Sunday, 18 September 2011

ကပ္ပတိန်တစ်ယောက်ပြောပြတဲ့ ပင်လယ်လှိုင်းတွေအကြောင်း

အင်ဒိုနီးရှား ဆူးလူးပင်လယ် (Sulu Sea) ဘလဝမ်ကျွန်း (Palawan Island) နားမှာ ဖြစ်တဲ့ ရေအောက်လှိုင်း (internal waves)
ပုံပြင်တွေအရဆိုရင်တော့ ပင်လယ်လှိုင်းတွေဟာ ဂရိနတ်ဘုရား Poseidon(Neptune) ကညင်းကြော ထတာပါတဲ့။ ရူပဗေဒဘာသာရပ်အရ ကြည့်ရင် ပင်လယ်လှိုင်းတွေဟာ စွမ်းအင်တွေ အများကြီး ထုတ်ပေးနိုင်သတဲ့။ လှိုင်းနဲ့ လေဟာ အပြန်အလှန် စွမ်းအင်တွေ ဖလှယ်နေကြသတဲ့။ လှိုင်းမရှိရင် လေကလည်း ကြာကြာအသက်ရှည်ဖို့ မရှိဘူးတဲ့။ ဇီဝဗေဒရှုထောင့်အရ ဆိုရင် အောက်စီဂျင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့တွေ ဖလှယ် ပေးသတဲ့။ အစာကွင်းဆက် (food chain) လည်ပတ်နေစေဖို့ မောင်းနှင်ပေးသတဲ့။ သက်ရှိလောကကြီး (Biodiversity) ဆက်လက် တည်မြဲနေဖို့အတွက် အရေးပါတဲ့ ဖြစ်စဉ်တစ်ခုပါပဲတဲ့။ ပင်လယ်လှိုင်းတွေကို လေ့လာလို့ သင်္ချာနဲ့ ရူပဗေဒ ပညာရှင်တွေက အသုံးချ ပုံသေနည်းတွေ၊ ညီမျှခြင်းတွေ ထုတ်ကြ၊ တစ်ခါ အင်ဂျင်နီယာတွေက လျှပ်စစ်ဓါတ်အား ထုတ်ကြ (wave powerplants စသဖြင့်)၊ အနုပညာရှင်တွေက ပန်းချီတွေဆွဲကြ ဓါတ်ပုံတွေ ရိုက်ကြ၊ အားကစားသမားတွေက လှိုင်းစီးပြိုင်ကြ .. စသဖြင့် အမျိုးမျိုးလောကကောင်းကျိုး ဆောင်ကြသလို ရဲဘော်တို့လည်း သင်္ဘောမလိုက်ဖြစ်တောင် ကိုယ်ပိုင်ရွက်လှေကြီးတွေ ဝယ်စီးကြ၊ကဲကြဦးမှာဆိုတော့ ပင်လယ်ပြင်ကြီးနဲ့ လှိုင်းတွေအကြောင်း နည်းနည်းပါးပါး သိထားရင်တော့ဖြင့် အမှားမရှိပေဘူးပေါ့ ခင်ဗျာ။

ပြောရရင်တော့ ပင်လယ်လှိုင်းတွေရဲ့ အဓိက လက်သည်ဟာ “လေ(wind)” ပါပဲ။ ဒါပေမယ့် ရေအောက် ငလျင်တွေ (earthquakes)၊ ရေအောက် မီးတောင် ပေါက်ကွဲတာတွေ (volcano movements)၊ ကမ်းပါးပြိုကျတာမျိုး (Landslide)၊ ဝင်ရိုးစွန်း ရေခဲတောင်ပြိုကျတာမျိုး (icebergs calving) တွေ၊ ဒါမှ မဟုတ် နေ၊လ၊ကမ္ဘာ တို့ရဲ့ ဆွဲအား (gravity) ကြောင့်၊ ဒါမှမဟုတ် ကမ္ဘာလည်ပတ်မှုကြောင့် (coriolis force by earth rotation) ၊ ဒါမှမဟုတ် ရေမျက်နှာပြင် တင်းအားကြောင့် (surface