့လာသောအခါ …
၁။ တာတာ (Tartar)
၂။ နေမဲန် (Naimans)
၃။ ခါဂစ် (Kirghiz)
၎။ ၀ီဂူးဝါး (Uighurs)
၅။ ဟန်း (Huns)
၆။ ကစ်ပ်ကက် (Kipchaks)
၇။ ကရေ (Karaits) စသဖြင့် သိရသည်။
ဤမွန်ဂိုအနွယ်များထဲတွင် ကရင်၏ အမည်နှင့်တူသော ကရေ (Karaits) ဖြစ်ပါသည်။ ကရင်သည် မွန်ဂို အနွယ်ဝင် ဖြစ်သည်။ ထို့ပြင် ကရင်သည် မျိုးနွယ်စုကြီး တစု ဖြစ်ကြောင်းကို အရှေ့တောင် အာရှတွင်ရှိသော နိုင်ငံများ၌ ပျံ့နေသော ကရင်လူမျိုးများနှင့် လူဦးရေကိုကြည့်ခြင်းဖြင့် သိနိုင်သည်။ ကရင်လူမျိုးသည် လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း စသော နိုင်ငံများ၌ အများအပြား ရှိကြသည်။
ကရင်သည် မြန်မာနိုင်ငံ အတွင်း၌လည်း လူနည်းစု မဟုတ်ဘဲ လူများစု ဖြစ်ပါသည်။ လူနည်းစုဟု သတ်မှတ်ခံရခြင်းမှာ ကရင်မျိုးနွယ်ခွဲများ
ဥပမာ - ပဒေါင်၊ ကရင်နီ၊ ပအိုဝ့်၊ ယင်းဖြူ၊ ယင်းနက်၊ ယင်းကြား၊ လားဟူ စသည့် ကရင်မျိုးနွယ်ခွဲများကို ထည့်မပေါင်းဘဲ ခွဲထားသောကြောင့် နည်းနေရခြင်း ဖြစ်ပါသည်။

မွန်ဂို အနွယ်များကို တနွယ်စီ လေ့လာပါက …
၁။ တာတာ သည် ဂျင်ဂစ်ခန်၊ ကူဗလိုင်ခန်နှင့် နောက်လိုက်နောက်ပါများ ဖြစ်ကြပြီး ယခု တရုတ်ပြည်မတွင် တရုတ်လူမျိုးများနှင့်ရောနှောသွားသည်။
၂။ နေမဲန် သည် အာရှ အလယ်ပိုင်း၌ ရှိသည်။ (History of the world by Weech, 2nd edition, page 285)
၃။ ခါဂစ် သည် ဆိုဗီယက် ပြည်ထောင်စု တာကစ်စတန်နယ်တွင် ရှိသည်။ (Lands and peoples, vol 3, page 169)
၎။ ၀ီဂူးဝါး သည် တရုတ်ပြည် တိအန်ရှန် တောင်တန်း ၀န်းကျင်တွင် ရှိသည်။ (China pictorial 4/1985, page 12)
၅။ ဟန်း သည် ယခု ဟန်ဂေရီ နိုင်ငံ၌ နေထိုင်လျှက် ရှိသည်။ (မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၄၊ က ၄၉ - ၅၁ - ၆၅)
၆။ ကစ်ပ်ကက် သည် ဆိုဗီယက် ပြည်ထောင်စု ကော့ကေးရှ တောင်တန်းနှင့် ကပ်စပီယံ ပင်လယ်ဝန်းကျင်တွင် ပျံ့နှံ့နေသည်ဟုယူဆရသည်။ (History of the world by Weech, 2nd edition, page 286)
၇။ ကရေ။ မာကိုပိုလို ခရီးသွားမှတ်တမ်း (The travels of Marcopolo, edited by Thomas Wright, MA. FRS.) (ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်) အခန်း ၃၉ - တ - ၂၃၄ တွင် ကရင်လူမျိုးများသည် ယူနန်နယ်၌ နေထိုင်ကြောင်း၊ နယ်ကြီး ၇ နယ်ခွဲ၍ အုပ်ချုပ်ရကြောင်း၊မြို့တော်မှာ ယာချိ (Yachi) ဖြစ်ကြောင်း၊ ကရင်၏ အမည်ကိုလည်း ကရေရင် (Karaian - Karaianer) ဟု ရေးသားထားသည်ကို
တွေ့ရသည်။ Judson of Burma by Professor B.R. Fearn စာ ၇၉ တွင်လည်း ကရင်၏ အမည်ကို ကရေရင် ဟု ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။ ၎င်းပြင် Professor Fearn ကဲ့သို့ လည်းကောင်း၊ မာကိုပိုလို မှတ်တမ်းကဲ့သို့ လည်းကောင်း၊ မြန်မာနိုင်ငံနှင့်ယိုးဒယားနိုင်ငံများရှိ ကရင်များကို သီအိုဒို စတင်း (Theodore Stern) က ကရေရန်နယ် (Carianners) ဟု ဖော်ပြထားသည် (Pwo Karen by James W. Hamilton, VII)။

ထို့ကြောင့် မွန်ဂို အနွယ်မှ ကရေ သည် အာရှ အရှေ့ တောင်ပိုင်းသို့ ပျံ့နှံ့ဝင်ရောက်လာသော ကရင် Karen များသာ ဖြစ်နိုင်သည်။ ၎င်းပြင် ကရေ မှ ကရင် သို့ အသံလှယ်သွားခြင်းသည် မထူးဆန်းသော ကိစ္စသာ ဖြစ်သည်။ ဥပမာအားဖြင့် ပျူဂါမ ခေါ် ပျူရွာသည် ယခုအခါ ပုဂံသို့ ပြောင်းလဲသွားခဲ့သည် (အခြေပြု မြန်မာ့ နိုင်ငံရေးသမိုင်း၊ တွဲ (၁)၊ စာ ၁၈၄၊ ဒို့ကျောင်းသား (အထူး) ၁၉၈၃ ခု၊ ဇန်န၀ါရီလ၊ စာ ၂၃၊ Jers
– Vol VIII, part 1, Oct, 1975, p 59)။
ကရင်သည် အာရှအရှေ့တောင်သို့ ရောက်ရှိမလာမီ မည်သည့်အရပ်က လာခဲ့သည့် နောက်ကြောင်းကို ပြန်လေ့လာရမည် ဖြစ်သည်။
အာရှ အလယ်ပိုင်း၊ တရုတ်ပြည် အနောက်ဘက်နှင့် အနောက်တောင်ဘက်မှ လူရေစီးကြောင်းသဖွယ် တရွေ့ရွေ့ ပြောင်းလာသည်မှာထင်ရှားပါသည်။ ယနေ့တိုင် ယူနန်နယ်နှင့် တရုတ်ပြည် အနောက်တောင်ပိုင်း၌ မြောင်၊ လားဟူ စသော ကရင်မျိုးနွယ်စု အများအပြားရှိကြသေးသည်။

အာရှတိုက် အလယ်ပိုင်း၌ ကရင်အခေါ်အဝေါ်နှင့် တွေ့ရသော အင်းအိုင်များလည်း ရှိသည်။ ၎င်းတို့မှာ -
၁။ အီစီနို (Issyk Nor) E.Long 77˚ N.Lat 43˚
၂။ လော့ပ်နို (Lop Nor) E.Long 90˚ N.Lat 41˚
၃။ ဒါလေနို (Dalai Nor) E.Long 117˚30 N.Lat 47˚15
၎။ ကိုကိုနို (Koko Nor) E.Long 100˚ N.Lat 37˚
၅။ ခါရင်နို (Charing Nor) E.Long 97˚ N.Lat 34˚45
၆။ အိုရင်းနို (Oring Nor) E.Long 97˚30 N.Lat 34˚45
၇။ ဇေလင်းနို (Zilling Nor) E.Long 89˚ N.Lat 31˚45
၈။ တန်ကရဲနို (Tengri Nor) E.Long 90˚30 N.Lat 30˚45
စသည် စသည်ဖြင့် အများအပြား ရှိပါသည်။ သို့သော် ယခုအခါ ထိုအမည် အများအပြားသည် ပြောင်းလဲ သွားကြပြီး ဖြစ်ပါသည်။
ထူးခြားသည့် အချက် တခုမှာ ကရင်များ၌ မိဘဘိုးဘွား အစဉ်အဆက် ပြောကြသော "ထီးဆဲ့မဲ့ယွာ" (River of punning sand) ဖြစ်သည်။ ထီးဆဲ့မဲ့ယွာ ဆိုသည်မှာ ရေစီးဆင်းရာတွင် သဲများပါ ရော၍ စီးနေသော နေရာဒေသကို ရည်ရွယ်ပြောခြင်း ဖြစ်သည်။ ဤစကားအရ ကရင် ဘိုးဘေးများသည် အာရှ အရှေ့တောင်သို့ တရွေ့ရွေ့ ပြောင်းရွှေ့လာရာ၌ သဲနှင့် ရေ ရော၍ စီးဆင်းသော ထူးထူးခြားခြားရှိသည့် နေရာကိုဖြတ်ကျော်လာရကြောင်း ဖော်ညွှန်းလျှက်ရှိသည်။
သို့ဖြစ်၍ အာရှတိုက် ကုန်းတွင်းပိုင်း ထိုနေရာကို အမျိုးမျိုး ရှာဖွေကြည့်ရာ ယခု အီရန်နှင့် အာဖဂန်နစ္စတန် နိုင်ငံ၏ မြောက်ဘက်၊ ဆိုဗီယက်ပြည်ထောင်စုတွင် ပါဝင်သော တာကစ္စတန် (Turkestan) နယ် (ယခု သီးခြားနိုင်ငံ) တွင် ၎င်း ထီးဆဲ့မဲ့ယွာ အမည်နှင့် ကိုက်ညီသော နေရာထင်ထင်ရှားရှားရှိကြောင်း သိရပါသည်။ (See. Lands and Peoples. Vol III, p163- "A Glimpse of Turkestan" In this strange land of Turkeston, The surface of the earth is constanl changing, rivers are shifting their courses or wandering off to beswallowed up by the desert courses or wandering off to be swallowed up by the desert sands.)

