Tuesday, 6 September 2011
ချန်ပီယံ ဆုကို ချယ်လ်ဆီးက ခြိမ်းခြောက် လာနိုင်ကြောင်း ဖာဂူဆန် မှတ်ချက်ပြု
မန်ချက်စတာ ယူနိုက်တက် အသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ပရီးမီးယားလိဂ် ချန်ပီယံ ဘွဲ့အတွက် ချယ်လ်ဆီး အသင်းပင် အဓိက ခြိမ်းခြောက် ယှဉ်ပြိုင် လာလိမ့်မည်ဟု မှတ်ချက်ပြု ပြောကြားခဲ့သည်။
စကော့သား မန်နေဂျာကြီးက မန်နေဂျာသစ် အန်ဒရီဗီးလက်စ် ဘိုဝါးစ် ဦးဆောင်မှု အောက်တွင် လန်ဒန် အခြေစိုက် အပြာရောင် တပ်ဖွဲ့သည် အရာရာ ဖြစ်လာနိုင်ကြောင်း သုံးသပ်ခဲ့သည်။ ချယ်လ်ဆီး အသင်း၏ လူစာရင်းသည် အဆင့်မြင့် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ရန် အိုမင်းလွန်းနေသည် ဆိုသော ခန့်မှန်းချက်များအား ဖာဂူဆန်က ပယ်ချခဲ့ပြီး ချယ်လ်ဆီး၏ အတွေ့အကြုံ ရင့်ကျက်မှုက မန်ချက်စတာ ယူနိုက်တက် အတွက် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်လာနိုင်ကြောင်း ဖွင့်ဟ ပြောဆိုသွားသည်။
“သူတို့မှာ သိပ်ကို ကြီးကျယ် ခမ်းနားတဲ့ အတွေ့အကြုံတွေ ရှိနေပါတယ်။ ဖရန့်ခ်လမ်းပတ်၊ ဒီဒီရာ ဒရော့ဂ်ဘာ၊ ပီတာဆက်ခ်ျ၊ ဂျွန်တယ်ရီ၊ အဲလက်စ်၊ နီကိုလက်စ် အနယ်လ်ကာ၊ ဖာနန်ဒို တောရက်စ်တို့ဟာ ချာတိတ်လေးတွေ မဟုတ်တော့ပါဘူး။ ဒါပေမဲ့ သူတို့ အသက်အရွယ်ကလည်း ရိုင်ယန်ဂစ်လို (၃၆)နှစ်၊ (၃၇)နှစ်လောက် ရှိနေတာ မဟုတ်ပါဘူး။ လမ်းပတ်နဲ့ ဒရော့ဂ်ဘာတို့ဟာ (၃၃)နှစ်စီ ရှိနေသလို အနယ်လ်ကာက (၃၂)နှစ်ပါ။ ဒါဟာ မိုက်ကယ်ကာရစ်၊ ရီယိုဖာဒီနန်တို့နဲ့ တူတူလောက်ပါ။ ဒီအသက်အရွယ်ဟာ ဘာမှ သုံးမရတော့တဲ့ အခြေအနေလို့ ကျွန်တော်တို့ ပြောလို့ မရပါဘူး။ ချယ်လ်ဆီးဟာ လူကောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်း တစ်ခုပါ။ သူတို့ အနေနဲ့ မန်ချက်စတာ ယူနိုက်တက်ကို အကြီးအကျယ် ခြိမ်းခြောက် နိုင်သလို ချန်ပီယံ ဘွဲ့အတွက် စိန်ခေါ် နိုင်နေမှာပါ” ဟု ဖာဂူဆန်က Inside United သို့ ပြောဆိုသွားသည်။
ဘိုဝါးစ်သည် အသက်(၃၃)နှစ်သာ ရှိသေးပြီး ပရီးမီးယားလိဂ် အသက် အငယ်ဆုံး မန်နေဂျာ ဖြစ်နေသော်လည်း အသင်း ကစားသမားများ၏ ကောင်းမွန်သော ထောက်ပံ့ ကူညီမှုကြောင့် ပေါ်တူဂီသားသည် အမြင့်ဆုံး အောင်မြင်မှုများ ရလာ နိုင်ကြောင်းလည်း ဖာဂူဆန်က မှတ်ချက် ပြုခဲ့သည်။ “သူ့အနေနဲ့ အခက်အခဲ တချို့တော့ ရှိမှာပါ။ ဒါပေမဲ့ သူ့မှာ အကြံကောင်း ဥာဏ်ကောင်း ပေးမယ့်သူတွေ အများကြီး ရှိမှာ သေချာပါတယ်။ သူကလည်း အကောင်းဆုံး လုပ်ဆောင် နိုင်မှာပါ။ ကျွန်တော် သူ့အကြောင်း အများကြီး မသိထားပါဘူး။ ဘိုဝါးစ်ဟာ ငယ်ရွယ်သူ တစ်ယောက် ဖြစ်ပြီး ပေါ်တူဂီ အမှတ်ပေး ပြိုင်ပွဲတွေကနေ ပရီးမီးယား လိဂ်ကို ခြေလှမ်းကြီးကြီး လှမ်းခဲ့သူပါ။ သူ့အတွက် အချိန်နဲ့ ထောက်ခံမှုတွေ ရလာရင် ဘာမဆို ဖြစ်နိုင်ပါတယ်” ဟု ပရီးမီးယားလိဂ် သက်တော်ရှည် မန်နေဂျာကြီးက သုံးသပ် ပြောကြားသွားသည်။
Labels:
sport
Subscribe to:
Post Comments (Atom)
No comments:
Post a Comment