tension) စတာတွေနဲ့လည်း ဆက်စပ် နေသေးတာဗျ။ Titanic ကို နှစ်မြုပ်ပစ်လိုက်တာက ရေခဲတောင်က ပဲ့ကျတဲ့ အပိုင်းအစတစ်ခု (ice berg) ပါ။ သင်္ဘောကြီးတွေ လှုပ်ရှားမှု (ship interaction) ကြောင့်လည်း လှိုင်းတွေ ဖြစ်တတ်တယ်။ သူ့ကိုကျ wave လို့ မခေါ်ဘဲ wake လို့ခေါ်တယ်။ အပူချိန် (temp)၊ ဆားငန်ဓါတ်ပြင်းအား (salinity)၊ သိပ်သည်းဆ (density)၊ ဖိအား (pressure) ပြောင်းလဲမှုတွေအရ ဖြစ်ပေါ် စီးဆင်းနေတဲ့ ရေစီးကြောင်း (ocean currents) တွေနဲ့လည်း သွယ်ဝိုက် ပက်သက် နေပြန်ပါသေးတယ်။
ဒီနေရာမှာ ရေနဲ့လေ ကြားခံနယ် နှစ်ခုကြား ဖြစ်တဲ့ လှိုင်းတွေကို ရေပြင်လှိုင်း (ocean wave) လို့ ခေါ်ပြီး အပူချိန် (temp)၊ ဆားငန်ဓါတ်ပြင်းအား (salinity)၊ သိပ်သည်းဆ(density) စတဲ့ မတူတာတွေ များတဲ့ ရေထုအလွှာ နှစ်ခုကြားမှာ ဖြစ်လာရင်တော့ ရေအောက်လှိုင်း (internal wave) လို့ ခေါ်ပါတယ်။ (အတွင်းအားလှိုင်းလို့ ဆိုလိုက်ရင် သိုင်းလောကနဲ့ ရှုပ်ထွေးသွားမှာစိုးလို့ ရေအောက်လှိုင်းလို့ပဲ ဘာသာပြန်လိုက်ပါသဗျာ) အင်ဒိုနီးရှား ဆူးလူးပင်လယ် (Sulu Sea) ဘလဝမ်ကျွန်း (Palawan Island) နားမှာ ဖြစ်တဲ့ ရေအောက်လှိုင်း (internal waves) တွေဟာဆိုရင် ထင်ရှားကျော်ကြား လူသိများပါတယ်။ ရေပေါ်က သင်္ဘော၊လှေတွေ အတွက် ဘာမှ မဖြစ်နိုင်ပေမယ့် ရေငုပ်သင်္ဘောတွေ၊ ရေငုပ်သမားတွေ အတွက်တော့ အလွန်ကြောက်စရာ ကောင်းတဲ့အမျိုးပါ။ ဒီရေအောက်လှိုင်းတွေ အကြောင်းဟာ အများနဲ့ သိပ်မဆိုင်လို့ ဒီလောက်နဲ့ပဲ ထားခဲ့ပါပြီ။
ရေပြင်လှိုင်း အမျိုးမျိုး
 ရေပြင်လှိုင်း (ocean waves) တွေဖက်ကို လှည့်လို့ အမျိုးအစားခွဲတဲ့နေရာမှာ အသုံးချလိုတဲ့ ရှုထောင့်အမျိုးမျိုး အရ လှိုင်းတွေကို အမျိုးမျိုးခွဲလို့ လေ့လာကြ ပါတယ်။ လှုပ်ရှားပုံ (motion) အရ အမျိုးအစား ခွဲမယ်ဆိုရင် အရှည်လိုက် (longitudinal)၊ ကန့်လန့်(transverse) နဲ့ စက်ဝိုင်းပုံ(orbital) ဆိုပြီး သုံးမျိုး၊ ကြာရှည်ချိန် (wave period) အရ ခွဲရင် ခုနှစ်မျိုး (1.Capillary Wave, 2.Gravity Capillary Wave, 3.Ordinary Gravity