အချို့က ထီးဆဲ့မဲ့ယွာကို မြစ်ဝါမြစ်ဟု ယူဆကြသည်။ မြစ်ဝါမြစ်သည် 'လိုးအက်စ်' ဒေသများကို ဖြတ်ကျော်လာရသဖြင့် ရေ၏အရောင်မှာ အ၀ါရောင် ပေါက်လာခြင်းဖြစ်သည်။ ယခု ကရင် ဘိုးဘေးများ ပြောသော "သဲစီးဆင်းသောမြစ်" "သဲစီးဆင်းသောချောင်း" ဆိုသည်မှာ ၎င်းတို့ ဖြတ်သန်း ကျော်လွှားရာ၌ အလွန်အန္တရာယ် ရှိပုံရပြီး အလွန်ခက်ခဲပုံ ရပါသည်။ သို့ဖြစ်၍လည်း ၎င်းဒေသကို မမေ့နိုင်ဘဲ သားစဉ်မြေးဆက် ပြောဆိုလာကြခြင်း ဖြစ်နိုင်ပါသည်။
မြစ်ဝါမြစ် ခေါ် ဟွမ်ဟိုမြစ်သည် လှေ၊ သမ္ဗာန်ဖြင့် ကူး၍ လွယ်ကူသော နေရာ ဖြစ်သဖြင့် ထိုဒေသဖြစ်ရန် ခဲယဉ်းပါသည်။ ဖြစ်နိုင်သည်ကမြစ်ဖျားခံရာအရပ် ဖြစ်သည်။ သို့သော် မှတ်တမ်းမှတ်ရာအရ တာကစ္စတန် နိုင်ငံတွင် အချို့နေရာ၌ မြစ်ထဲတွင် သဲများ စီးဆင်းရုံမျှသာမက သဲကန္တာရထဲပင် မြစ်များမြုပ်ဝင်သွားကြသည်ဟု သိရပါသည်။ ထိုမြုပ်ဝင်သွားသော မြစ်များ၊ ချောင်းများသည် တနေရာရာတွင် ပြန်၍ပေါ်လာမည်ဖြစ်ပြီး ထိုပေါ်လာသော မြစ်ချောင်းသည် သဲနှင့်ရေ ရောလျှက် သဲစီးသော မြစ်ချောင်းသဏ္ဌာန် ဖြစ်လာပေလိမ့်မည်။
ဤအချက်အရ ကရင် ရှေးရှေးဘိုးဘေးများသည် တာကစ္စတန် ဒေသကို ဖြတ်ကျော်လာရမည်ဟု ယူဆရန် ရှိပါသည်။တဖန် ဆက်လက်၍ လေ့လာပါက စိုက်မရ ပျိုးမရနိုင်သော သဲစီးသော မြစ်ဝှမ်းတွင် ယဉ်ကျေးမှု စတင်နိုင်စရာလည်း မဖြစ်နိုင်ပါ။ကရင်လူမျိုးသည် ယခုလက်ရှိ အခြေချရာ ဒေသသို့ ရောက်ရှိစအခါက စိုက်ပျိုးရေး မွေးမြူရေးကို လုပ်ကိုင်နေထိုင်ကြသည်သာမက အုပ်ချုပ်သူ မင်းနှင့် စော်ဘွား (စကော) နှင့် ရှိနေသည်ကို ထောက်ရှုခြင်းဖြင့် အုပ်ချုပ်ပုံစနစ်နှင့် စိုက်ပျိုးမွေးမြူသည့် အတတ်တို့ကို တနေရာရာမှ တတ်သိနားလည်လာသည်ဟု ယူဆရပေသည်။ ထိုပညာရပ်များအား ကရင်များ နည်းယူရရှိခဲ့သော နေရာကို ဆက်၍စူးစမ်းရပေမည်။
အထက်တွင် ဖော်ပြထားသည့်အတိုင်း ကရင်တို့သည် တာကစ္စတန်နယ်၏ အနောက်တောင်ဘက် အီရန်နိုင်ငံ (ယခင်အခေါ် ပါရှားနိုင်ငံ)အနောက်မြောက်ဘက်ကို ဖြတ်ကျော်လိုက်ပါက မြစ်ဝှမ်းယဉ်ကျေးမှု ထွန်းကားသော "မြစ်နှစ်မွှာ" မြစ်ဝှမ်းဒေသကို ရောက်ပေမည်။
လမ်းပန်း ဆက်သွယ်ရေးအရ လွယ်ကူသော နေရာ ဖြစ်စရာ ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ပိုးကုန်သည် လမ်းကြောင်း (Silk road)နှင့် မာကိုပိုလို တရုတ်ပြည်သို့ သွားရာလမ်းသည် ဤဒေသများမှ ဖြတ်သန်းသွားသည်ကို ထောက်ရှုခြင်းဖြင့် သိနိုင်ပေသည်။
သို့ဖြစ်၍ ကရင်လူမျိုးများ ထိုမြစ်ဝှမ်းဒေသတွင် အခြေချ နေထိုင်စရာ ရှိသည်ဟု ယူဆစရာ ရှိသည်။ ကရင်လူမျိုးများ၏ အစဉ်အလာယဉ်ကျေးမှု အသုံးအနှုန်းများနှင့် အသုံးအဆောင် အချို့သည် မြစ်နှစ်မွှာ မြစ်ဝှမ်းတွင် အင်ပါယာ ထူထောင် အုပ်ချုပ်ခဲ့သော ဆီးမိုက်များနှင့်
သော်လည်းကောင်း၊ ဆီးမိုက်အနွယ် ဟီဘရူး ခေါ် ဟေဗြဲ တို့၏ အစဉ်အလာ အသုံးအဆောင်များနှင့် တူကြသည်ကို တွေ့ရသည်။
ဥပမာအားဖြင့် 'စကော' (မြန်မာအခေါ် 'စော်ကဲ') သည် အကြီးအကဲ ခေါင်းဆောင် စော်ဘွားဟု အဓိပ္ပါယ်ရသည်။ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု "ကရင်" စာအုပ်တွင် စော်ကဲသည် ၁၁၅၀ ခန့်ကို အုပ်ချုပ်ရသည်ဟု ဆို၏။ ကရင်များက မိမိ အကြီးအကဲကိုခေါ်သော'စကော' သည် မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသတွင် အင်ပါယာနိုင်ငံ ထူထောင်၍ အုပ်ချုပ်ခဲ့သော ဆီးမိုက်ခေါင်းဆောင် 'ဆာဂွန်' နှင့် အခေါ်အဝေါ်တူပါသည်။ မြန်မာ့ သမိုင်းမှာ "မင်းကြီးစွာစော်ကဲ ဘယ်သူလဲ" သိလိုသော ကရင်လူငယ်များ "မှန်နန်းရာဇ၀င်" ကို အခေါက်ခေါက် အခါခါ
ဖတ်၍ လေ့လာနိုင်ပါသည်။ (History of the World by Leech, p56 "Sargon Empire" Propably about 275089, a Semitie chieftain called Sargon ruled in Akkad, and he was a truly great soldier.)

