Friday 5 August 2011

ဆယ်ကျော်သက် လူငယ်များနှင့် စိတ်ထွက်ပေါက်

ယနေ့ကာလတွင် ခေတ်ရေစီးကြောင်း ပြောင်းလဲလာမှုနှင့်အတူ လူငယ်များ၏ ဖျော်ဖြေရေးကဏ္ဍများ၊ စိတ်ထွက်ပေါက်ရှာမှု ပုံစံများသည်လည်း အမျိုးမျိုး ပြောင်းလဲလာခဲ့သည်။
လူငယ်များနှင့် ရှိုးပွဲများ
ဖျော်ဖြေရေးအဖွဲ့များမှ စီစဉ်သည့် ဟစ်ဟော့၊  Rock၊ Pop ရှိုးပွဲ များသည် လူငယ်များ နှစ်သက် ဆင်နွှဲရာ တစ်နည်း စိတ်ထွက်ပေါက် ဖျော်ဖြေရေးတစ်ခုပင် ဖြစ်နေသည်။
''ရန်ကုန်မှာ ဟစ်ဟော့ရှိုးက တစ်လကို နှစ်ကြိမ်လောက်တော့ ရှိတယ်။ လတိုင်းတော့ မရှိဘူး။ ရှိရင်တော့ သွားကြည့်ဖြစ်တယ်။ ရှိုးပွဲမှာ ကိုယ်ကြိုက်တဲ့ အဆိုတော်တွေကို အားပေးတယ်၊ သူငယ်ချင်းတွေပါရင် အတူတူ စိတ်ထွက်ပေါက်တစ်ခု အနေနဲ့ပဲ သွားဖြစ်တာပါ။ ပျော်ရွှင်ဖို့တစ်ခု အတွက်ပဲ သွားတာ ဖြစ်တဲ့အတွက် ရန်ဖြစ်တာတွေ မရှိအောင် ရှောင်ပါတယ်''ဟု နည်းပညာတက္ကသိုလ်မှ ကျောင်းသားတစ်ဦးက ပြောကြားခဲ့သည်။
ရန်ကုန်မြို့အတွင်း ကျင်းပသည့် ရှိုးပွဲ အများစု၏ ၀င်ကြေးနှုန်းထားများမှာ ငွေကျပ် ၅၀၀၀ နှင့် ၇၀၀၀ အသီးသီး ရှိကြောင်း သိရှိရသည်။ ကန်တော်ကြီး မျော်စင်ကျွန်းတွင် အများစု ကျင်းပလေ့ရှိပြီး အချို့ကို သုဝဏ္ဏ မိုးလုံလေလုံကွင်းနှင့် ဟိုတယ် အချို့တွင် ကျင်းပလေ့ရှိကြောင်း သိရှိရသည်။ အဆိုပါ ရှိုးပွဲများသို့ သွားရောက်သူ အများစုမှာ ဆယ်ကျော်သက် လူငယ်များပင် ဖြစ်သည်။

လူငယ်များနှင့် ဂိမ်း
တိုးတက် ပြောင်းလဲလာသော နည်းပညာများနှင့်အတူ ယနေ့ခေတ် လူငယ် အများစု စိတ်ဝင်စားသည်မှာ ကွန်ပျူတာဂိမ်း၊ Ps2,Ps3 နှင့် အကြွေစေ့ဖြင့် ဂိမ်းကစားခြင်းများ ဖြစ်နေသည်။ ယခင်က ကလေးများ၊ ဆယ်ကျော်သက်များ အဖို့ နေအိမ်ဘေး မြေကွက်လပ် သို့မဟုတ် ကစားကွင်းများတွင် လွတ်လပ်ပေါ့ပါးစွာ ကစားလေ့ ရှိခဲ့သော်လည်း နေရာလွတ်နှင့် ကစားကွင်းနေရာအချို့ ပျောက်သွားချိန်တွင်တော့ ကွန်ပျူတာ နည်းပညာဖြင့် ကစားခြင်းများသည် လူငယ်တို့ အတွက် အကောင်းဆုံး ကစားကွင်းတစ်ခု ဖြစ်လာသည်။
ကွန်ပျူတာဂိမ်းများ အနက် Counter Strike ဂိမ်းသည် ထွက်ရှိလာသည်မှာ အချိန်ကြာနေပြီ ဖြစ်သော်လည်း လူငယ်များ စိတ်ဝင်စား ဆော့ကစားနေဆဲပင် ဖြစ်သည်။ထိုပြင်  Dota,General တိုက်ခြင်း စသည့် ဂိမ်းများကိုလည်း လူငယ်များ စိတ်ဝင်စားသလို ဇာတ်လမ်းတွဲ ဂိမ်းများကိုလည်း အများအပြား ဆော့ကစားကြသည်ကို တွေ့ရသည်။ PS2 တွင် လူငယ်အများစု စိတ်ဝင်စားသည်မှာ ဘောလုံးဂိမ်းကစားခြင်း ဖြစ်သည်။
