Monday 8 August 2011

ကြာသပတေးဂြိုဟ်ကို လေ့လာမည့် အာကာသယာဉ် နာဆာ လွှတ်တင်

နေအဖွဲ့အစည်းတွင် အကြီးဆုံးဂြိုဟ် ဖြစ်သော ကြာသပတေးဂြိုဟ်ကို လေ့လာရန် အတွက် နေစွမ်းအင်သုံး အာကာသ စူးစမ်း လေ့လာရေးယာဉ် ဂျူနိုကို အမေရိကန် အမျိုးသား အာကာသအေဂျင်စီ(နာဆာ)က သြဂုတ်လ ၅ ရက်နေ့တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။
လူမဲ့ စူးစမ်းလေ့လာရေးယာဉ်ကို Atlas V ဒုံးပျံဖြင့် ဖလော်ရီဒါပြည်နယ်၊ ကာနီဗယ်အငူ လေတပ်စခန်းမှ ဒေသ စံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် လွှတ်တင်ခဲ့သည်။ လေရဟတ်အသွင် ရှိသော ယာဉ်တွင် ဆိုလာပြားကြီး သုံးခု တပ်ဆင်ထားပြီး နေစွမ်းအင်သုံး ယာဉ်များထဲတွင် အဝေးဆုံးသွားမည့်ယာဉ် အဖြစ် မှတ်တမ်းဝင်မည် ဖြစ်သည်။
ငါးနှစ်ကြာ ခရီးစဉ်ဖြင့် ၂၀၁၆ ခုနှစ်တွင်
ကြာသပတေးဂြိုဟ်သို့ ရောက်ရှိမည် ဖြစ်သည်။ နေစကြ၀ဠာရှိ ဂြိုဟ်အားလုံးပေါင်း ဒြပ်ထုထက် နှစ်ဆမျှ ကြီးမားသည့် ကြာသပတေးဂြိုဟ်(ဂျူပီတာ) သို့ သွားရောက် လေ့လာမည့် ဂျူနိုကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလျံမျှ အကုန်ကျခံ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ကြာသပတေးဂြိုဟ်သို့ ရောက်ရှိပြီးနောက် တစ်နှစ်ကြာ အပတ် ၃၀ ခန့် ပတ်ပြီး လေ့လာမည် ဖြစ်သည်။
၁၉၈၉ ခုနှစ်က နာဆာသည် ဂယ်လီလီယို အမည်ရ စူးစမ်းရေးယာဉ်ကို လွှတ်တင်ခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် ကြာသပတေးဂြိုဟ်ပတ်လမ်း အတွင်း ရောက်ရှိစေခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် ပျက်စီးသွားခဲ့သည်။ ယခု လွှတ်တင်မည့် ဂျူနိုသည် ဂယ်လီလီယို ထက် နီးကပ်စွာ လေ့လာနိုင်မည် ဖြစ်သည်။ အခြား နာဆာ အာကာသယာဉ်များ ဖြစ်သော Vovyager 1၊ Vovyager 2၊ Ulysses၊ New Horizon တို့ကိုလည်း ကြာသပတေးဂြိုဟ်ကို လေ့လာရန် စေလွှတ်ဖူးသည်။
ဂျူနိုဆိုသည့် အမည်မှာ ဂျူပီတာ၏ ဇနီးသည် တိမ်ကို ထွင်းဖောက်နိုင်သော နတ်ဘုရားမ၏အမည် ဖြစ်သည်။ ဂြိုဟ်ပေါ်တွင် ရေမည်မျှ ရှိနေသည်ကို လေ့လာမည် ဖြစ်သလို ဂြိုဟ်၏ဗဟိုချက်တွင် လေးလံသော ဒြပ်စင်များ
ရှိနေသည်လော၊ ဓာတ်ငွေ့လုံးကြီးသက်သက်သာ ဖြစ်သည်လော ဆိုခြင်းကို လေ့လာရန် အဓိက ရည်ရွယ်ခြင်း ဖြစ်သည်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်