ကရင်လူမျိုးတို့ အမြတ်တနိုး ၀တ်ဆင်ကြသော ကရင်အင်္ကျီ (သင်တိုင်း) သည် ရှေးရှေးအခါက ဆီးမိုက်အနွယ်ဝင် ယုဒလူမျိုး၊ ဣသရေလလူမျိုးတို့၏ သင်တိုင်းနှင့် တူသည်။
ကရင်လူမျိုးတို့၏ ယဉ်ကျေးမှု အသုံးအဆောင် တခုဖြစ်သော ကျွဲချိုသည် ဣသရေလ၊ ယုဒတို့၏ ကျွဲချိုနှင့် တူသည်။ကရင်လူမျိုးတို့က မိမိတို့ ကိုးကွယ်သော တန်ခိုးရှင်၊ ဘုရားကို ယွာ (Ywah) ဟု ခေါ်သည်။ ဆီးမိုက်အနွယ်ဝင် ဣသရေလ ဟီဘရူးတို့က ဘုရားကို ယာဝယ် (Yahweh) ဟု ခေါ်သဖြင့် အလွန် ဆင်တူသည်။ (A star in the east by Rev. Edward Norman Haris p.30, The Karen name for God, Y'wah is very like Yahweh … Ancient Hebrew pronunciation of the scored name Jehovah.)

ကရင်များ အော်ဘွာ (နတ်စားခြင်း) သည် ဆီးမိုက်အနွယ်ဝင် ဣသရေလ၊ ယုဒနှင့် ဟီဘရူးတို့၏ ပဿခါပွဲတော် (Passover) နှင့် ဆင်တူသည်။ (A star in the east by Rev. Edward Norman Haris p.31, The Karen know nothing of circumcisin, but they have certain customs which remind one of some of the mosaic Institution, notably the Passover.)

ကရင်များသည် ရှေးအခါက ယေရှုခရစ် ဆိုသည်ကို ကြားလည်း မကြားဘူးပါ။ ကိုးလည်း မကိုးကွယ်ပါ။ ယွာ (Y'wah) ကိုသာ ကိုးကွယ်သည်။အော်ဘွာ ပြုလုပ်ခြင်းသည် ဘုရားကို ယဇ်ပူဇော်ခြင်းသာ ဖြစ်သည်။ ဂေါတမ ဗုဒ္ဓကိုလည်း မကိုးကွယ်ခဲ့ပါ။ မြန်မာနိုင်ငံသို့ ရောက်လာပြီးမှသာ ဗုဒ္ဓဘာသာဝင်များ၊ ခရစ်ယာန် ဘာသာဝင်များ ဟူ၍ ဖြစ်လာခြင်းသာ ဖြစ်သည်။ ကရင်ကိုးကွယ်သော ရှေးဘုရားမှာ ယွာ (Y'wah) သာလျှင်ဖြစ်သည်။ ယခု ဗုဒ္ဓဘာသာဝင် ကရင်များ အော်ဘွာ နတ်စားခြင်းသည် ရှေးအစဉ်အလာအတိုင်း ပြုလုပ်ခြင်း ဖြစ်သည်။
ကာလကြာလာခြင်းကြောင့် အနည်းငယ် ပြောင်းလဲမှု ရှိခြင်းသည် ဓမ္မတာပင် ဖြစ်သည်။ အတိုချုပ် ပြောရမည်ဆိုပါက ယဉ်ကျေးလာပြီဟု ယူဆရမည်ဖြစ်သော မွန်ဂိုအနွယ်ဝင် ကရင်ဘိုးဘေးများသည် ဤလူမျိုးပေါင်းစုံတို့၏ ယဉ်ကျေးမှု စတင်ရာ (Cradle of civilization) မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသတွင် အခြေချ နေထိုင်ခဲ့သည်ဟု ယူဆနိုင်ပေသည်။
ယနေ့ အရှေ့တောင်အာရှတွင် အနှံ့နေထိုင်ကြသော ကရင်များသည် အလွန်ဝေးလံလှသော မက်ဆိုပိုတေးမီးယား ဒေသမှ လူမျိုးများနှင့်အရေးကြီးသော အကြောင်းအရာများ တူညီနေခြင်းသည် ထူးခြားချက်ပင် ဖြစ်သည်။ အတူတကွ သော်လည်းကောင်း၊ နီးနီးကပ်ကပ်သော်လည်းကောင်း နေထိုင်ခဲ့ကြရမည်ဟု ယူဆရပေသည်။ ၎င်းပြင် မက်ဆိုပိုတေးမီးယား ဒေသ၌ ဆူးမားရီးယန်းတို့၏ အုတ်ဖုတ်ခြင်း၊မြို့တည်ခြင်းကိုလည်း ကရင်များ နားလည် နည်းယူခဲ့သည်ဟု ယူဆနိုင်သေးသည်။မက်ဆိုပိုတေးမီးယား ဒေသသည် မြေသြဇာ အလွန်ကောင်းသော ဒေသ ဖြစ်သည်။ စပါးတတင်း မျိုးချလျှင် တင်း ၁၀၀ ထွက်သည်ဟုအဆိုရှိပါသည်။ (ဦးတင်မောင် ရေးသည့် ရှေးခေတ်ဟောင်း ကမ္ဘာ့သမိုင်း ပထမတွဲ၊ စာ- ၈၇၊ စာကြောင်းရေ ၁၁)
ဤမျှ မြေသြဇာကောင်းသော ဒေသကို မွန်ဂိုအနွယ်ဝင် ကရင်များသည် အဘယ်ကြောင့် စွန့်ပစ်၍ တောအထပ်ထပ်၊ တောင်အထပ်ထပ်၊ သဲစီးဆင်သော အန္တရာယ်ရှိသည့် မြစ်များကို ကျော်ဖြတ်လျှက် အရှေ့တောင် အာရှ ဒေသသို့ ပြောင်းရွှေ့လာကြရပါသနည်း။ စိတ်ဝင်စားဖွယ်ရာ အချက်တခုပင် ဖြစ်သည်။
မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသ (သို့) မက်ဆိုပိုတေးမီးယား ဒေသ (သို့) ရှိနလွင်ပြင် ဒေသသည် မြေသြဇာ အလွန်ကောင်းသော ဒေသ ဖြစ်သည်(Pertile cresent)။ ထိုသို့ မြေသြဇာ ကောင်းသော ဒေသကို လူမျိုးများ တမျိုးပြီး တမျိုး၊ တသုတ်ပြီး တသုတ် ၀င်ရောက်လာကြပြီး ရှိနှင့်သော လူမျိုးများကို တိုက်ခိုက် အနိုင်ယူကာ အခြေချ နေထိုင်ခဲ့ကြသည်။ ရှုံးနိမ့်သော သူများအနက် အချို့မှာ ရှောင်ခွာသွားကြပြီး အချို့မှာ လက်အောက်ခံ ဘ၀ဖြင့် ရောနှော နေထိုင်သွားကြသည်။
ဥပမာ ဘီစီ ၅၀၀၀ ခန့်က မက်ဆိုပိုတေးမီးယား အောက်ပိုင်းတွင် ဆူးမားရီးယန်း လူမျိုးများ အခြေချ နေထိုင်ကြသည်။ အထက်ပိုင်း၌အကားဒီးယန်းများ နေထိုင်ကြသည်။ အတန်ကြာသော် အာရေးဘီးယား သဲကန္တာရဘက်မှ ဆီးမိုက်များ ၀င်ရောက်တိုက်ခိုက်ပြီး အကာဒီးယန်းဒေသကို သိမ်းပိုက်လိုက်သည်။ နောက်တဖန် အောက်ပိုင်းဒေသတွင်ရှိသော ဆူးမားရီးယန်းကိုလည်း တိုက်ခိုက်သိမ်းပိုက်ပြီး ဆူးမားအက္က နိုင်ငံ နှစ်ခုပေါင်း အုပ်ချုပ်ခဲ့သည်။ ၎င်းတို့၏ ဘုရင် ဆာဂွန်သည် အလွန်တန်ခိုးကြီးသည့် အင်ပါယာနိုင်ငံကိုထူထောင်ခဲ့သည်။
တခါတရံ ဆီးမိုက်ဘုရင်ငယ်များ အချင်းချင်းလည်း တိုက်ခိုက်ကြသည်။ အာမိုရိုက် လူမျိုး၊ ဟစ်တိုက်ဟူရယန်၊ ကဆိုကများ၊ ပါရှန်းများ၊ မိဒိများ၊ အီလာမိုက်၊ ဟစ်ဆော့၊ အဆီးရီးယန်း၊ အာရိယန် စသည့် လူမျိုးများသည် တဦးနှင့်တဦး တိုက်ခိုက်ကြသောကြောင့် မက်ဆိုပိုတေးမီးယား ဒေသသည် စစ်တလင်းဖြစ်လိုက်၊ အေးဆေးသောအခါ တိုးတက်လိုက်နှင့် လူမျိုးပေါင်းစုံတို့၏ ယဉ်ကျေးမှုထွန်းကားရာ ဒေသ ဖြစ်လာတော့သည်။ ထိုသို့ မကြာခဏ ဆိုသလို စစ်ပွဲ ဖြစ်နေ၍ ငြိမ်းချမ်းစွာ နေလိုသော ကရင်များသည် ထိုဒေသမှ ထွက်ခွာကြခြင်း ဖြစ်ဟန်တူပေသည်။