''နေ့တိုင်းလိုလို ဂိမ်းဆော့ဖြစ်တယ်။ သူငယ်ချင်းတွေနဲ့ဆို PS2 ကစားပြီး ဘောလုံးကန် ဖြစ်တယ်။အခုခေတ်က ရပ်ကွက်ထဲမှာ ဘောလုံးကန်ရတာ မလွယ်ဘူးလေ။PS2 ဂိမ်းစက်က ငွေကျပ် ၆၀၀၀၀ လောက် ရှိပေမယ့် အိမ်က၀ယ်ပေးထားတော့ အိမ်မှာပဲနေပြီး အမြဲ ဆော့ဖြစ်တယ်။ ဆိုင်မှာတော့ တစ်ခါတလေ PS3 သွားဆော့ ဖြစ်တယ်။ တစ်နာရီကို ၃၀၀ ပေးရတယ်။ တစ်ခါသွားဆော့ရင် အနည်းဆုံး နှစ်နာရီလောက်တော့ ဆော့ဖြစ်တယ်။ ကျောင်းမှာ စာတွေနဲ့ မွန်းကျပ်လာတဲ့ အခါမှာ ဂိမ်းကစားလိုက်ရင် နည်းနည်း စိတ်ထွက်ပေါက် ရသွားတယ်လို့ ထင်ပါတယ်''ဟု နည်းပညာတက္ကသိုလ်မှ ကျောင်းသားတစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် Recreation Centre အချို့တွင် အကြွေစေ့ဖြင့် ဂိမ်းကစားရသည့် ဂိမ်းကစားနည်းများလည်း ရှိပြီး အများစုမှာ Casino ဂိမ်းများနှင့် ဆင်တူကြောင်း သိရှိရသည်။
Amusement Park တွေ နည်းပါးလာတဲ့အခါ
ယခုနောက်ပိုင်း ကာလတွင် ရန်ကုန်မြို့ အတွင်း၌ မိသားစုလိုက် သွားလာ အပန်းဖြေရန် ပန်းခြံများ၊ ခေတ်မီကစားကွင်းများ တိုးချဲ့နိုင်မှု နည်းပါးလာရခြင်းမှာလည်း လူငယ်များ အတွက် ခေတ်ရေစီးကြောင်းဆိုင်ရာ ဖျော်ဖြေရေးများအပေါ် အာရုံစိုက်မှု များပြားလာခြင်း၏ အကြောင်းအရင်းတစ်ရပ် ဖြစ်ကြောင်း သုံးသပ်ကြသည်။
''ကျွန်တော်က ဘောလုံးကန်တာ ၀ါသနာ အရမ်းပါပါတယ်။ အားရင် စိတ်ထွက်ပေါက် အဖြစ် ဘောလုံးကန်ချင်တယ်။ ရပ်ကွက်ထဲမှာက ပတ်ဝန်းကျင်နဲ့ဆိုတော့ ကန်ဖို့နေရာက အဆင်မပြေဘူး။ ဘောလုံးကွင်းတွေ သွားကန်ဖို့ ကျတော့လည်း ၀င်ကြေးတွေက ဈေးကြီးတယ်။ ပြီးတော့ မိသားစုလိုက် အပန်းဖြေဖို့ နေရာဆိုလို့ တိရစ္ဆာန်ရုံလောက်ပဲ ရှိတယ်။ တိုင်းရင်းသားကျေးရွာ ဆိုတာက သာကေတဘက်ဆိုတော့ မသွားဖြစ်ဘူး။ ရန်ကုန်မှာ လူငယ်တွေနဲ့ မိသားစုလိုက် အပန်းဖြေလို့ရတဲ့နေရာ နည်းလာပါတယ်။ နေပြည်တော်မှာ အသစ်ဆောက်ထားတဲ့ ရေပန်းဥယျာဉ်လို နေရာမျိုးတွေကို ရန်ကုန်မှာလည်း တိုးချဲ့သင့်ပါတယ်။ ဒါမျိုးတွေ မရှိတဲ့ အတွက် လူငယ်တွေက ဟိုကလပ် သွားရမလို၊ ဒီဘီယာဆိုင်ပဲ ထိုင်ရမလို ဖြစ်နေကြတာ ဖြစ်ပါတယ်''ဟု လူငယ်တစ်ဦးက ဆိုပါသည်။
ရွေးချယ်စရာတွေ အကန့်အသတ် ဖြစ်လာတဲ့ အခါ
ဆယ်ကျော်သက် လူငယ်များ အတွက် အပန်းဖြေရာ၊ ဖျော်ဖြေရာ တစ်ခါတစ်ရံ မွန်းကျပ်မှုများ အတွက် စိတ်ထွက်ပေါက်တစ်ခု အဖြစ် ရွေးချယ်စရာများ အကန့်အသတ် ဖြစ်လာရာ ခေတ်ရေစီးကြောင်း ပြောင်းလဲမှုနှင့်အတူ ပေါ်လာသည့် Day Club များ၊ Night Club များဘက်သို့ ရောက်သွားခဲ့သည်။
