
အာဆင်နယ် အသင်း ခံစစ်မှူး သောမတ်စ် ဗာမေလန်သည် ဖနောင့်အရွတ် ဒဏ်ရာ အတွက် ခွဲစိတ် ကုသမှု ခံယူ ခဲ့ရကြောင်း သိရှိရသည်။
အသက်(၂၅)နှစ်ရှိ ခံစစ်မှူးသည် ဆွီဒင်တွင် ဒဏ်ရာအတွက် ခွဲစိတ်မှု တစ်ခုကို တနင်္လာ နေ့က ခံယူ ခဲ့ရသည်။ ယင်းအခြေအနေသည် ဂျက်ဝီလ်ရှိုင်းယားကို လပိုင်းမျှ လက်လွှတ် ခံထားရသည့် အာဆင်နယ် အတွက် ကြီးမားသော ထပ်ဆင့် ထိုးနှက်ချက် တစ်ခု ဖြစ်လာ စေခဲ့သည်။ ဘယ်လ်ဂျီယမ် လက်ရွေးစင် ခံစစ် သမားသည် ပြီးခဲ့သည့် ဘောလုံး ရာသီကလည်း အလားတူ ဒဏ်ရာ ဖိစီး နှိပ်စက်မှုကြောင့် ကာလ ရှည်ကြာစွာ အနား ယူခဲ့ရသည်။ အာဆင်နယ် အနေနှင့် ဗာမေလန်သည် တစ်လမျှ အကြာတွင် ပြန်ကစား နိုင်မည်ဟု မျှော်လင့်နေကြောင်း သိရသည်။
အာဆင်နယ် အသင်းက ၀ီလ်ရှိုင်းယား အနည်းဆုံး (၂)လ နားရမည်ဟု သတင်း ထုတ်ပြန်ပြီး (၂၄)နာရီ အကြာတွင် ဗာမေလန်၏ ဒဏ်ရာ ခွဲစိတ်မှု ခံယူခဲ့ရခြင်း ဖြစ်သည်။ ၎င်းသည် အူဒီးနီးစ်အား အာဆင်နယ်က အနိုင် ရခဲ့သည့် ဥရောပ ချန်ပီယံလိဂ် ခြေစစ်ပွဲတွင် ယင်းဒဏ်ရာကို ရရှိခဲ့ခြင်း ဖြစ်သည်။ ဗဟို ခံစစ်သမား ဗာမေလန်သည် ဘယ်လ်ဂျီယမ် လက်ရွေးစင် အသင်းအတွက် ရွေးချယ် ခံထားရပြီးမှ ဒဏ်ရာကြောင့် ပြန်လည် နှုတ်ထွက်ခဲ့ ရပြီး ဆေးအဖွဲ့က ဒဏ်ရာသည် ခွဲစိတ်မှု ပြုလုပ်ရန် လိုအပ်ကြောင်း ဆုံးဖြတ်ခဲ့သည်။
စတော့ခ်ဟုမ်းတွင် ခွဲစိတ် ကုသမှု ခံယူခဲ့သော ဗာမေလန်သည် ပြီးခဲ့သည့် ဘောလုံး ရာသီက ဖိစီး နှိပ်စက်ခဲ့သည့် ဒဏ်ရာ အိပ်မက်ဆိုးမျိုး နောက်တစ်ကြိမ် ပြန်မကြုံရန် မျှော်လင့်လျက် ရှိသည်။ ဗာမေလန် မကစား နိုင်ခြင်းသည် အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါး အတွက် စိတ်ပျက်စရာ ကိစ္စတစ်ခု ဖြစ်လာစေပြီး လက်တလောတွင် ဗဟိုခံစစ် အတွက် အသစ် ခေါ်ယူထားသော ဂျာမန် လက်ရွေးစင် ပါးမာတီ ဆက်ကာကို အဓိက အားကိုးရဖွယ် ရှိနေကြောင်း သိရှိရသည်။
No comments:
Post a Comment