ကရင်လူမျိုးများ ထွက်ခွာလာခြင်း
ကရင်လူမျိုးများ မက်ဆိုပိုတေးမီးယား ဒေသမှ ထွက်ခွာလာကြခြင်းနှင့် ပတ်သက်၍ မည်သည့် အချိန်က ထွက်ခွာလာသည်ကို အတိအကျ ပြောရန် ခဲယဉ်းပေသည်။ သို့သော် ဆာဂွန်ဘုရင်သည် ဘီစီ ၂၇၅၀ ခန့်တွင် မက်ဆိုပိုတေးမီးယားတွင် အုပ်ချုပ်မင်းလုပ်နေပြီ ဖြစ်၍ဆာဂွန်ဘုရင် လက်ထက်အထိ ကရင်များ ရှိခဲ့မည်ဟု ခန့်မှန်းရသည်။ အဘယ်ကြောင့်ဆိုသော် စကော ဟူသော အကြီးအကဲ ခေါင်းဆောင် အခေါ်အဝေါ်ကို ဆာဂွန် အမည်မှတဆင့် ကရင်များ ရခဲ့ပုံပေါ်သည်။ ဖြစ်နိုင်သည်မှာ ဘီစီ ၂၅၀၀ ခန့်လောက်တွင် ထွက်ခွာလာကြသည်ဟု ခန့်မှန်းယူဆလျှင် သင့်တော်ပေလိမ့်မည်။
တဖန် မည်သည့်လမ်းကလာ၍ မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှ ဒေသသို့ မည်သည့်အချိန်က ၀င်ရောက်လာကြသနည်းဟူသောအမေးကို စဉ်းစားကြပါစို့။ ရှေ့ပိုင်းတွင် ဖော်ပြထားသကဲ့သို့ အာရှအလယ်ပိုင်း တပြင်တခွင်တွင် ကရင်အမည်နှင့် မှည့်ခေါ်ခဲ့သော
အင်းအိုင်များကို ကြည့်ခြင်းဖြင့် ကရင်လူမျိုးများသည် မြစ်နှစ်မွှာ ဒေသမှ အရှေ့ဘက်သို့ ထွက်ခွာလာကြသည်ဟု ယူဆရသည်။အများအားဖြင့် ရှေးလူမျိုးများ ရွေ့ရှားပုံကို လေ့လာပါက သွားလာရေး လွယ်ကူသော မြစ်ကြောင်းဖြင့်သာ စုန်လိုက် ဆန်လိုက်ပြောင်းရွှေ့ကြသည်ဟု ယူဆနိုင်ပါသည်။
ထို့ကြောင့် ရှိနလွင်ပြင် အောက်ပိုင်းမှ ယူဖရေးတီး၊ တိုက်ဂရစ် မြစ်ကို ဆန်ပြီး ကော့ကေးဆပ် (Caucasus) တောင်တန်းဘက်သို့ ရွေ့သွားပုံရသည်။ ကရင်လူမျိုးများ ကော့ကေးဆပ် တောင်တန်းတွင် နေထိုင်ခဲ့ကြောင်းနှင့် ကော့ကေးဆပ် တောင်တန်းသားဟု အဆိုပြုမှု ရှိခဲ့ပါသည်။ (The loyal Karen of Burma by D.M. Smeton. M.A. 1920, p77, The Karen are small in Nature … and the features of those of pure blood are caucasian intype.)

၎င်းပြင် မြစ်ကြောင်းသည်လည်း ကော့ကေးဆပ် တောင်တန်းမှ မြစ်ဖျားခံသောကြောင့် ဖြစ်သည်။ သတိပြုရမည်မှာ ကရင်လူမျိုးများ ပြောင်းရွှေ့သွားခြင်းသည် တရွေ့ရွေ့နှင့် ပြောင်းရွှေ့သွားခြင်းမျိုး ဖြစ်မည်။ မြစ်ဖျားခံရာ ကော့ကေးဆပ် တောင်တန်းသို့ ရောက်သောအခါ ၎င်းတောင်တန်း၌ ရေခဲမြစ်များ၊ ကျောက်နံရံများ စသည့် အခက်အခဲများ ရှိသဖြင့်ရှေ့သို့ ဆက်မသွားနိုင်တော့ပုံရသည်။
မြန်မာ့စွယ်စုံကျမ်း (အတွဲ ၁၊ စာ ၂၄၈) ၌ ကော့ကေးရှားနယ်ရှိ တောင်တန်းများသည် အချို့နေရာ၌ မိုင်ဝက်ခန့်သာ မြင့်သည်။ ကျောက်နံရံကြီးသဖွယ် ဖြစ်နေပြီးသော် အချို့တောင်ထိပ်များမှာ ပေ ၁၆၀၀၀ ကျော်မြင့်သည်။ အမြင့်ဆုံး တောင်ထိပ်မှာ ပေ ၁၈၄၈၁ မြင့်သော အဲလ်ဗရူး တောင်ထိပ်ဖြစ်သည်။ ယင်းမှာ ဥရောပ တောင်များအနက် အမြင့်ဆုံးဖြစ်သည်။ တောင်ကြားများတွင် ရေခဲမြစ်ပေါင်း ၉၀၀ ကျော်ရှိသည်ဟု ဖော်ပြထားသည်။ ၎င်းအခက်အခဲများကြောင့် ကရင်များသည် ကော့ကေးဆပ်တောင်တန်းကို မကျော်နိုင်တော့ဘဲ အရှေ့ဘက်သို့ ထွက်ခွာလာသည်ဟု ယူဆရသည်။ ထိုမှတဆင့် ထီးဆဲ့မဲ့ယွာ ရှိသည်ဟု ယူဆရသော တာကစ္စတန်နယ်ကို ဖြတ်ပြီး ကမ္ဘာ့အမိုး "ပါမီယာ" (Pamirs)တောင်၏ မြောက်ဘက်ဝန်းကျင်မှ ဖြတ်ကာ တရုတ်ပြည် အနောက်ဘက်နှင့် တောင်ဘက်သို့ ရောက်ရှိပြီး တိဘက်ဒေသမှ မဲခေါင်၊ သံလွင်၊ ယန်စီကျန်မြစ်ကြောင်းများအတိုင်း အရှေ့တောင် အာရှသို့ ပြောင်းရွှေ့လာကြသည်ဟု ယူဆရသည်။ ပြောင်းရွှေ့လာပုံမှာ တရွေ့ရွေ့နှင့် တသုတ်ပြီးတသုတ် လူရေစီးကြောင်းသဖွယ် ပြောင်းလာသည်ဟု ယူဆရပေမည်။
အင်းများ အိုင်များ ပတ်ဝန်းကျင် ရောက်သောအခါ နှစ်အတန်ကြာ နေကြပုံရသည်။ ထိုသို့ နေခဲံ၍သာ အင်းအိုင်များသည် ၎င်းတို့ခေါ်သောအမည်နှင့် တွင်ရစ်ခဲ့ခြင်း ဖြစ်နိုင်ပေသည်။
စိုက်ပျိုးမွေးမြူရေး ကောင်းသောနေရာ ဒေသများ၌ နှစ်အတန်ကြာ နေထိုင်ကြမည်ဖြစ်ပြီး မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင် အာရှသို့ရောက်သောအခါ ဤဒေသ၌ ကြေးခတ် ထွန်းကားသော အချိန်နှင့် တိုက်ဆိုင်မည်ဟု ခန့်မှန်းရသည်။ အဘယ်ကြောင့်ဆိုသော ကရင်လူမျိုးများ အမြတ်တနိုး တန်ဘိုးထားသော ဖားစည် (Frog drum) မှာ ကြေး၊ သတ္တုနှင့် ပြုလုပ်ထားသဖြင့် ဖားစည်သုံးသောခေတ်သည် အရှေ့တောင် အာရှ၌ ကြေးခေတ် ထွန်းကားနေပြီဟု ယူဆရသည် (ဗိုလ်မှူး ဘရှင် ရေးသည့် အနော်ရထာဘုရင်နှင့်မြန်မာနိုင်ငံ၊ ပထမနှိပ်ခြင်း၊ စာ ၆၇၊ စာကြောင်း ၉)။ ထို့ပြင် တိဘက် မြန်မာ ရှေ့ပြေးလူများ မ၀င်ရောက်မီ ကတည်းကပင် အရှေ့တောင်အာရှ၌
ကြေးသွန်းအတတ် ရှိနေပြီဟုလည်း ဆိုနိုင်ပါသည်။

