နာတာရှည် ရောဂါများ ဖြစ်ပွားမှုနှုန်းသည် မြန်မာနိုင်ငံတွင် မြင့်တက်လာကြောင်း သတင်းရရှိသည်။
အဆိုပါရောဂါများ ဖြစ်ပွားမှုသည် မြန်မာနိုင်ငံ၌ အခြားဖွံ့ဖြိုးဆဲ နိုင်ငံများနည်းတူ လူလတ်ပိုင်းအရွယ်တွင် ရောဂါဖြစ်ပွားမှုနှုန်း ပိုမိုလာပြီး သက်တမ်းမစေ့မီ အသက် သေဆုံးမှုများ ရှိလာကြောင်း သိရသည်။
ယခုအခါ နှလုံးနှင့် သွေးကြောရောဂါများ (နှလုံးသွေးကြောကျဉ်း ရောဂါ၊ လေဖြတ်ခြင်း)၊ဆီးချို၊ သွေးချိုရောဂါ၊ ကင်ဆာရောဂါ၊ နာတာ ရှည်အဆုတ်ပြွန်ရောင် ရောဂါများ ကို ကူးစက်မဟုတ်သော နာတာရှည် ရောဂါများ (Non-Communicable Diseases)အဖြစ် အဓိကအားဖြင့် သတ်မှတ်ထားပြီး အခြားကူးစက် မဟုတ်သော နာတာရှည်ရောဂါ အမျိုးအစားများလည်းရှိကြောင်း သိရသည်။
ကူးစက် မဟုတ်သော နာတာရှည်ရောဂါများဟု ဆိုရာတွင် လူတစ်ဦးမှတစ်ဦးသို့ ရောဂါပိုးကြောင့် ကူးစက်ခြင်းမဟုတ်ဘဲ ကျန်းမာရေး နှင့် မညီညွတ်သော လူ့ဘ၀နေထိုင်မှု ဟန်များတွင် နေထိုင်ရခြင်းများကြောင့် ဖြစ်ပေါ်လာသော ရောဂါအစုအဝေး ကို ကူးစက်မဟုတ်သော ရောဂါများ ဟု ခေါ်ဆိုကြောင်း သိရသည်။
မြန်မာနိုင်ငံအပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အသက် ၄၅ ကနေ ၆၀ အရွယ် လူလတ်ပိုင်းအရွယ်မှာ ရောဂါဖြစ်ပွားမှုတွေ့လာရတယ်။ ဒီရောဂါတွေကြောင့် သက်တမ်းစေ့ မနေနိုင်ဘဲ အသက် ၆၀ အောက်မှာ စောပြီးသေလာ တာကို တွေ့လာရတယ်။ ကျွန်တော်တို့အနေနဲ့ ရောဂါဖြစ်ပွားမှုနှုန်း၊ သေဆုံးမှုနှုန်းလျော့ကျစေဖို့ ကျန်းမာရေးဆိုင်ရာ ပညာရှင်တွေအပြင် ကဏ္ဍ အသီးသီးက ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ လိုအပ်လာပါပြီ |
ကူးစက်မဟုတ်သည့် နာတာရှည်ရောဂါများ ဖြစ်ပွားရခြင်း၏ အကြောင်းရင်းများကို ဖော်ထုတ်နိုင်ခြင်း မရှိသေးသော်လည်း ဆေးလိပ်သောက်ခြင်း၊ အဓိကအားဖြင့် ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသော အစားအသောက်များ စားသုံးမှုများခြင်း၊ ကိုယ်ကာယ လေ့ကျင့်ခန်းလှုပ်ရှားမှု နည်းပါးခြင်းနှင့် အရက် အလွန်အကျွံသောက်ခြင်းတို့သည် ရောဂါဖြစ်ပွားခြင်း၏ အကြောင်းရင်းများ ဖြစ်သည်။
ကူးစက်မဟုတ်သည့် နာတာရှည်ရောဂါများသည် ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ရပ်အနေဖြင့်သာ ရှုမြင်ရမည် မဟုတ်ဘဲ နိုင်ငံတစ်ခု၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကိုလည်း နှောင့်နှေးစေနိုင်ကြောင်း၊ ကမ္ဘာပေါ်၌ သေဆုံးမှုစုစုပေါင်း၏ ၆၀ ရာခိုင် နှုန်းမှာ ကူးစက်မဟုတ်သည့် နာတာရှည်ရောဂါများကြောင့် သေဆုံးနေကြောင်း၊ သေဆုံးမှု၏ ၈၀ ရာခိုင်နှုန်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ် ကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ကူးစက်မဟုတ်သည့် နာတာရှည်ရောဂါများကြောင့် သေဆုံးမှုသည် ဖွံ့ဖြိုးပြီး