Wave, 4.Infra-gravity Wave, 5.Long Period Wave 6.Oridinary Tidal Wave, 7.Trans-tidal Wave) ရှိပါတယ်။ ဒီနေရာမှာ မြန်မာလို အားနည်းတဲ့ ကျွန်တော်မျိုးအနေနဲ့ လှိုင်းကြက်ခွပ်၊ လှိုင်းခေါင်းဖြူ လောက်ပဲ သိသမို့ ကျယ်မြင်နှံ့သိ ပညာရှိများပဲ အထက်ပါ ရေပြင်လှိုင်းများကို အမည်ပေး ကင်ပွန်းတတ်ကြဖို့ ဘောလီဘောပုတ်ပါတယ်။
၁။ ပင်လယ်လှိုင်း (Sea Wave)
လှိုင်းတွေကို သဘာဝဖြစ်စဉ်လေးတွေအရ ခွဲခြားလေ့လာရင် ပိုအဆင်ပြေပါလိမ့်တယ်။ ပုံမှန် ပင်လယ်ရေပြင်ပေါ်မှာပဲ သွားလာ ကျက်စားနေတဲ့ ရေပြင်လှိုင်း (ocean wave) တွေ ဆိုပါတော့။ သူတို့ကို ပင်လယ်လှိုင်း (Sea Wave) လို့ ရိုးရိုးလေး ခေါ်ပါတယ်။ အလွယ်ခေါ်ကြတာတော့ SEA တဲ့။ သူတို့က လေတိုက်လို့ ဖြစ်တဲ့လှိုင်းတွေပါ။ လေက ပင်လယ်လှိုင်း (Sea Wave) ဖြစ်လာအောင် တိုက်ပေးတယ်။ ပင်လယ်လှိုင်းတွေက လေသန်မာ အားကောင်းစေဖို့ လိုအပ်တဲ့ ရေငွေ့တွေ၊ အပူချိန်တွေ ဖန်တီးပေးတယ်။ ဒီလိုနဲ့ လေဖိအားနည်းရပ်ဝန်း၊ အဲဒီကတစ်ဆင့် မုန်တိုင်းတွေ ဖြစ်လာတယ်။ ပင်လယ်လှိုင်းတွေလည်း မုန်တိုင်းကြောင့် ပိုအင်အားကြီးလာပြီး သူတို့အချင်းချင်းထဲက သဏ္ဌာန်တူတဲ့လှိုင်းတွေ ပေါင်းလို့ ခရီးထွက်ကြတော့ တာပါပဲ။ သူတို့တစ်တွေဟာ မိုင်ပေါင်း ရာထောင်ချီထိ သွားနိုင်ကြတယ်ခင်ဗျ။ အဲဒီ ပင်လယ်ပြင်ခရီးသည် အုပ်စုလှိုင်းတွေကို တော့ Swell လို့ ခေါ်တာပါ။
၂။ ပင်လယ်လှိုင်းအုပ်စု (Swell)
သူတို့တွေကို အများအားဖြင့် ဆွဲလ် (Swell) လို့ပဲ ခေါ်ကြ သိကြတာမို့ ဥာဏ်နီဥာဏ်ဝါ၊ ဥာဏ်ပြာ ဥာဏ်နက် တွေ အကုန်ထုတ်ပေမယ့် မြန်မာနာမည် လှလှလေး ပေးမတတ်တောင် ဖြစ်သွားပါတယ်။ ရဲဘော်တို့လည်း ဆွဲလ်(Swell) လိုက်ကြပါဗျာ။ သူတို့တွေဟာ လှိုင်းအရွယ်အစား၊ အမြင့်အလျား အားလုံး တူညီနေကြပြီး စည်းချက်ညီညီ လှုပ်ရှားကြတယ်။ လှိုင်းခေါင်းဖြူ မထပါဘူး။ ပင်လယ်နဲ့ မရင်းနှီးတဲ့သူဆို သူကို ရုတ်တရက် မြင်အောင် ကြည့်နိုင်ဖို့ အတော်ခက်တယ်။ လှိုင်းအလျားရှည်ပြီး ခရီးအဝေးကြီး သွားလွန်းလို့ သူ့ကိုခေါ်ကြတာက ရထားလှိုင်း (Wave Train)တဲ့။ သင်္ဘော