အရှေ့တောင်အာရှသို့ ၀င်ရောက်လာပုံ
အထက်ဖော်ပြပါအတိုင်း မွန်ဂိုအနွယ်ဝင် ကရင်များသည် အာရှအရှေ့တောင်သို့ ကျောက်ခေတ်နှောင်း ကုန်ဆုံးပြီး ကြေးခေတ် ထွန်းကာချိန်၌ ၀င်ရောက်လာခဲ့သည်ဟု ယူဆရသည်။ ကြေးလက်နက် ပစ္စည်းများကို မြောက်ဗီယက်နမ် မြစ်နီမြစ်ဝှမ်းရှိ "ဒုံးစောင်းယဉ်ကျေးမှု" (Donsonnian culture) ၌ တွေ့ရှိသည့်အပြင် မြန်မာပြည်နှင့် ကမ်ပူးခြား (ကမ္ဘောဒီးယား) ၌လည်း တွေ့ရသည်။
မာကိုပိုလိုသည် မွန်ဂိုတာတာ စစ်တပ်နှင့် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်က ယူနန်ရှိ ကရင်များ နေထိုင်ရာ ပြည်နယ်ကြီးကို ဖြတ်ခဲ့ပြီး နယ်က ကျယ်လွန်းသဖြင့် (၇) ပိုင်းခွဲကာ အုပ်ချုပ်ရကြောင်း၊ မြို့တော်မှာ ယာချီ (Yachi) ဖြစ်ပြီး တာလီဖူ ဟုလည်း ခေါ်ကြောင်းမှတ်တမ်းတင်ခဲ့သည်။
ကရင်လူမျိုးများ မြစ်နှစ်မွှာဒေသ၊ မြေထဲပင်လယ် ဘက်မှ အရှေ့တောင်အာရှဘက်သို့ ပျံ့နှံ့လာသော အယူအဆကို အက်စ်ကေချာတာဂျီ(S.K. Chatterji) က ထောက်ခံ တင်ပြထားသည် (The history and culture of the Indian meoiib. vol. 1, p148 – 149)။
မြောက်ဘက်မှ တောင်ဘက်သို့ ရွှေ့ပြောင်းလာကြရာတွင် တရုတ်ပြည် အနောက်တောင်ဘက်ရှိ သံလွင်မြစ်၊ မဲခေါင်မြစ်၊ ယန်စီကျန်မြစ်ကြောင်းများအတိုင်း ပြောင်းရွှေ့လာပုံရသည်။ သံလွင်နှင့် မဲခေါင် မြစ်နှစ်ခု အနီးကပ်ဆုံးနေရာသည် (၁၀) မိုင်သာ ဝေးပြီး မဲခေါင်နှင့်ယန်စီကျန်မြစ် အနီးဆုံးနေရာသည် မိုင် (၅၀) ခန့်သာ ရှိသဖြင့် မနီးမဝေးရှိသော မြစ်ကြောင်း (၃) ကြောင်းမှ အာရှအရှေ့တောင်သို့ ပြောင်းရွှေ့လာပုံရပါသည်။ ယန်စီကျန် မြစ်ဝပိုင်းနှင့် မြစ်ဝှမ်းအောက်ပိုင်းသည် ရေလွှမ်းမိုးသဖြင့် ထိုဒေသသို့ ပျံ့နှံ့ရောက်ရှိသွားသော
ကရင်များသည် တောင်ဘက် ဗီယက်နမ်ရှိ မြစ်နီမြစ်ကြောင်းဖြင့်လည်း တောင်ဘက်သို့ ရွှေ့လာပုံရပါသည်။
လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က M.A.B သတင်းဌာနမှ မိတ်ဆွေတဦးသည် မြောက်ဗီယက်နမ်၊ ဟနွိုင်မြို့တော်သို့ ရောက်ရှိပြီး ဗီယက်နမ် အမျိုးသားပြတိုက်ကို ၀င်ရောက်လေ့လာရာ ၎င်းတို့၏ ယဉ်ကျေးမှု ပစ္စည်းများသည် ကရင်လူမျိုးတို့၏ ယဉ်ကျေးမှု ပစ္စည်းများနှင် အတူတူပင်ဖြစ်သည်ဟု ပြောပြ သိရှိ ခဲ့ရပါသည်။ သို့ဖြစ်ရာ ကရင်ရှေးလူကြီးများ၏ မှတ်တမ်းမှတ်ရာများသည် ခိုင်မာသော အထောက်အထားများ ဖြစ်သည်မှာ ပေါ်လွင်နေပါသည်။
မြန်မာနိုင်ငံသို့ ကရင်လူမျိုးများ ၀င်ရောက်လာပုံမှာ လေ့လာရသမျှ ကြေးခေတ်ထွန်းကားချိန်တွင် တရုတ်ပြည် အနောက်တောင်ဘက်မှတဆင့် တရွေ့ရွေ့ ပြောင်းရွှေ့လာကြပြီး သံလွင်မြစ်၊ ရွှေလီမြစ် (မအိုက္လိုး) မှတဆင့် တကောင်းအရပ်သို့ ရောက်လာကြသည်ဟု ရှေးကရင် မှတ်တမ်းများအရ သိရှိရပါသည်။ တကောင်းအရပ်တွင် မြေပြန့်၍ စိုက်ပျိုးမွေးမြူရေး ကောင်းပုံရသဖြင့် အခြေချ နေထိုင်ကြလေသည်။
တကောင်း ဟူသော အမည်မှာ ကရင်ဘာသာဖြင့် တူကော ဟုခေါ်သည်။ ရှမ်းဘာသာဖြင့် တာကော ဟု ခေါ်ပြီး ဖားစည်ဆိပ်ကမ်း ဟုအဓိပ္ပါယ်ရသည်။ (တာ- ဆိပ်ကမ်း၊ ကော- စည်)။ ကရင်များ နတ်စည် ကဲ့သို့ တန်ခိုး ရှိသည်ဟု ယူဆကြသည်။ ရှမ်းများက မြစ်ကမ်းနားတွင် လာရောက်ရောင်းချကြသဖြင့် တာကော ဟု အမည်တွင်ရာမှ တကောင်းဟု ခေါ်တွင်လာခဲ့သည်ဟု အဆိုရှိလေသည်။ ပုသိမ်မြို့နှင့် ဆင်တူပါသည်။ ကရင်များက ပုသိမ် ဟုမခေါ်ဘဲ ပသိ ဟု ခေါ်ကြသည်။ ရှေးအခါက ကရင်များ နေထိုင်ရာ ဒေသသို့
ကုန်ရောင်းကုန်ဝယ်ရန် ပင်လယ်ရေကြောင်းမှ ရောက်လာသော ပသိ လူမျိုးများကို အစွဲပြုပြီး ၎င်းတို့ ဈေးလာရောင်းဝယ်သော ကရင်တို့ နေထိုင်ရာ နေရာကို ပသိ ဟုခေါ်လာကြရာမှ ပုသိမ်ဟု တွင်လာခြင်း ဖြစ်သည်။
ကရင်လူမျိုးများ မြန်မာနိုင်ငံသို့ ရောက်စက မြစ်အမည်များ မရှိကြသေးပါ။ ကရင်များက ယခု ဧရာဝတီမြစ်ကို ယဲ့ဝါးက္လိုး၊ စစ်တောင်းမြစ်ကို ပရဲလိုက္လိုး၊ သံလွင်မြစ်ကို ဃိုလိုက္လိုး၊ မဲခေါင်မြစ်ကို ကောလို ဟူ၍ အမည်ပေးခဲ့သည်။
ကရင်လူမျိုးများ မြန်မာနိုင်ငံ အနှံ့သို့ တသုတ်ပြီးတသုတ် ကြေးခေတ်ကတည်းက ၀င်ရောက်လာခဲ့ ကြသော်လည်း မြန်မာနိုင်ငံ သမိုင်းတွင် ကရင် ဟူသော အမည်သည် ထူးဆန်းစွာ ပျောက်ကွယ်နေပါသည်။ သဏ္ဍာန်အားဖြင့် အဝေး၌ စိမ်းလန်း မဲမှောင်နေသော သစ်တောကြီးတတောကို မြင်တွေ့ရ၏။ တဖြည်းဖြည်းနှင့် သစ်တောကြီးရှိရာသို့ ရောက်လာပြီး သစ်တောအတွင်း ၀င်သွားသောအခါ ကျွန်း၊ ပျဉ်းကတိုး၊ အင်ကြင်း၊ သစ်ယာ၊ ပိတောက်၊ ပျဉ်းမ စသည်ဖြင့် သစ်ပင်အမျိုးမျိုးကို တွေ့ရသဖြင့် အဝေးက မြင်တွေ့ခဲ့သော သစ်တောကြီး ဘယ်ရောက်သွားသည်ကို မသိတော့ဘဲ ပျောက်ကွယ်သကဲ့သို့ ဖြစ်ရပါသည်။ အမှန်အားဖြင့် ကရင်သည် မြန်မာနိုင်ငံ အနှံ့အပြားတွင် ယေရှုခရစ် မမွေးမီ ကြေးခေတ်ကတည်းက ပျံ့နှံ့လျက် ရှိနေကြပြီး ဖြစ်သည်။
အမည်အားဖြင့် စကော၊ ပိုး၊ ပအို (တောင်သူ)၊ ယင်းဖြူ၊ ယင်းနက်၊ ယင်းကြား၊ ပဒေါင်၊ ယင်းဘော်၊ ယင်းတလဲ၊ ဘွဲ၊ ပရဲ့၊ ဂယ်ခို၊ ဂယ်ဘား စသဖြင့် လူအမျိုးပေါင်းများစွာ အမည်ကွဲသွား သောကြောင့် ဖြစ်သည်။
အစောပိုင်း မြန်မာ့သမိုင်းတွင် ပျူလူမျိုးရှိကြောင်း၊ အလွန်ယဉ်ကျေးကြောင်း၊ အဆင့်အတန်း မြင့်မားစွာ မြို့ပြနိုင်ငံများကို အေဒီ (၁) ရာစုတွင် တည်ထောင်ခဲ့ကြောင်း မှတ်တမ်းတင်ထားကြသည်။ သို့ဖြစ်၍ ပျူ ခေါ်သော လူမျိုး ဘယ်ကလာသလဲ စဉ်းစားစရာ ဖြစ်လာသည်။
အခြေအမြစ် မသိသူအဖို့ မျက်စိလည်ရပါသည်။ မြန်မာပြည်တွင် ကျောက်ခေတ်က အညာသား ယဉ်ကျေးမှု (Anyathian culture) ခေါ် ဧရာဝတီ ယဉ်ကျေးမှုသည် အညာအရပ်တွင် ပေါ်ခဲ့သည်။ ထိုကျောက်ခေတ်က လူသားများသည် သြစတြစ်အနွယ်ဝင်များအဖြစ် အဆင့်ဆင့် ရွေ့လျားသွားပြီး လက်ကျန်များအဖြစ် ဆလုံ၊ မလေး (နီဂရစ်တို) အဖြစ် တွေ့ရသည်။ ကရင်လူမျိုးများ ၀င်ရောက်စဉ်နိုင်ငံသည် အသစ်စက်စက်ကဲ့သို့ ဖြစ်နေသည်။ ဤသည်ပင်လျှင် မြန်မာ့သမိုင်း ဖြစ်ပေါ်တိုးတက်မှု၌ ကွင်းဆက်ပြတ်နေသကဲ့သို့ ဖြစ်နေပေသည်။
ပျူသည် ဘာလူမျိုးလဲ။ ဘယ်က လာသလဲ။ အဖြေရှာကြည့် ကြပါစို့။ ပျူများသည် အသားမမဲသဖြင့် ကုလား မဖြစ်နိုင်။ ကပ္ပလီလည်း မဖြစ်နိုင်ပါ။ ပျူသည် အသားဝါသဖြင့် အသားဝါ အနွယ်ဝင် မွန်ဂိုလွိုက်များ ဖြစ်ကြသည်။ မွန်ဂိုအနွယ်ကြီးထဲမှာ ပျူအမည်ကို ရှာကြည့်ရာ၌လည်း ပျူဟူသော နာမည် မပါဝင်ပါ။ ဤသို့ဖြစ်လျှင် ပျူ ဘယ်က လာသလဲ။ အဖြေမှာ ရှင်းရှင်းကလေးပင် ဖြစ်ပါသည်။ ကရင်များ မြန်မာနိုင်ငံသို့ ခရစ်တော် မမွေးဖွားမီ ကြေးခေတ်ကတည်းက နေရာအနှံ့ ပြန့်ခဲ့ပြီးဖြစ်သည်။ ကရင်အမည်ကို လေ့လာစဉ်က ဖခင်အနွယ် (စကော) ကရင်၊ မိခင်အနွယ် (ပ၀ိုး) ကရင်ဟု ခေါ်ခဲ့ရာ နိုင်ငံခြားသားများက ပ၀ိုး ကို ခေါ်၍ မပီသဖြင့် လည်းကောင်း၊ ခေါ်မတတ်၍ လည်းကောင်း ပ၀ိုးမှ ပျူသို့ အသံလှယ်သွားခြင်းသာ ဖြစ်ပါသည်။ ဆိုလိုသည်မှာ ပျူသည် ကရင်ဖြစ်ပါသည်။ (တောင်ကြီးမြို့၊ သမိုင်းမွမ်းမံသင်တန်း တက်စဉ်က မန္တလေး တက္ကသိုလ် သမိုင်းဌာနမှ သင်တန်းပို့ချသော တာဝန်ရှိ သမိုင်းဆရာတဦးအား မေးကြည့်ရာ ၎င်းက ပျူသည် ကရင်ဖြစ်သည် ဟု ပြောပါသည်။ ၎င်းသမိုင်းဆရာသည် ရှေးဟောင်းကျောက်စာပညာရှင်တဦးလည်း ဖြစ်ပါသည်။