နိုင်ငံများထက် အသက်ပိုငယ်သည့် လူများ၌ တွေ့ရှိလာရပြီး အသက် ၆၀ မပြည့်မီ ကူးစက်မဟုတ်သည့် နာတာရှည်ရောဂါများကြောင့် သေဆုံးသူ စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်း ကျော်သည် ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ဖြစ်ပွားနေကြောင်း ဒေါက်တာဖေသက်ခင် က ဆက်လက်ပြောကြားခဲ့သည်။
ဆေးတက္ကသိုလ်(၂)မှ ပါမောက္ခချုပ် ဦးတင့်ဆွေလတ်က “ကူးစက်မဟုတ် သော နာတာရှည် ရောဂါဖြစ်ပွားမှုက မြန်မာနိုင်ငံအနေနဲ့ တစ်နှစ်ကို နှစ်ရာခိုင်နှုန်းစီ မြင့်တက်လာပါပြီ။ ဒါ့အပြင် ရောဂါဖြစ်ပွားမှုနှုန်း၊ သေဆုံးမှုနှုန်း မြင့်တက်နေတဲ့ နိုင်ငံပေါင်း ၂၃ နိုင်ငံမှာ မြန်မာနိုင်ငံကအဆင့် ရှစ်နိုင်ငံအနေဖြင့် ၀မ်းနည်းဖွယ် တွေ့ရှိရပါတယ်။ တခြားဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ အသက် ၆၅ နှစ်ကျော် မှသာ ရောဂါဖြစ်ပွားမှု ရှိနေပေမယ့် မြန်မာနိုင်ငံအပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံ တွေမှာ အသက် ၄၅ ကနေ ၆၀ အရွယ် လူလတ်ပိုင်းအရွယ်မှာ ရောဂါဖြစ်ပွားမှုတွေ့လာရတယ်။ ဒီရောဂါတွေ ကြောင့် သက်တမ်းစေ့ မနေနိုင်ဘဲ အသက် ၆၀ အောက်မှာ စောပြီး သေလာတာကို တွေ့လာရတယ်။ ကျွန်တော်တို့အနေနဲ့ ရောဂါဖြစ်ပွား မှုနှုန်း၊ သေဆုံးမှုနှုန်း လျော့ကျစေဖို့ ကျန်းမာရေးဆိုင်ရာ ပညာရှင်တွေ အပြင်ကဏ္ဍအသီးသီးက ပူးပေါင်း ပါဝင်ဆောင်ရွက်ဖို့ လိုအပ်လာပါပြီ” ဟု ဆိုပါသည်။
သင်္ဃန်းကျွန်း ဆေးရုံကြီးနှင့် မြောက်ဥက္ကလာပ ဆေးရုံကြီးတွင် နေ့စဉ် ကုသမှုခံယူကြသည့် လူနာ ၃၀ မှ ၄၀ ကြား၏ ၆၀ ရာခိုင်နှုန်းမှာ ဆီးချို၊ လေဖြတ်ခြင်း၊ နှလုံးရောဂါ အစရှိသည့် ကူးစက်မဟုတ်သည့် နာတာရှည်ရောဂါများကို ပြသသူများ ဖြစ်ကြောင်း၊ ဆီးချို၊ သွေးချို ရောဂါသည် အသက် ၄၀ မှ ၆၀ အတွင်း ဖြစ်ပွားမှုရှိလာသည့်အပြင် ဆယ်ကျော်သက်လူငယ်များ၌ပါ ရောဂါ ဖြစ်ပွားမှုရှိလာကြောင်း သိရသည်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ၁၉၉၆ ခုနှစ်၏စာရင်းများအရ နှလုံးသွေးကြောကျဉ်းရောဂါ ၃၀ ရာခိုင်နှုန်း၊ ကင်ဆာရောဂါ ၁၃ ရာခိုင်နှုန်း၊ နာတာရှည် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါ ခုနစ် ရာခိုင်နှုန်း၊ ဆီးချို သွေးချိုရောဂါ နှစ်ရာခိုင်နှုန်း၊ ထိခိုက် ဒဏ်ရာရခြင်း ကိုးရာခိုင်နှုန်း၊ အခြားကူးစက်မဟုတ်သော ရောဂါများ ကိုးရာခိုင်နှုန်းရှိပြီး ကူးစက်ရောဂါ ဖြစ်ပွားမှုနှုန်းမှာ ၃၀ ရာခိုင်နှုန်းသာရှိ ကြောင်း သိရသည်။