Night Club များကို ရန်ကုန်မြို့ လူစည်ကားရာ နေရာများ၌ ၂၀၀၀ ပြည့်နှစ် ၀န်းကျင်၌ စတင် ပေါ်ပေါက်လာခဲ့ပြီး Day Club များကို ၂၀၀၈ ခုနှစ် ၀န်းကျင်မှ စတင်၍ ဖွင့်လှစ်လာကြောင်း စုံစမ်း သိရှိရသည်။
Night Clob သွားရောက်လေ့ ရှိသော လူငယ်တစ်ဦးက''ရန်ကုန်မြို့ မှာရှိတဲ့ ကလပ်အများစုက ည ၁၀ နာရီကျော်မှ စဖွင့်တယ်။ ၀င်ကြေး ယောက်ျားလေးဆို  ၅၀၀၀၊ ၇၀၀၀ အသီးသီး ရှိတယ်။ မိန်းကလေးဆို ၅၀၀၀၊ ၂၀၀၀ အသီးသီး ရှိတယ်။မိန်းကလေးဆို ဈေးလျော့ပေးတာတွေ ရှိတယ်။ နိုက်ကလပ်ကို ရက်တိုင်း မသွားဖြစ်ပေမယ့် နှစ်ပတ် တစ်ကြိမ်လောက်တော့ သွားဖြစ်တယ်။သွားဖြစ်ရင်လည်း အလွန်အကျူး ပျော်တာတွေ မဖြစ်အောင် နေပါတယ်။ ဒီဂျေနဲ့ ကခုန်ဖို့ သီးသန့်ပဲ သွားဖို့ကောင်းတဲ့ နေရာတွေ ဖြစ်တဲ့အတွက် ပျော်ရွှင်မှု အတွက် သီးသန့်ပဲ သွားဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။
''ကျွန်တော်ကတော့ Day Club ကို သူငယ်ချင်းတွေနဲ့စုပြီး တစ်လ တစ်ခါလောက်တော့ သွားဖြစ်ပါတယ်။ လာတဲ့အရွယ်တွေ အများစုကလည်း မိဘအုပ်ထိန်းမှုအောက်က မလွတ်သေးတဲ့ လူငယ်လူရွယ်တွေ များပါတယ်။လူငယ်တွေထဲက မိန်းကလေး တွေဆိုရင် ခေတ်ရေစီးကြောင်းကို လိုက်ပြီး ပျော်ရွှင်နေပေမယ့်လည်း တစ်ခါတလေကျရင်တော့ မဖြစ်သင့်တဲ့ အမှားမျိုးတွေ ဖြစ်ပေါ်နိုင်တယ်လို့ ထင်ပါတယ်''ဟု အသက် ၂၀ အရွယ်ရှိ လူငယ်တစ်ဦးက သုံးသပ်ခဲ့ပါသည်။
အချို့ လူငယ်များသည် ကာရာအိုကေဆိုခြင်းကို အလွန် နှစ်သက်ကြသည်။ ၎င်းတို့သည် ကာရာအိုကေ ဆိုခြင်းဖြင့်ပင် ပျော်ရွှင်မှု စိတ်ထွက်ပေါက်ကို ရရှိနိုင်သည်ဟု ယူဆကြသည်။
''အနည်းဆုံး တစ်လတစ်ခါလောက်တော့ သူငယ်ချင်းတွေနဲ့ သွားဖြစ်ပါတယ်။ သီချင်းဆိုရင်း စိတ်ထွက်ပေါက်ရှာဖို့ သွားဖြစ်တာ ဖြစ်ပါတယ်''ဟု ဒဂုံတက္ကသိုလ်မှ ကျောင်းသားတစ်ဦးက ပြောပြခဲ့သည်။
မည်သို့ပင် ဖြစ်စေ ခေတ်ရေစီးသည် ပြောင်းလဲ စီးဆင်းနေဦးမည်ပင် ဖြစ်ပါသည်။ စိတ်ထွက်ပေါက် အတွက် ရွေးချယ်စရာများက လက်တစ်ကမ်းတွင်ပင် ရှိနေပါသည်။ ကောင်းခြင်း၊ ဆိုးခြင်း ဆိုသည်ကတော့ မိမိ ကျင်လည်ဖြတ်သန်းရာ အ၀န်းအ၀ိုင်းနှင့် ကိုယ်ပိုင် ရွေးချယ်မှုကသာ အဆုံးအဖြတ် ဖြစ်ပါသည်။ ဆယ်ကျော်သက် လူငယ်များ အဖို့တော့ မိမိတို့၏ ယုံကြည်မှု၊ မိမိတို့၏ ရည်ရွယ်ရာ လမ်းကြောင်းများ အတွက် ဆင်ခြင်တုံ တရားဖြင့် ကိုယ်ပိုင် ဆုံးဖြတ်နိုင်စွမ်းများက အရေးကြီးသည် ဆိုသည်ကိုတော့ မမေ့သင့်ပေ။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်