ပျူတို့၏ ကိုယ်ခန္ဓာ တည်ဆောက်ပုံ၊ အရပ်အမောင်း၊ ဆံပင်၊ မျက်စိ၊ စိတ်နေစိတ်ထား၊ အသားအရောင်သည် ကရင်ဖြစ်သည်ဟုဖော်ပြသည်။ ထင်ရှားသော ပျူမင်းတပါး၏ အမည်သည် ပျူစောထီး ဟုခေါ်သည်။ ကရင် မှတ်တမ်းမှတ်ရာအရ စောဒီ ဟု ခေါ်ကြောင်း သိရသည်။
မှန်နန်းရာဇ၀င်တော်ကြီး၌ ပျူနှင့်ပတ်သက်၍ အောက်ပါအတိုင်း ကောက်နုတ်တင်ပြပါသည်။

ကိ။
သို့ဖြစ်လျှင် ဟံသာဝတီ ပျူ (ဟန်လင်း) မင်း ၈၀၀။ တမ္ပဒီပ ပျူမင်း ၁၉၀။ မကရာ ပျူမင်း ၁၆၀။ ပင်လယ် ပျူမင်း ၆၇။ ကောင်းစင် ပျူမင်း
၃၀။ အလ္လကပ္ပ ပျူမင်း ၂၆။ ရွာပုကြီး ပျူမင်း ၅၀။ လယ်ကိုင်း ပျူမင်း ၄၀။ မင်းပေါင်း ၁၃၉၃ ပါး။

တူ။ ဟံသာဝတီပျူလက်နိုင် စောရန်နစ် လက်ထက် ရတနာမိုး နှစ်ကြိမ်ရွာ၏။

ကူ။
မတရာပျူအဆုံးကား "စောဦးစွာ" မင်းပြု၏။

ကော။
ရှေးဟောင်းစာဆိုအတိုင်း ယူရသော် ပျူမင်းဆက်များလည်း ရှားရှားပါးပါး မဟုတ်။ ဘုန်းဘောလအော ပင် ဖြစ်တော့သည်။ ပျူများသည်နေရာမလပ် အနှံ့ပင် ဖြစ်တော့သည်။