အသေးအကြီးမရွေး ဇကောထဲ ဇီးဖြူသီးထည့်လှိမ့်သလို အံစာခေါက်နိုင်တာ သူပါ။ ရဲဘော်ရဲ့သင်္ဘော အခုရှိနေတဲ့ နေရာမှာ အံစာခေါက်ခံ နေရပြီ ဆိုရင် ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က ရဲဘော်ရဲ့ အခုနေရာကနေ မိုင်ရာထောင်ချီ ဝေးတဲ့နေရာမှာ လေဖိအားနည်းရပ်ဝန်း ဒါမှမဟုတ် မုန်တိုင်း တိုက်သွားခဲ့တယ်လို့သာ တွံ ဂဏှာဟိ ရဲဘော် မှတ်လိုက်ပေတော့ပဲ။ ဒီလို အံစာခေါက်ခံနေရတဲ့အချိန် တာဝန်ရှိသူတွေအနေနဲ့ သင်္ဘောကို ထိန်းသိမ်း ကိုယ်တွယ်ပုံ မှားခဲ့ရင်၊ သင်္ဘော စက်ပျက်ခဲ့ရင် မေခလာဆီကို တယ်လီဖုန်းဆက်ပြီး ကျူ (queue) ယူဖို့လည်း လိုကောင်း လိုလာနိုင်ပါတယ်။ ဒါပေမယ့် ကောင်းကွက် လေးတစ်ချက်က ကမ်းနားနဲ့ နီးလာတာနဲ့ အမျှ အရှိန်ကော စွမ်းအင်ပါ လျော့သွားတာပါ။ သင်္ဘောတွေကို ဒုက္ခ ပေးနိုင်ပေမယ့် ပင်လယ်ကမ်းခြေက လူတွေကို ပြဿနာမရှာတာတော့ ကောင်းတဲ့အချက်လို့ပဲ ဆိုရမပေါ့ဗျာ။ ချောင်းသာ၊ ငွေဆောင်မှာ ဥဥကြတဲ့လိပ်မကလေးများနဲ့ လိပ်ဥတူးသူများ ဝမ်းသာ ကြဖို့ပါ။
၃။ ဆူနာမီ (Tsunamis)
လူတွေ စိတ်ဝင်စားကြတဲ့၊ ဘေးဒုက္ခလည်း အပေးနိုင်ဆုံးဖြစ်တဲ့ ဆူနာမီလှိုင်းလုံး (Tsunamis) တွေဟာ ရေအောက် ငလျင်တွေ (underwater earthquakes)၊ ရေအောက်မီးတောင်ပေါက်ကွဲမှုတွေ (submarine volcano eruptions) နဲ့ ရေအောက်ပြတ်ရွေ့ကြော လှုပ်ရှားမှု(land slip) တွေကြောင့် ဖြစ်လာတာပါ။ ဆူနာမီဆိုတာ ဂျပန်ဘာသာဖြစ်ပြီး harbour wave လို့ အဓိပ္ပါယ်ရပါတယ် ခင်ဗျ။ ပညာရပ်ပိုင်းဆိုင်ရာ အခေါ်ကတော့ ငလျင်ရေလှိုင်း (seismic sea wave) ဆိုပါတော့။ ပစိဖိတ်သမုဒ္ဒရာထဲမှာပဲ အဖြစ်များပါတယ်။ ဆိုးတာက ပင်လယ်ရေနက်ထဲမှာဆိုရင် သူတို့ရှိလို့ ရှိမှန်း၊ ဖြစ်လို့ ဖြစ်နေမှန်း မသိနိုင်တာပဲ။ ဒီကောင်တွေက ရေနက်ထဲမှာဆို အများအားဖြင့် မိုင်(၁၀၀)လောက် အရှည်နဲ့ တစ်မီတာ အမြင့်လောက်ပဲ ရှိနေတတ်တယ်။ ကမ်းနဲ့နီးလာမှသာ အင်အားကြီးလာတာ။ ရေတိမ်ရောက်ရင် မီတာ(၃၀) (၄၀) လောက် အမြင့် ဖြစ်သွားတယ်။ ၁၉၇၁ ဂျပန်ဆူနာမီ တုန်းကဆို (၈၅) မီတာထိ အမြင့်ရှိတယ်။ အရှိန် (speed) တစ်နာရီကို