Tuesday, 6 September 2011

မရဏ အုပ်စုထဲ ရောက်သွားသည့် မန်ချက်စတာ စီးတီး ~ ချန်ပီယံလိဂ် အုပ်စုအဆင့် မဲခွဲမှုများ ထွက်ပေါ်လာ


ဩဂုတ်လ (၂၅)ရက်နေ့ ဥရောပ ချန်ပီယံလိဂ် အုပ်စုအဆင့် မဲခွဲမှုများ အပြီးသတ် ထွက်ပေါ် လာပြီးနောက် ချန်ပီယံလိဂ် မျက်နှာသစ် အသင်း မန်ချက်စတာ စီးတီးတို့ မရဏ အုပ်စုအတွင်း ပါဝင် နေသည်ကို တွေ့ရှိ ခဲ့ရသည်။


စီးတီးအသင်းနှင့်အတူပထမဆုံးချန်ပီယံလိဂ်အတွေ့အကြုံကို ရယူမည့်ရောဘတ်တိုမန်စီနီအတွက်အုပ်စု(၁)မှပြိုင်ဘက်များသည်ခေါင်းခဲစရာ အနေအထား ဖြစ်နေသည်။ အုပ်စု(၁)တွင် စီးတီးသည် ဂျာမန်ထိပ်သီး ဘေယန်မြူးနစ်၊ စပိန်၏ ခြေစွမ်း ထက်မြက်သော ဗီလာရီးယဲလ်တို့ အပြင် အီတလီ၏ မာကျောသော နာပိုလီ အသင်းများနှင့် အတူ ကျရောက်လျက် ရှိနေသည်။ စီးတီး၏ အမှုဆောင် တစ်ဦးဖြစ်သော ဘရိုင်ယန် မဲလ်ဝုဒ်ကမူ အုပ်စု အနေအထား ခက်ခဲသော်လည်း ပြိုင်ဘက် ကောင်းများနှင့် ယှဉ်ပြိုင်ရမည့် အတွက် စိတ်လှုပ်ရှား ကျေနပ် နေမိကြောင်း ပြောကြားသွားသည်။

လက်ရှိ ဥရောပ ချန်ပီယံ ဘာစီလိုနာသည် အုပ်စု အဆင့်တွင် အီတလီ ထိပ်သီး အေစီမီလန်နှင့် ထိပ်တိုက် ဆုံခဲ့သော်လည်း ကျန်အသင်း နှစ်သင်းမှာ အလွန် အားနည်းသည့် အတွက် အုပ်စု ချောင်သည်ဟု ဆိုနိုင်မည် ဖြစ်သည်။ ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက် မန်ချက်စတာ ယူနိုက်တက်မှာလည်း အုပ်စုအဆင့်ကို ကျော်ဖြတ်ရန် ခက်ခက်ခဲခဲ ရုန်းကန်ရဖွယ် မရှိချေ။ အူဒီးနီးစ်ကို အနိုင်ယူပြီး ခြေစစ်ပွဲ အောင်လာသည့် အာဆင်နယ် အသင်းမှာမူ အိုလံပစ် မာဆေးလ်နှင့် ဘိုရပ်ရှား ဒေါ့တ်မန်တို့ ကဲ့သို့ ဥရောပ၏ ၀ါရှိသော အသင်းများနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ အခြား အင်္ဂလန် ကလပ်တစ်ခု ဖြစ်သော ချယ်လ်ဆီးသည်လည်း ဗလန်စီယာ၊ ဘေယာလေဗာကူဆင် ကဲ့သို့ ပြိုင်ဘက်ကောင်းများ၏ စမ်းသပ်မှုနှင့် တွေ့ကြုံရတော့မည် ဖြစ်သည်။

အခြား အုပ်စု အနေအထားများ အနက် အီတလီ ထိပ်သီး အင်တာမီလန်၊ ပြင်သစ် ချန်ပီယံ လီလီနှင့် ရုရှားထိပ်သီး CSKA မော်စကိုတို့ ပါဝင်သော အုပ်စု(B)မှာလည်း စိတ်ဝင်စားစရာ ဖြစ်သည်။ အင်တာ အနေနှင့် နောက်တစ်ဆင့် တက်ရန် အလားအလာ ကောင်းနေသော်လည်း အခြား အသင်းများ၏ ခြေစွမ်းကလည်း အင်တာကို အကောင်းဆုံး တုံ့ပြန်နိုင်စွမ်း ရှိနေသည်။ ယူရိုပါဖလား ချန်ပီယံ ပေါ်တို၊ ယူကရိန်း ကလပ် ရှက်တာ ဒိုးနက်ခ်နှင့် ရုရှားထိပ်သီး ဇင်းနစ် စိန့်ပီတာစဘာ့ဂ် တို့မှာလည်း ကြည့်ကောင်းမည့် ပြိုင်ဘက်များ တွေ့ဆုံမှု ဖြစ်လာနိုင်သည်။ ရီးယဲလ်မက်ဒရစ်မှာမူ အေဂျက်စ်အမ်စတာဒမ်၊ ချန်ပီယံ လိဂ်တွင် ရေစက်ဆုံနေကျ အိုလံပစ် လိုင်ယွန်တို့နှင့် အားစမ်းရမည် ဖြစ်သည်။

ချန်ပီယံလိဂ် အုပ်စုအလိုက် ခွဲခြား သတ်မှတ်မှုများမှာ အောက်ပါအတိုင်းဖြစ်သည်။

အုပ်စု (A)
ဘေယန်မြူးနစ်၊ ဗီလာရီးယဲလ်၊ မန်ချက်စတာစီးတီး၊ နာပိုလီ

အုပ်စု (B)
အင်တာမီလန်၊ CSKAမော်စကို၊ လီလီ၊ ထရက်ဘ်ဇွန်စပါ

အုပ်စု (C)
မန်ချက်စတာယူနိုက်တက်၊ ဘင်ဖီကာ၊ ဘေဆယ်လ်၊ အိုတီလူဂါလာတီ

အုပ်စု (D)
ရီးယဲလ်မက်ဒရစ်၊ အိုလံပစ်လိုင်ယန်၊ အေဂျက်စ်အမ်စတာဒမ်၊ ဒိုင်နမိုဇာဂရက်ဘ်

အုပ်စု (E)
ချယ်လ်ဆီး၊ ဗလန်စီယာ၊ ဘေယာလေဗာကူဆင်၊ ဂန့်ခ်

အုပ်စု (F)
အာဆင်နယ်၊ အိုလံပစ်မာဆေးလ်၊ အိုလံပီယာကော့စ်၊ ဘိုရပ်ရှားဒေါ့တ်မန်

အုပ်စု (G)
ပေါ်တို၊ ရှက်တာဒိုးနက်ခ်၊ ဇင်းနစ်စိန့်ပီတာစဘာ့ဂ်၊ အပိုရယ်လ်နစ်ကိုရှား

အုပ်စု (H)
ဘာစီလိုနာ၊ အေစီမီလန်၊ ဘိတ်ဘိုရီဆော့ဗ်၊ ဗစ်တိုးရီးယားပလာဇန်

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်