ကိ။
ဤသဘောကို မြန်မာ ပူရာဏ်စာဟောင်း များက ဆိုကြ၏။

ကော်။
သို့သော် ရှေးဟောင်းစာဟောင်းကို အရူးခြင်းတောင်း သဖွယ်ထား၍ လစ်လျူရှုရမည်မှာလည်း အခက်ပင်ဖြစ်သည်။ စာဟောင်း၌ပါသော ဘုရင်အမည်များ၊ မြို့အမည်များ ယနေ့ထင်ရှားသော မြို့များ၏ စကားလုံးရင်းမြစ် ဖော်ပြချက်များ "ဥပမာ- မက္ခရာ၊ ပင်လယ်"၊မင်းအရေအတွက် အသေအချာ ဖော်ပြချက်များကို ကြည့်ရခြင်းအားဖြင့် မဟုတ်ခါမှ လွဲရော၊ ရာဇ၀င်တန်ဘိုး မရှိသည့်တိုင်အောင် ရာဇပုံ(Tales of Kings) တန်ဘိုးအားဖြင့် မုချရှိသည်ဟု ဆိုရပေမည်။ (မောင်ကန် ပျူ မြန်မာစွယ်စုံတွဲ ၂၊ စာ ၂၄၅)။ ဤမှန်နန်းရာဇ၀င် အထောက်အထားအရ ပျူများ မြန်မာပြည်အနှံ့ ရှိနေသည်မှာ ထင်ရှားပါသည်။ ဆိုလိုသည်မှာ ယေရှုခရစ်မမွေးမီကတည်းက ကရင်များသည် မြန်မာနိုင်ငံတွင် အများအပြား ရှိနှင့်ပြီး ဖြစ်သည်။
တဖန် မြန်မာ့သမိုင်း၌ မှတ်တမ်းတင်ထားသော ပျူ၊ ကမ်းယံ၊ သက် ကို ဖော်ပြရမည်ဆိုပါက ပျူသည် မိခင်အနွယ် ကရင်ဖြစ်ပြီး ကမ်းယံသည် ကရင်ကို ခေါ်ခြင်းဖြစ်သည်။ သက်မှာ အသံထွက် လှယ်သွားခြင်း ဖြစ်သည်။ မြန်မာများက ဂ ကို သ သံ ထွက်လေ့ရှိသည်။ Samdoway ကို သံတွဲ၊ Salween ကို သံလွင်၊ Sarskrit ကို သံကရိုက် စသည်ဖြင့် အသံထွက်ကြသည်။ သက်မှာ စက်ကို ခေါ်ခြင်းဖြစ်သည်။
(မြန်မာ့စွယ်စုံတွဲ ၁၊ စာ ၄၈၂၊ ဒုကော်လံ စာကြောင်း ၃၅၊ သက် Sak)။

မိခင်အနွယ်ဝင်ကရင်များ၏ အမည်ရှေ့၌ စက် (စဲ့) ရေးကြသည်။ ဆိုလိုသည်က မောင် ဟု အဓိပ္ပါယ်ရသည်။ ဥပမာ မောင်သန်းကျော် အစား စသန်းကျော် ဟု ရေးကြသည်။ ဖတ်လျှင် စက်သန်းကျော် ဟု ဖတ်ရသည်။ စသန်းကျော် ဟု ဖတ်လျှင် မှားပါသည်။ ဆိုလိုသည်မှာ ပျူ၊ ကမ်းယံ၊ သက်မှ သက်အမျိုးအနွယ်သည် မိခင်အနွယ်ဝင် ပ၀ိုးကရင်ဖြစ်သည်။ မြန်မာ့သမိုင်းတွင် သက်သည် ရခိုင်လူမျိုးဖြစ်သွား သည်ဟု ပါရှိသည်။ ရှေးအခါက ရခိုင်ရိုးမတလျှောက်တွင် ကရင်လူမျိုးများသည် သံတွဲမှစ၍ တောင်စဉ်ခွန်နှစ်ခရိုင်၌ပင် နေထိုင်ခဲ့ကြောင်း မှန်နန်းရာဇ၀င်တွင် ဖော်ပြထားသည်။ (မှန်နန်းရာဇ၀င်၊ စာ ၁၆၈၊ စာကြောင်း ၁၀)

ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ မြို့နိုင်ငံများ၌ မြို့တည်ထောင်ပုံ၊ အဆောက်အဦး တည်ဆောက်ပုံနှင့် အုပ်ချုပ်ပုံစနစ်များသည်
မက်စိုပိုတေးမိုတေးမီးယားဒေသမှလာသောအသိပညာများဖြစ်နိုင်သည်ဟုယူဆရပါသည် စိတ်ဝင်စားဖွယ်ကောင်းသော သမိုင်းကွင်းဆက် ဖြစ်ပါသည် ဆူးမားရီးယန်း (Sumerians) များသည် အုတ်ဖုတ်သော အတတ်ကို သိရှိလာကြပြီးဖြစ်သည်။ ဆူးမားရီးယန်းမှ တဆင့်ရခဲ့သောအတတ်ပညာ ဖြစ်နိုင်ပါသည်။
ဤနိုင်ငံကို ရှေးအခါက နိုင်ငံခြားသားများသည် ပျူနိုင်ငံဟုသာ ခေါ်ကြသည်။ မြန်မာနိုင်ငံဟု မခေါ်ကြချေ။ တရုတ်မှတ်တမ်းများအရ ခရစ်သက္ကရာဇ် ၁၂၇၁ ခု တိုင်အောင် မြန်မာနိုင်ငံကို ပျူနိုင်ငံဟုသာ ခေါ်ကြသည်။

အင်ဒိုချိုင်းနားတွင် ရှိသော ကရင်များ

လော Laos
၁၉၆၅ ခုနှစ်က နှစ်သစ်ကူးပွဲနှင့် ပတ်သက်၍ လာအိုသံအမတ်ကြီးနှင့် တွေ့ဆုံစကားပြောဖူးရာ ၎င်းတို့နိုင်ငံ၌ ကရင်များရှိကြောင်း ပြောဖူးပါသည်။ ကရင်မျိုးနွယ်ခွဲများဖြစ်သော မြောင် (Meo) များလည်း ရှိကြပါသည်။

ထိုင်း Thai
ထိုင်းနိုင်ငံ၌ ကရင်အများအပြား ရှိသည်။ စကောကရင်၊ ပိုးရင်များ ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော်က သာသနာပြု ဆရာလူးရွှေ၏ မှတ်တမ်းအရ ဇင်းမယ်မြို့မှ မြန်မာနယ်စပ်အထိ ကရင်ရွာပေါင်း ထောင်ချီ၍ ရှိသည်ဟု ဖော်ပြထားသည်။ ဇင်းမယ်သည် ပြည်၊ တောင်ငူမြို့တို့နှင့် အရှေ့အနောက် တတန်းတည်း၌ ရှိသည်။ မဲပီ၊ မဲနန်မှ သူးမွဲကလိုး၊ ကန်သူရိ အထိ ကရင်ရွာပေါင်းများစွာနှင့် ကရင်လူဦးရေ ၃၀၀၀၀၀ (သုံးသိန်း) ခန့်ရှိသည်။ မဲနန်နှင့် မဲခေါင်မြစ် ကြားတလျှောက်မှာလည်း ကရင်ရွာပေါင်း များစွာရှိ၍ တောခေါင်းအလုပ်ကို
လုပ်ကိုင်ကြသော ကရင်များပိုင် ဆင်အစီးပေါင်း ၅၀၀ မှ ၁၁၀၀ ကြားမှာ ရှိသည်ဟု ဆိုသည်။ လူအချို့သည် တဦးတည်းပင် ဆင်အစီးပေါင်း ၄၀ မှ ၅၀ အထိ ပိုင်ဆိုင်ကြသည်။ ဘန်ကောက်မြို့ အနီး ပတ်ဝန်းကျင်တွင်လည်း ဆင်အစီး ၅၀ ပိုင်သော ကရင်လူမျိုးများ ရှိကြသည်။ စကောအနွယ်၊ ပိုးအနွယ်၊ တောင်ငူအရှေ့တွင် ဘွဲကရင်များ အများဆုံးနေထိုင်ကြသည်။
ဤမှတ်တမ်းသည် လွန်ခဲ့သော အနှစ် ၄၀ က မှတ်တမ်းဖြစ်သည်။ နှစ်ပေါင်း ၁၀ နှစ်ကျော် ထိုင်းနိုင်ငံရှိ ကရင်လူမျိုးများအကြောင်းလေ့လာခဲ့သော ဂျိမ်းစ် ဒဗလျူ ဟာမီတန် (James W. Hamilton) က ထိုင်းတွင် ကရင်လူမျိုးသည် ဒုတိယ လူဦးရေ အများဆုံးဟု ဖော်ပြထားသည်။ (Pwo Karen by James W. Hamilton, 1976. page 5 … Which makes the Karen the largest non. Thai group
in Thailand)

