Wednesday 21 September 2011

ခရီးသည်တင်လေယာဉ်ဘီးကို ဖက်တွယ်ပြီး ဗြိတိန်နိုင်ငံထဲသို့ခိုးဝင်ခဲ့သည့် ရိုမေးနီးယားနိုင်ငံသား


ရိုမေးနီးယားနိုင်ငံသား အာဂပုဂ္ဂိုလ် တစ်ဦးသည် ခရီးသည်တင် လေယာဉ်တစ်စင်း၏ ဘီးကို ဖက်တွယ်ကာ မိုင်ပေါင်း(၈၀၀) ခရီးနှင်ခဲ့ကြောင်း သိရသည်။ ၎င်းသည် ဇွန်လ(၆) ရက်နေ့က ဩစတြီးယား နိုင်ငံ၊ ဗီယင်နာမြို့မှ ပျံသန်း ထွက်ခွာလာသည့် လေယာဉ်ဘီးကို ဖက်ကာ ဗြိတိန်နိုင်ငံ၊ ဟိဿရိုး လေဆိပ်ထိ ရောက်ရှိ ခဲ့ခြင်း ဖြစ်သည်။ အသက်(၂၀) အရွယ်ရှိ အလုပ် လက်မဲ့ အမျိုးသားသည် ဒူဘိုင်း တော်ဝင် မိသားစုပိုင် ခရီးသည်တင် လေယာဉ်အောက်မှ ခိုးကြောင်ခိုးဝှက် လိုက်ပါ လာခြင်း ဖြစ်သည်။ ယင်းအား ဟိဿရိုး လေဆိပ်တွင် လုံခြုံရေး များက ဖမ်းဆီးနိုင် ခဲ့သည်။ ရဲများက အမည် ဖော်ပြခြင်း မရှိသော ယင်း ပုဂ္ဂိုလ်သည် ပေပေါင်း (၂၅၀၀၀) အမြင့်တွင် အပူချိန် အနုတ်(၄၁) ဒီဂရီ ဆဲလ်ဆီးရပ်စ်သာ ရှိသော အနေအထားဖြင့် ကြုံတွေ့ခဲ့ ရကြောင်း ပြောကြား ခဲ့သည်။ ၎င်းသည် အချိန်မရွေး ပြုတ်ကျပြီး ဖြစ်စေ၊ အောက်စီဂျင် ပြတ်ပြီး ဖြစ်စေ သေဆုံးသွား နိုင်သော်လည်း လေဆိပ်သို့ ရောက်ရှိချိန်တွင် ပွန်းပဲ့ ဒဏ်ရာ အနည်းငယ်သာ ရှိနေကြောင်း အံ့ဩဖွယ် တွေ့ခဲ့ ရသည်။ ထို့အပြင် ရဲနှင့် လူဝင်မှု ကြီးကြပ်ရေး အရာရှိများက စစ်ဆေး မေးမြန်းမှု များကို ဖြေကြား နိုင်သည့် ကျန်းမာ ကြံ့ခိုင် မှုလည်း ရှိနေကြောင်း သိရသည်။ အဆိုပါ အမျိုးသား က ၎င်းသည် လန်ဒန်မြို့တွင် အလုပ်အကိုင် ရရှိရန် အတွက် ဘိုးအင်း (၇၄၇) လေယာဉ်ပျံ ဘီးအောက်မှ ခိုးလိုက်လာခြင်းဟု ရှင်းပြခဲ့သည်။ ရဲအရာရှိ တစ်ဦးက “ပုံမှန်ဆိုရင် အဲဒီ လေယာဉ်မျိုးက အမြင့်ပေ (၃၇၀၀၀) က နေတက်ပြီး ပျံလေ့ ရှိပါတယ်။ အဲဒီ အမြင့်ဆို ဒီလူ ကျိန်းသေပေါက် သေရမှာ ပါပဲ။ ခုတော့ မိုးကြိုး မုန်တိုင်းတွေ ဖြစ်နေလို့ အမြင့်ပေကို လျှော့လိုက်တာ ဒီလူ ကံကောင်း သွားတယ်” ဟု ရှင်းပြခဲ့သည်။ လန်ဒန် ရဲတပ်ဖွဲ့ သည် ယင်း ပုဂ္ဂိုလ်အား အသေအချာ စစ်ဆေးမှုများ ပြုလုပ် ခဲ့ပြီးနောက် ဥရောပ ယူနီယံ အဖွဲ့ဝင် ရိုမေးနီးယား နိုင်ငံသား အဖြစ် သက်သေပြ နိုင်သည့်အတွက် လန်ဒန်တွင် နေထိုင်ရန် ခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်