ရေမိုင် (၃၀၀)ကနေ (၅၀၀)လောက်ထိ သွားနိုင်တယ်။ ခရီးဝေးနှင်လိုက်ပုံ ကလည်း ၁၉၆၀ ချီလီမှာ ဖြစ်တဲ့ ဆူနာမီဟာ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်လို့ ဂျပန်အထိ ရောက်လာခဲ့ပါသတဲ့။ ပြီးခဲ့တဲ့ ၂၀၀၄ က လူပေါင်း နှစ်သိန်းခွဲ လောက် အသက်ဆုံးရှုံးခဲ့ရတဲ့ သီရိလင်္ကာ-အင်ဒိုနီးရှား ဆူနာမီမှာဆို မက္ကဆီကိုနဲ့အန္တာတိကတိုက်အထိတောင် လှိုင်းလုံးကြီးတွေ ဂယက်ထခဲ့ပါသတဲ့။ အခုနောက်ပိုင်းမှာတော့ အမေရိကန်၊ ချီလီ၊ သြစတေးလျ၊ ယိုးဒယား နဲ့ အင်ဒိုနီးရှားနိုင်ငံတွေရဲ့ အစီအမံနဲ့ ပစိဖိတ်သမုဒ္ဒရာ၊ အိန္ဒိယသမုဒ္ဒရာ၊ တောင်တရုတ်ပင်လယ်နဲ့ ကာရစ်ဘီယန် ပင်လယ်ထဲမှာ ဆူနာမီ သတိပေးစံနစ်တွေ တပ်ဆင်ထားကြပြီးပါပြီ။ သင်္ဘောများအနေနဲ့ကတော့ ဆူနာမီ သတိပေးချက် (tsunamis warning) သတင်းရတာနဲ့ ရေတိမ်ကမ်းနားကနေ အမြန်ဆုံးခွာလို့ ရေနက်ထဲကို သွားရောက် ခုတ်မောင်းနေကြဖို့ပါပဲ။ မီတာ ၂၀၀၀-၃၀၀၀ ရှိတဲ့ ပင်လယ်ရေနက်ထဲမှာ ၂၀၁၂ ရုပ်ရှင်ထဲကလို လှိုင်းလုံးကြီးတွေ ဆင့်ကာ ဆင့်ကာ ဖြစ်လာဖို့ ဆိုတာတော့ တော်တော်ခက်တယ် ပြောရမှာပါ။
၎။ ဒီလှိုင်း (Tidal Wave)
နေ၊လ၊ကမ္ဘာ တို့ရဲ့ ဆွဲငင်အား (gravity) ကြောင့် ဖြစ်တဲ့ လှိုင်းတွေကိုတော့ ဒီရေလှိုင်း (Tidal Wave) လို့ခေါ်ကြတယ်။ တစ်ချို့ကလည်း ဒီလှိုင်းကို ရေပြင်လှိုင်း (ocean wave) ထဲ ထည့်မစဉ်းစားကြဘူး။ အမျိုးမျိုးပါပဲ။ ကောင်းကင်က နေ၊လ၊နက္ခတ်တာရာတွေရဲ့ လှုပ်ရှားသွားလာပုံကို နားလည်ပြီးသား လူသားတွေအနေနဲ့တော့ အဲဒီဒီလှိုင်းတွေရဲ့ လှုပ်ရှားမှုကို နာရီ၊ မိနစ် အတိအကျ ကြိုတင်တွက်ထားဖို့ မခက်ပါဘူး။ သူတို့တွေဟာ အဖျက်စွမ်းအား ပေးနိုင်တဲ့အထိ အစွမ်းမရှိကြဘူး။ ကမ်နားရေတိမ်တဲ့ ရေကြောင်းရေလမ်းတွေမှာ ရေအနက် (Depth of Water) နဲ့ပက်သက်ပြီး ရေကြောင်းပညာ (Marine Navigation)အတွက် အရေးကြီးတာကလွဲလို့ ကျန်တဲ့ပြဿနာ မရှိဘူးလို့ ဆိုနိုင်သပေါ့။
၅။ ရေပွက်လှိုင်း (Splash Wave)