ကမ်ပူးခြား (ကမ္ဘောဒီးယား)
ကရင်လူမျိုးများ ကမ္ဘောဒီးယားတွင် ရှိနိုင်ကြောင်းကို မဲခေါင်မြစ်ကြောင်းအတိုင်း လိုက်လာသော ကရင်များကို ပြန်လေ့လာကြည့်က သိနိုင်ပါသည်။ ထို့ပြင် ထိုင်းနိုင်ငံမှ ကရင်များလည်း ရောက်မည်မှာ အမှန်ဖြစ်သည်။ အစောပိုင်းက အင်ဒိုချိုင်းနား၏ ပင်လယ်ကမ်းစပ်တွင် အိန္ဒိယပြည်မှ အခေါ်အဝေါ်မျိုးဖြစ်သော စမ္ပါပြည်၊ ကမ္ဗောဇပြည် ဟူ၍ရှိရာ ၎င်းကမ္ဗောဇပြည်သည် ကမ်ပူးခြားပြည်ကို ဆိုလိုခြင်း ဖြစ်ပြီး ထိုစဉ်အခါက ထိုင်း (ယိုးဒယား) နိုင်ငံဟူ၍ မရှိသေးဘဲ ကမ္ဗောဇနိုင်ငံထဲတွင် ယိုးဒယားလည်း ပါဝင်သည် (Marcopolo by Horris Collis,ဦးလှဒင် မြန်မာပြန်၊ စာ ၂၁၆)။ ထိုကဲ့သို့ ကမ်ပူးခြားနှင့် ထိုင်း နှစ်နိုင်ငံ တပေါင်းတည်းဖြစ်၍ ကရင်များလည်း ကမ်ပူးခြား နိုင်ငံထဲသို့သွားလာ ၀င်ထွက်ကာ အိုးအိမ်ထူထောင်နေကြမည်သာ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဒေါက်တာဗင်တန် သာသနာပြုစဉ်က ကမ္ဘောဒီးယားမှ ကရင်လူမျိုးများသည် ဒေါက်တာဗင်တန်နှင့် လာရောက်တွေ့ဆုံခဲ့သည်။ (The Loyal Karens of Burma by D.M. Smeaton, 1920,
page 137, A party of Karens once came to Dr. Vinton in Rangoon from the Cambodia.)

ဗီယက်နမ်
ဗီယက်နမ် နိုင်ငံတွင် ကရင်အမျိုးအနွယ်များ ရှိကြောင်း၊ ၎င်းတို့မှာ ယောင်၊ မြောင် တို့ဖြစ်ကြပြီး ကရင်ယဉ်ကျေးမှု အသုံးအဆောင်များကိုလည်းဟနွိုင်မြို့ ယဉ်ကျေးမှုပြတိုက်တွင် မြင်တွေ့နိုင်သည်။ (The New Encyclopedia Britannica, vol 19, 15th edition 1974, Victman,
North. page 133, 1st col. … The Nuong – Ya'o and the Meo, whose villages are found above the 3000 foot level.)

ဘော်နီယို
ဤကျွန်းတွင် အင်ဒီးယန်းသွေးပါသော ဒယက် (Dyaks) များ တွေ့ရသကဲ့သို့ ကရင်အမျိုးအနွယ် ကယမ် (Kayans, Kenyahs) များကိုလည်းတွေ့ရသည်။ ၎င်း ကယမ်များကို ဗိုလ်မှူးဘရှင်က ဒယက်နှင့် လွဲမှားဖော်ပြခဲ့သည်။ ကယမ်သည် အသားဝါအနွယ်ဖြစ်ပြီး ၎င်းတို့၏ ဓာတ်ပုံကိုလည်း Compton's Picture Encyclopedia, vol 2, 1956, page 256 တွင် တွေ့နိုင်ပါသည်။ ဤစွယ်စုံကျမ်း စာမျက်နှာ ၂၅၄
တွင် (Borneo – The vast and savage island of Dyaks … Other tribes are Kayans, Konyahs.) ဟု ဖော်ပြထားသည်။
ဤအဆိုကိုလည်း ဟို့စ် (Mr. Hose) နှင့် မက်ဒေါဂယ် (Mr. Mc Dougall) တို့က ထောက်ခံတင်ပြထားပါသည်။ (The open mind, vol 3,
No. 10 August, 1963. The Karens. Their origin and early movement, by Saw Hanson Tadaw, M.A. London … Mr. Hose
and Mr. Cc Dongall went further a field to trace their origins of the Karens. They maintained that the Kayans of Borneo
and the tribes of Karen in Burma are related)

နိဂုံး
ကရင်လူမျိုးများသည် အသားဝါ မွန်ဂိုနွယ်ဝင်များ ဖြစ်သည်။ မြစ်ဝှမ်းယဉ်ကျေးမှု ထွန်းကားသောအခါ အာရှတိုက် အလယ်ပိုင်းမှမြေသြဇာကောင်းသော မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသ (သို့မဟုတ်) ရှိနလွင်ပြင်သို့ ရောက်ရှိပြီး မြစ်ဝှမ်းအောက်ပိုင်းလောက်တွင် နေထိုင်၍ စိုက်ပျိုးမွေးမြူရေး လုပ်ခဲ့ကြသည်။ ထိုမှ ယဉ်ကျေးမှုအဆင့် မြင့်မားလာသည်ဟု ယူဆရပါသည်။ သို့သော် ထိုဒေသတွင် ငြိမ်သက်မှုမရှိသဖြင့် ငြိမ်းချမ်းစွာ နေလိုသော ကရင်တို့သည် ယူဖရေးတီးမြစ်မှ တဆင့် ကော့ကေးဆပ် တောင်တန်း၊ ထီးဆဲ့မဲ့ယွာ၊ တိဘက်ကုန်းပြင်မြင့်၊ အာရှတိုက် အလယ်ပိုင်းသို့ အဆင့်ဆင့် ရောက်ရှိလာကြသည်။တဖန် သံလွင်၊ မဲခေါင်၊ ယန်စီကျန် မြစ်များမှတဆင့် အင်ဒိုချိုင်းနား ကျွန်းဆွယ်ရှိ မြန်မာ၊ လော၊ ဗီယက်နမ်၊ ကမ်ပူးခြား၊ ယိုးဒယားနှင့်
မလေးကျွန်းဆွယ်ကို သော်လည်းကောင်း၊ တောင်တရုတ်ပင်လယ်ကို သော်လည်းကောင်း ဖြစ်ကျော်၍ ဘော်နီယိုကျွန်းသို့တိုင်
ပျံ့နှံ့ရောက်ရှိသည်ဟု ယူဆရပါသည်။ ယခုအခါတွင် ကရင်လူမျိုးများကို မြန်မာနှင့် ယိုးဒယားနိုင်ငံတို့တွင် အများဆုံး တွေ့ရှိရပါသည်။


ကရင်၏ မူလဇစ်မြစ် သုတေသနလုပ်ငန်း တိုးတက်အောင်မြင်ရေးသို့ ရည်မှန်းလျှက်။
စောဖော (ရန်ကုန်)
ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) ၏
နံရံကပ်စာစောင်တွင် ဖော်ပြထားသည့် သုတေသန စာတမ်းတခုကို ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။
@ အိမ်မက်စေရာ

5 comments:

  1. အင်း...ငယ်ငယ်တုန်းကဖတ်ဖူးသလိုပဲ...၄တန်းတုန်းက..အဲဒီအတိုင်းပြောလို့ဆ၇ာမက၇ီတယ်...

    ReplyDelete
  2. ဟုတ်လား....ဘယ်လိုဖြစ်လို့တုန်းဗျ ???

    ReplyDelete
  3. ဒီဆောင်းပါးမှာ ဘာသစာရေးနှင့် စွက်ဖက်ရေးထားတာမတွေ့ ရလို့ဖတ်ရတာ ခံတွင်းတွေ့ တယ်။နောက် ပြီး ကရင်လူမျိုးတို့ ဖြတ်သန်းလာခဲ့ တဲ့  မြစ်ကြီးကိုးသွယ် အမည်နဲ့  ၄င်းတို့ ရဲ့ တည်နေရာဒေသအနေအထားကို လဲရှင်းလင်းပြောပြပေးပါ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  4. မသိတာကအခုလူမျိုးအခြင်းခြင်းဘဲဘာဖြစ်လိုတစ်ယောက်နဲ့တစ်ယောက်မသိကြတာလဲ ဖြစ်နုင်ရင် ကရင်လူမျိုးကိုကူညီထောက်ပံသင်တယ်အခုကရင်တွေအခုထိဘဲသူများကျွန်းဘဝရှိနေတုန်...

    ReplyDelete
  5. လက်​ခံနိုင်​စရာ အ​ထောက်​အထား​တွေနဲ့ ဒီစာကို ဖတ်​ရ​တော့ တချို့​သောကရင်​လူကြီး​တွေနဲ့တ​ဘောင်​နဲ့တထပ်​တည်း ကျ​နေသလိုပဲ

    ReplyDelete

အပြင်းပြေ Drum တီးရအောင်