Monday 22 August 2011

ပြိုင်ဘက်အား တိုက်ခိုက် ခဲ့ပြီးနောက် မော်ရင်ဟိုအား အလုပ်ဖြုတ်ရန် တောင်းဆိုမှုများ မြင့်တက်လာ

စပိန်စူပါ ဖလားတွင် ပြိုင်ဘက် ဘာစီလိုနာ အသင်း၏ နည်းပြ အဖွဲ့ဝင် တစ်ဦးကို တိုက်ခိုက်ခဲ့မှု အတွက် ရီးယဲလ်မက်ဒရစ် နည်းပြ ဟိုဆေး မော်ရင်ဟိုကို ထုတ်ပယ်ရန် တောင်းဆိုမှုများ ရှိနေကြောင်း သိရသည်။
မော်ရင်ဟိုသည် (၃-၂)ဖြင့် ရှုံးနိမ့်ခဲ့သော ပွဲတွင် ဘာစီလိုနာ နည်းပြအဖွဲ့ဝင် တစ်ဦးဖြစ်သည့် တီတို ဗီလန်နိုဗာ၏ မျက်လုံးကို လက်ချောင်းဖြင့် ထိုးခဲ့သည်။ အဆိုပါ ကိစ္စကြောင့် မော်ရင်ဟိုသည် စပိန်ဘောလုံး အဖွဲ့ချုပ်ထံမှ အရေး ယူမှုမျိုး ကြုံတွေ့ရဖွယ် မရှိသော်လည်း ၎င်း၏ ရီးယဲလ်နည်းပြ ရာထူးကို စွန့်လွှတ်ရဖွယ် ရှိနေကြောင်း သိရသည်။ အထူးသဖြင့် ရီးယဲလ်အသင်း အာဏာပိုင်များ ထံသို့ မော်ရင်ဟို၏ အရှက်ရဖွယ် လုပ်ရပ်ကြောင့် ၎င်းအား ထုတ်ပယ်ရန် ဖိအားပေး တောင်းဆိုမှုများ မြင့်တက် လာခဲ့သည်။ ဘာစီလိုနာ အသင်း၏ ဒုတိယ ဥက္ကဋ္ဌ ကားလက်စ် ဗီလာရူဘီက “ရီးယဲလ်အနေနဲ့ ဒီလို လုပ်ရပ်မျိုးဘက်က ရပ်တည် မနေသင့်ပါဘူး။ သူတို့နည်းပြ နူးကမ့်မှာ ဘာလုပ်ခဲ့တယ် ဆိုတာ လူတိုင်း အမြင်ပါ။ ဒီအတွက် တစ်ခုခု အရေး ယူရပါမယ်။ မော်ရင်ဟိုဟာ စပိန်ဘောလုံးလောက အတွက်တော့ ကျိန်စာပါပဲ” ဟု ပြောကြားသွားသည်။
စပိန်စူပါ ဖလား ပွဲစဉ်တွင် အချင်းများနေသည့် နှစ်ဖက်အသင်းသားများ
 မော်ရင်ဟိုက ဗီလန်နိုဗာကို ရန်ပြုခဲ့သော်လည်း ဗီလန်နိုဗာကမူ မတုံ့ပြန်ဘဲ မော်ရင်ဟိုကို တွန်းဖယ်ကာ ရှောင်ထွက် သွားခဲ့သည်။ ထိုနေ့က အနိုင်ရပြီး (၁၀)ကြိမ်မြောက် စပိန်စူပါ ဖလားကို ကိုင်မြှောက်ခွင့် ရခဲ့သည့် ဘာစီလိုနာ ကစားသမား ပစ်ကေးက မော်ရင်ဟို၏ လုပ်ရပ်ကို စိတ်ပျက်ကြောင်း ထုတ်ဖော် ပြောဆိုသွားသည်။ ပီကေးက မော်ရင်ဟိုသည် စပိန်ဘောလုံး လောကကို ဖျက်ဆီးနေသူ တစ်ဦးဟု ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ “သူလုပ်ခဲ့တာကို တစ်ခုခု အရေး ယူစေချင်ပါတယ်။ မော်ရင်ဟိုဟာ စပိန် ဘောလုံး လောကကို ဖျက်ဆီး နေတာပါ။ ကာတာလန်မှာ ဖြစ်တဲ့ အကြောင်းကို လူတွေက ပြောနေကြတယ်။ ဒါပေမဲ့ တကယ့် ပြဿနာက မက်ဒရစ်မှာ ရှိနေပါတယ်” ဟု အသက်(၂၄)နှစ်ရှိ ပစ်ကေးက ဆိုသည်။ ၎င်းက “ရန်ပွဲအကြောင်း ကျွန်တော် ပြောမနေချင်တော့ဘူး။ ဒါဟာ ရှက်စရာ ကိစ္စ တစ်ခုပါ။ ဒါမျိုး ဖြစ်နေတာ ပထမ အကြိမ်လည်း မဟုတ်တော့ဘူး။ အမြဲတမ်း အတူတူချည်းပဲ” ဟုလည်း ပြောဆိုသွားသည်။
