Friday 5 August 2011

အရှေ့တောင်အာရှ နိုင်ငံများ ရေငုပ်သင်္ဘောများကို စိတ်ဝင်စားလာ

ဂျာမန်ရေတပ်၏ Type 206 ရေငုပ်သင်္ဘော

ရုရှားနိုင်ငံထံမှ Kilo-class ရေငုပ်သင်္ဘော
 အရှေ့တောင်အာရှ နိုင်ငံများတွင် ၎င်းတို့၏ ရေတပ်အတွက် ထိပ်တန်း အ၀ယ်စာရင်း၌ ရေငုပ်သင်္ဘောများ ပါဝင်လာပြီး ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံ တို့သည် ရေငုပ်သင်္ဘောများဖြင့် အင်အား ဖြည့်တင်းနေသည်။
ထိုင်းနိုင်ငံက ဂျာမန်ရေတပ်၏ Type 206 ရေငုပ်သင်္ဘောခြောက်စီး ၀ယ်ယူရန် စီစဉ်နေပြီး ပြည်တွင်း၌မူ ကန့်ကွက်မှု ခံနေရသည်။ ဒေါ်လာ ၂၅၇ သန်းတန်သော ယင်းရေငုပ်သင်္ဘောများ ၀ယ်ယူမှုသည် အကျိုးရှိသော အသုံးပြုမှု ဖြစ်ကြောင်း ဘန်ကောက် အစိုးရက ယုံကြည်နေသည်။ကပ္ပလီပင်လယ်နှင့် ထိုင်းပင်လယ်ကွေ့ကို ကင်းလှည့်နိုင်ရန်နှင့် အိမ်နီးချင်း နိုင်ငံများ၏ ရေတပ်စွမ်းရည် မြှင့်တင်နေမှုကို အမီလိုက်နိုင်ရန် အတွက် ရေငုပ်သင်္ဘောများ လိုအပ်နေကြောင်း ထိုင်းရေတပ်က အကြောင်းပြသည်။
ဖိလစ်ပိုင်နိုင်ငံကလည်း Sail Plan 2020 ကို မကြာသေးမီက ကြေညာခဲ့ပြီး ၀ယ်ယူမည့် စာရင်းများတွင် ရေငုပ်သင်္ဘောတစ်စီးလည်း ပါဝင်နေသည်။ ငွေရေးကြေးရေးက မတတ်နိုင်သည့် အခြေအနေတွင် ရှိသော်လည်း တရုတ်နှင့် တောင်တရုတ်ပင်လယ် အငြင်းပွားမှု မြင့်တက်နေခြင်းကြောင့် ရေငုပ်သင်္ဘော ၀ယ်ယူရေး အတွက် ပြည်တွင်း၌ ထောက်ခံမှု ရဖွယ်ရှိသည်။