ကမ်းပါးတွေပြိုကျတာမျိုး (above water landslide)၊ ရေခဲတောင်ပြိုကျတာမျိုး (iceberg calving) ကြောင့် ဖြစ်လာတဲ့ ရေပွက်လှိုင်း (Splash Wave)တွေကတော့ ဖြစ်ချိန်အားဖြင့် ခဏပဲရယ်ပါ။ ဒါကြောင့်လည်း ရေပွက်လှိုင်းဆိုပြီး ပညတ်လိုက်ပါတယ်။ သူတို့တွေဟာ သက်တမ်းရယ်ဖြင့် မရှည်ကြရှာပါဘူး။ အင်အားကြီးပေမယ့် ခရီးဝေးဆက်နိုင်တဲ့ အစွမ်းလည်း မရှိကြရှာဘူး။ ဒါကြောင့် သူ့အနီးအနားမှာ ရှိမနေရင်တော့ဖြင့် ဘေးမရှိဘူးလို့ပဲ ပြောနိုင်ပါလိမ့်မယ်။ စံချိန်တင် မှတ်တမ်းဝင် ရေပွက်လှိုင်းကတော့ ၁၉၅၈ ခုနှစ်၊ လစ်တူယ အလက်စကား (Lituya Alaska) မှာ ဖြစ်ခဲ့တဲ့ ၅၃၁ မီတာမြင့်တဲ့ ရေပွက်လှိုင်းပါ။ ရေခဲတောင်တွေ မကြာခဏ ပြိုကျနေတဲ့ အခုအချိန်မျိုးမှာ စံချိန်သစ်တင်ကောင်းလည်း တင်နေနိုင်ပါတယ်။
၆။ ပုံမှန်မဟုတ်သော လှိုင်းများ (Abnormal Waves)
ဒါနဲ့ .. ဒဏ္ဍာရီလိုမျိုး သက်ကြီးစကား သက်ငယ် ကြားခဲ့ဖူးတာလေးလည်း ဖောက်သည် ချလိုက်ပါဦးမယ်။ ၁၉၉၈ ခုနှစ် ရန်ကုန် ရေကြောင်းသိပံ္ပ ကျောင်းသား ဘဝတုန်းကပါ။ အဲဒီအချိန်တုန်းက နိုင်ငံရေးအရ တစ်နိုင်ငံလုံးက စာသင်ကျောင်းတွေ ပိတ်ထားတယ်။ ဖွင့်ထားတဲ့ ကျောင်းဆိုလို့ ရေကြောင်းပညာသိပ္ပံကျောင်း တစ်ကျောင်းပဲ ရှိတဲ့ အချိန်ပေါ့။ ရေကြောင်းပညာ အခြေခံစည်းမျဉ်း (Principle Navigation) ဘာသာရပ်ဆရာက အတိုင်ပင်ခံ ကျောင်းအုပ်ကြီးဟောင်း ဆရာကြီးဦးရွှေတင်ပါ။ တစ်ခါတစ်လေ အချိန်ပိုတော့လည်း သူ့အတွေ့အကြုံဟောင်းတွေ တပည့် ကျောင်းသားတွေကို ပြောပြအာထုသပေါ့လေ။ (အခုတော့ဖြင့် ဆရာကြီးကွယ်လွန်သွားပြီလို့ သိရပါတယ်။) ဆရာကြီးက သူမြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းမှာ ကပ္ပတိန်အဖြစ် တာဝန်ယူစဉ်က အာဖရိက အရှေ့တောင် ကမ်းခြေနားမှာ ကြုံခဲ့ဖူးတဲ့ အဖြစ်အပျက်တစ်ခုကို ပြောပြခဲ့တယ်။ သူတို့သင်္ဘောရဲ့ရှေ့ မိုင်အနည်းငယ် အကွာလောက်က သွားနေတဲ့ သင်္ဘောတစ်စင်းဟာ ကြည့်နေရင်းပဲ မျက်စိတစ်မိတ် လျှပ်တစ်ပြက် အတွင်း လှိုင်းလုံးကြီးတစ်လုံး ပေါ်လာပြီး အဲဒီသင်္ဘောကို တစ်ခါတည်း ဝါးမျိုသွားပါသတဲ့။ ကယ်ဆယ်ရေးလုပ်ဖို့ သူတို့သင်္ဘောဝန်ထမ်းတွေ အားလုံး ကြိုးစားရှာပေမယ့် လူသူပစ္စည်း အစအန တစ်ခုတောင် မတွေ့ရတော့ပါဘူးတဲ့။
အာဖရိကမှ မာရ်နတ်လှိုင်း