၁၉၉၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်း ရောဂါဖြစ်ပွားမှုနှုန်းမှာ ကူးစက်ရောဂါများ၊ မိခင်နှင့် ကလေးရောဂါများ ၄၄ ရာခိုင်နှုန်း၊ ကူးစက်မဟုတ်သော ရောဂါများ ၄၁ ရာခိုင်နှုန်း၊ ထိခိုက်ဒဏ်ရာရခြင်းမှာ ၁၅ ရာခိုင်နှုန်း ရှိပြီး ကူးစက်မဟုတ်သော ရောဂါများ ဖြစ်ပွားမှုနှုန်းမှာ ပိုမိုနေကြောင်း တွေ့ရသည်။
၂၀၀၅ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လေ့လာချက်များအရ ကူးစက်တတ်သော ရောဂါများ ၃၅ ရာခိုင်နှုန်းဖြစ်ပွားချိန်၌ ကူးစက်မဟုတ်သော ရောဂါများမှာ ၅၄ ရာ ခိုင်နှုန်း ဖြစ်ပွားနေကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်း၌ ကူးစက်ရောဂါများ၊ မိခင်နှင့် ကလေးရောဂါများ ၂၀ ရာခိုင်နှုန်း၊ ကူးစက်မဟုတ်သော ရောဂါများ ၆၀ ရာခိုင်နှုန်းနှင့် ထိခိုက်ဒဏ်ရာရခြင်း ၂၀ ရာခိုင်နှုန်းအထိ ဖြစ်လာနိုင်ကြောင်း မျှော်မှန်းထားသည်။
ကူးစက် မဟုတ်သော ရောဂါများ ဖြစ်စေသည့် အကြောင်းအရာများအနက် ပြုပြင်ပြောင်းလဲ၍ရသော ဖြစ်နိုင်ခြေများမှာ ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများ စားသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ပြုပြင်ပြောင်းလဲ၍ မရသည့် ဖြစ်နိုင်ခြေများမှာ အသက်အရွယ်၊ မျိုးရိုးဗီဇတို့ကြောင့် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ဓလေ့ထုံးစံ၊ ပတ်ဝန်းကျင် ဆိုင်ရာ အကြောင်းအရာများ၊ ကမ္ဘာ့ရွာဖြစ်လာခြင်း၊ မြို့ပြများ တိုးချဲ့ဆောက်လုပ်ခြင်း၊ စက်မှုကုန်ထုတ် လုပ်ငန်း များပြားလာခြင်း တို့သည်လည်း ရောဂါဖြစ်ပွားခြင်း၏ အကြောင်းရင်းများ ဖြစ်သည်။
“ကျန်းမာရေး အသိပညာနဲ့ ပတ်သက်ပြီး လိုက်နာရမယ့် အချက် တွေ၊ ရှောင်ကြဉ်ရမှာတွေ အသိပညာ တွေသိလာကြပေမယ့် တကယ့်လက်တွေ့မှာတော့ ရှောင်ကြဉ်ဖို့ ခဲယဉ်းနေကြပါတယ်။ ကျန်းမာသော ပတ်ဝန်းကျင်ရရှိစေဖို့ ရွေးချယ်နိုင်တဲ့ အခွင့်အလမ်း နည်းပါးနေတယ်။ ကူးစက် ရောဂါတွေ ဖြစ်ပွားမှုနှုန်း၊ သေဆုံးမှု နှုန်းလျော့ကျလာပြီ ဆိုပေမယ့် လုံးဝ ပပျောက်သွားတာမျိုး မဟုတ်သေးတဲ့ အချိန်မှာ ကူးစက်ခြင်းကြောင့် မဟုတ်ဘဲ နာတာရှည်ရောဂါတွေ ဖြစ်ပွားမှုနှုန်းက မြင့်လာလို့ ပြိုင်တူ ကိုင်တွယ်ဖြေရှင်းဖို့ လိုလာပါပြီ” ဟု ကျန်းမာရေးဆိုင်ရာ ပညာရှင်တစ်ဦး က ဆိုပါသည်။
ထို့ပြင် ကူးစက်မဟုတ်သော ရောဂါများမှာ ရောဂါဖြစ်နိုင်ခြေ ပိုများစေသည့် အခြေအနေများ တစ်ခုနှင့်တစ်ခု ဆက်စပ်နေခြင်း၊ အချိန် ကြာမြင့်မှသာ ရောဂါလက္ခဏာများ ပေါ်လာခြင်း၊ ရောဂါမဖြစ်မီ ကာလတွင် ကာကွယ်ရန် အခွင့်အလမ်း ရှိခြင်း၊ ရောဂါ၏နောက်ဆက်တွဲ ရောဂါများကြောင့် လူစဉ်မမီဘဲ နေထိုင်ရခြင်း၊ သက်တမ်းမစေ့မီ အချိန်စောပြီးသေဆုံးနိုင်ခြင်း၊ ရောဂါ ဖြစ်ပွားမှုကြောင့် ဆင်းရဲနွမ်းပါးမှုကို ဖြစ်စေနိုင်ပြီး ဖွံ့ဖြိုးတိုးတက်ခြင်းကို နှောင့်နှေးစေနိုင်ကြောင်း သိရသည်။
No comments:
Post a Comment