Monday 8 August 2011

ဘင်လာဒင်အုပ်စုက ဆော်ဒီတွင် ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦ တည်ဆောက်မည်


ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံ ဆောက်လုပ်ရန် ဆော်ဒီအာရေဗျ ဘုရင့်ဦးပိုင် ကုမ္ပဏီက ကမ္ဘာ့အကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီများထဲမှ တစ်ခု ဖြစ်သော ဘင်လာဒင် အုပ်စုကို ကန်ထရိုက် ချထားပေးခဲ့ကြောင်း သိရသည်။
အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံ အကုန်အကျခံပြီး ဂျီဒါဟ်မြို့တွင် တည်ဆောက်မည့် Kingdom Tower ဟု အမည်ပေးထားသော အဆောက်အအုံသည် ၁၄၀၁ မီတာ မြင့်မားမည် ဖြစ်သည်။ ဒူဘိုင်းရှိ လက်ရှိ ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံ ဘာ့ဂ်ျခါလီဖာမှာ ၈၂၈ မီတာသာ မြင့်သောကြောင့် စံချိန် ချိုးနိုင်မည် ဖြစ်သည်။
စီးပွားရေးအရ ပြိုင်ဆိုင်မှု ရှိသော အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် ဆော်ဒီအာရေဗျ အကြား
ပြိုင်ဆိုင်မှုတစ်ခု အဖြစ် ယခုကဲ့သို့ မိုးမျှော် အဆောက်အအုံများ အပြိုင်အဆိုင် ဆောက်လုပ်ခြင်းလည်း ဖြစ်သည်။ ဆော်ဒီ ဘင်လာဒင် အုပ်စုကို ၁၉၃၁ ခုနှစ်က အယ်လ်ကေးဒါး ခေါင်းဆောင် အိုစမာဘင်လာဒင်၏ ဖခင်ဖြစ်သူ မိုဟာမက်အာဝက်ဘင်လာဒင်က တည်ထောင်ခဲ့ပြီး အရှေ့အလယ်ပိုင်းတွင် ထင်ရှားသော ဆောက်လုပ်ရေး လုပ်ငန်းစု ဖြစ်သည်။
မိုဟာမက်အာဝက်ဘင်လာဒင်၏ သား၊ သမီး ၅၂ ဦးမှ ၁၇ ဦးမြောက် ရင်သွေးဖြစ်သူ အိုစမာဘင်လာဒင်သည် ဖခင်၏ ပိုင်ဆိုင်မှု အချို့ကို ဆက်ခံခွင့် ရခဲ့သော်လည်း သူ၏ အပြုအမူများကြောင့် ၁၉၉၄ ခုနှစ် ကတည်းက မိသားစုက ထုတ်ပယ်ခဲ့သည်။
ဆော်ဒီဘုရင် အဗ္ဗဒူလာ၏ တူဖြစ်သူ မင်းသား အာလာဝိဒ်ဘင်တာလာဘင်အဗ္ဗဒူလာအဇစ်အယ်လ်ဆွဒ် က ၉၅ ရာခိုင်နှုန်းမျှ ပိုင်ဆိုင်သော Kingdom Holding က အကုန်အကျခံ တည်ဆောက်မည် ဖြစ်သည်။
ကူဝိတ်နိုင်ငံကလည်း ၁၀၀၁ မီတာမြင့်သော အဆောက်အအုံကို တည်ဆောက်နေပြီး Kingdom Tower ပြီးလျှင် ဒုတိယအမြင့်ဆုံး ဖြစ်လာမည် ဖြစ်သည်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်