 အဲဒီအကြောင်းအရာလေးကို အခုအချိန် ပြန်စဉ်းစားမိတော့မှ ဆရာကြီး ပြောတာကို သဘောပေါက် သွားတာပါ။ ဟိုတုန်းကတော့ ဝါးတားတားပါပဲ။ ဘာလို့လဲဆိုတော့ လှိုင်းရဲ့အခြေခံသဘောက အုပ်စုလိုက်ပဲ ဖြစ်တာရှိတာကိုး။ မဟာလှိုင်းလုံးကြီး တစ်လုံးတည်း ထီးထီးတည်း ဖြစ်လာဖို့ဆိုတဲ့ကိစ္စကျ ယုတ္တိ မရှိဘူးလို့ပဲ ထင်မိတာပေါ့။ အခုနောက်ပိုင်းမှသာ အဲဒီလို ပုံမှန်မဟုတ်တဲ့လှိုင်း (Abnormal Wave) တွေလည်း ဖြစ်လာနိုင်ကြောင်း သိလာရပါတယ်။ အတိအကျသိချင်လို့ ဟိုမွှေဒီနှောက် လုပ်ကြည့်တော့ နော်ဝေဂျီယံပင်လယ် (Norwegian Sea)၊ ချက်စပိခ်အဝင်ဝ (Chesapeake Bay)၊ စပိန် အနောက်မြောက် ကမ်းခြေပင်လယ် (Off NW coast of Spain) နဲ့ တောင်အာဖရိက အရှေ့တောင်ကမ်းခြေ တစ်ဝိုက် (Off SE coast S. Africa) မှာ မူမမှန်တဲ့လှိုင်းတွေ ဖြစ်လေ့ရှိပါသတဲ့။ အထူးသဖြင့် တောင်အာဖရိက အရှေ့တောင် ကမ်းခြေတစ်ဝိုက် အဂူလ်ဟ(စ) ရေစီးကြောင်း (Agulhas Current) စီးဆင်းတဲ့ လမ်းကြောင်းတစ်လျှောက်မှာ အဖြစ်များပါသတဲ့။ အဂူလ်ဟ(စ) ရေစီးကြောင်းကြမ်းတဲ့အချိန် ဖြစ်လာတဲ့ လှိုင်းတွေနဲ့ အန္တာတိက မုန်တိုင်းတွေကြောင့် ဖြစ်လာတဲ့ လှိုင်းတွေ ဆုံကြပြီး ကာရန်မသင့်တဲ့အခါ ဖြစ်လာပါသတဲ့ ခင်ဗျာ။ အများအားဖြင့်တော့ အာဖရိက မူမမှန်လှိုင်းကို မာရ်နတ်လှိုင်း (Rouge Wave) လို့ပဲ သိကြပါတယ်။ (စွတ်ရွတ် ဘာသာပြန်လိုက်ပါ၏။) တကယ်စဉ်းစားကြည့်ရင် ကြောက်စရာကြီးပါ … မီတာ(၃၀)လောက် အမြင့်ရှိတဲ့ လှိုင်းကြီးဟာ အပေါင်းအဖော်မပါ ရုတ်တရက်ကြီး ရေပြင်ကနေ ထွက်လာပြီး ရေပေါ်မှာ ရှိသမျှ အရာတွေအားလုံး ရေအောက်ထဲကို ဆွဲချသွားတာပါတဲ့။ မှတ်တမ်းမှတ်ရာများအရ ၁၉၆၈ တုန်းက SS World Glory (28300GT) စစ်သင်္ဘော မာရ်နတ်လှိုင်း တစ်လုံးကြောင့် နှစ်ပိုင်းပြတ်လို့ မြုပ်ဖူးပါသတဲ့။ အာဖရိကတိုက်ကြီးအငူနဲ့ မိုင်(၃၀)အကွာလောက်ကစလို့ ရေအနက်(၂၀၀) မီတာအထက်မှာ ဖြစ်နိုင်ချေပိုများပါသတဲ့။
ဒီလောက်ဆို လှိုင်းအကြောင်း နည်းနည်း သဘောပေါက်လောက်ပြီထင်တယ် :)

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်