ရီးယဲလ်နှင့် ဘာစီလိုနာ အသင်းတို့သည် စပိန်စူပါ ဖလား ဒုတိယ အကျော့ကို ယှဉ်ပြိုင် ကစားခဲ့ရာ နောက်ဆုံး မိနစ်တွင် ကွင်းအတွင်း နှစ်ဖက် ကစားသမားများ ပြဿနာ တက်ခဲ့ကြသည်။ ထိုပွဲတွင် ရီးယဲလ် ကစားသမား(၂)ဦး အနီကတ်ပြ ခံခဲ့ရပြီး မော်ရင်ဟို ကိုင်တွယ်သည့် နောက်ပိုင်း အစဉ်အလာ ပြိုင်ဘက်ကြီး ဘာစီလိုနာနှင့် တွေ့ဆုံခဲ့သည့် နောက်ဆုံး (၅)ပွဲတွင် ရီးယဲလ်ကစားသမား (၄)ဦးထိ ထုတ်ပယ်ခံရမှု အဖြစ် မှတ်တမ်း ၀င်ခဲ့သည်။ ဩဂုတ်လ (၁၇)ရက်နေ့ည ပြိုင်ပွဲတွင်လည်း ဘာစီလိုနာ ကစားသမား ဆက်စ်ဖာဘရီဂက်စ်ကို ရီးယဲလ် အသင်းမှ မာဆယ်လိုက ခပ်ကြမ်းကြမ်း ဖျက်ခဲ့ရာ နှစ်ဖက် အသင်းသားများ ပြဿနာ ဖြစ်ခဲ့ရသည်။ ပွဲအပြီးတွင် ရီးယဲလ် အသင်းသားများက ဆုပေးမှု အစီအစဉ်ကို တက်ရောက်ရန် ငြင်းဆန် ခဲ့ခြင်းကိုလည်း ဝေဖန်မှုများ ပေါ်ပေါက်လာခဲ့သည်။
ဘာကာ နည်းပြအဖွဲ့ဝင် တစ်ဦး၏ မျက်လုံးအား မော်ရင်ဟို တိုက်ခိုက်နေစဉ်
 ဘာစီလိုနာ ကွင်းလယ်လူ ဇာဗီ ဟာနန်ဒက်ဇ်ကလည်း မက်ဒရစ်၏ ကစားပုံမှာ နုံချာလွန်းကြောင်း ဝေဖန်ခဲ့ပြီး မာဆယ်လို၏ ဘောလုံး ဖျက်ထုတ်မှုကိုလည်း ရှုတ်ချခဲ့သည်။ “ရီးယဲလ်ရဲ့ ကစားပုံက သိပ်ကို နုံချာလွန်းပါတယ်။ ကွင်းထဲမှာ သူတို့ဟာ ကျွန်တော်တို့ကိုပဲ လိုက်ကန်ပြီး တစ်ချိန်လုံး ရန်လိုနေတယ်။ ရီးယဲလ် အနေနဲ့ ဒီပုံရိပ်က ဘာဖြစ်လာနိုင်တယ် ဆိုတာ အလေးထား စဉ်းစားသင့်ပါတယ်။ ဒါဟာ ထိခိုက်မှု ကြီးသွားနိုင်ပါတယ်။ မာဆယ်လိုရဲ့ ဖျက်ထုတ်ပုံမျိုးက ဘောလုံး လောကမှာ နေရာ မရှိသင့်ပါဘူး။ တကယ့်ကို အရှက် မဲ့လွန်းပါတယ်။ ပီပီဆိုရင်လည်း တော်တော် ဆိုးပါတယ်။ သူတို့ဟာ ဒိုင်က မှန်ကန်တဲ့ ဆုံးဖြတ်ချက်မျိုး ချလို့ မရအောင်လည်း ၀ိုင်းပြီး ကန့်ကွက်တတ်ကြပါတယ်။ ဒီကိစ္စဟာ ရီးယဲလ် အသင်းက အများရှေ့မှာ ချပြလိုက်တဲ့ ဘောလုံးလောက အတွက် ရှက်စရာ ကိစ္စ တစ်ခုပါပဲ” ဟု ဇာဗီက ပြိုင်ဘက် အသင်းအား ပွင့်ပွင့်လင်းလင်း ဝေဖန်သွားသည်။

ဘာစီလိုနာ နည်းပြ ဂျိုးဆက် ဂွာဒီယိုလာက ရီးယဲလ်သည် ပြိုင်ဆိုင်လိုစိတ် ပြင်းထန်လွန်းကြောင်း မှတ်ချက် ပြုခဲ့ပြီး ဗီလန်နိုဗာ၏ မျက်လုံး အခြေအနေ ပြဿနာ မရှိကြောင်း အတည်ပြုခဲ့သည်။ သို့သော်လည်း အကျည်းတန်စွာ ပြီးဆုံးသွားသည့် ပွဲကို စိတ်ပျက်ကြောင်းလည်း ၎င်းက ပြောဆိုသွားသည်။ ယခုအခါ ဂွာဒီယိုလာသည် ဘာစီလိုနာ သမိုင်းတွင် အဓိက ဆုဖလား (၁၁)လုံး ရယူနိုင်ပြီးနောက် အအောင်မြင်ဆုံး နည်းပြအဖြစ် ဂျိုဟန်ခရိုက်ဖ်နှင့် စံချိန်တူ ရပ်တည် နေပြီဟု သိရှိရသည်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်