တောင်တရုတ်ပင်လယ်ရှိ သယံဇာတ ကြွယ်ဝသောကျွန်းစုများ ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံနှင့် ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်ခဲ့သော အာဆီယံ လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌ ဗီယက်နမ်နိုင်ငံကလည်း ရုရှားနိုင်ငံထံမှ Kilo-class ရေငုပ်သင်္ဘော ခြောက်စီး ၀ယ်ယူရန် ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာက ဆုံးဖြတ်ခဲ့ပြီး ယင်းသင်္ဘောများကို ၂၀၁၄ ခုနှစ်တွင် စတင် ရရှိမည် ဖြစ်သည်။
အရှေ့တောင်အာရှ နိုင်ငံများက ယခုကဲ့သို့ ရေငုပ်သင်္ဘောများဖြင့် အင်အား ဖြည့်တင်းရန် ကြိုးပမ်းသည့် အချိန်နှင့် ၎င်းတို့၏ ရည်ရွယ်ချက်များကြောင့် ဒေသတွင်း၌ ရေတပ်လက်နက်ပြိုင်ပွဲတစ်ခု ဖြစ်သွားနိုင်ခြေ ရှိ၊ မရှိ သုံးသပ်စရာ ဖြစ်စေခဲ့သည်။ အင်ဒိုနီးရှား နိုင်ငံသည်လည်း ၁၉၆၀ ပြည့်နှစ် အစောပိုင်းနှင့် ၁၉၈၀ ပြည့်နှစ်များ ကတည်းက ရေငုပ်သင်္ဘောများ ၀ယ်ယူခဲ့ပြီး စင်ကာပူနိုင်ငံသည်လည်း ၁၉၉၅ ခုနှစ်တွင် ဆွီဒင်မှ ရေငုပ်သင်္ဘောများ ၀ယ်ယူခဲ့သည်။
စင်ကာပူ၏ ရေငုပ်သင်္ဘော ၀ယ်ယူမှုကို တုံ့ပြန်သည့် အနေဖြင့် မလေးရှားကလည်း ၂၀၀၂ ခုနှစ်တွင် ပြင်သစ်နိုင်ငံမှ Scorpene-class ရေငုပ်သင်္ဘောနှစ်စီးကို ၀ယ်ယူရန် ပြင်ဆင်ခဲ့သည်။ ရလဒ်အနေဖြင့် အရှေ့တောင်အာရှ ဒေသတွင် လာမည့် ဆယ်စုနှစ်တစ်ခု အတွင်း ရေငုပ်သင်္ဘော ပိုင်ဆိုင်သည့်နိုင်ငံ အနည်းဆုံး ခြောက်နိုင်ငံ ရှိလာမည် ဖြစ်သည်။ ယင်းအတွက် ဒေသတွင်း ရေပိုင်နက်တွင် ရေငုပ်သင်္ဘောများ မြိုင်ဆိုင်လာမည် ဖြစ်သလို ရေပိုင်နက် လုံခြုံရေး ထိခိုက်လာနိုင်သော နောက်ဆက်တွဲ ကြုံရနိုင်သည်။
အရှေ့တောင်အာရှ ခြောက်နိုင်ငံက ပိုင်ဆိုင်ခွင့် ရရှိရန် လတ်တလော ကြိုးပမ်းနေသည့် အမျိုးအစားမှာ SSK ရေငုပ်သင်္ဘော ဖြစ်သည်။ တော်ပီဒိုများ၊ သင်္ဘောဖျက် ခရုဇ်ဒုံးကျည်များ တပ်ဆင်ထားသော SSK ရေငုပ်သင်္ဘောများသည် ရေအောက်တွင် ငုပ်နေစဉ် ရေပေါ်ရှိ ရန်သူ သင်္ဘောများကို ပစ်ခတ် မြှုပ်ပစ်နိုင်သည်။ အထူး တပ်ဖွဲ့များကို ကုန်းပေါ်သို့ လျှို့ဝှက် စေလွှတ်ခြင်း၊ မိုင်းများ ချထားခြင်း၊ ရန်သူ ရေပိုင်နက် အနီးနှင့် အတွင်း၌ ထောက်လှမ်း စောင့်ကြည့်ခြင်း စသည် တို့အား ရေငုပ်သင်္ဘောများက လုပ်ဆောင်ပေးနိုင်သည်။ SSK ရေငုပ်သင်္ဘောများတွင် ယင်းစွမ်းရည် ကောင်းမွန်ပြီး ရန်သူပိုင်နက်သို့ လျှို့ဝှက် ၀င်ရောက်ကာ လုပ်ချင်သည်များကို လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ရေငုပ်သင်္ဘောများသည် လျှို့ဝှက် ထောက်လှမ်းနိုင်သော်လည်း ၎င်းတို့ကို ထောက်လှမ်းမိသွားပါက လေယာဉ်၊ စစ်သင်္ဘော၊ အခြား ရေငုပ်သင်္ဘောများ၏ တိုက်ခိုက်မှုကို အလူးအလဲခံရမည် ဖြစ်သည်။
Air-independent Propulsion AIP စနစ်ကြောင့် ရေငုပ်သင်္ဘောများ၏ ထောက်လှမ်းနိုင်စွမ်းမှာ ပိုမို ကောင်းမွန်လာခဲ့ပြီး ရေအောက်တွင်လည်း အချိန်အတော်ကြာ ငုပ်လျှိုးထားနိုင်သည်။ ယင်းစနစ် မပါသော SSK
ရေငုပ်သင်္ဘောများသည် သုံးရက်မှ ငါး ရက်ကြာ ရေထဲတွင် ငုပ်နေနိုင်သည်။ မလေးရှား၏ Scorpene အမျိုးအစားနှင့် စင်ကာပူ၏ Vastergotland အမျိုးအစားတွင် AIP စနစ် ပါဝင်သည်။ SSK အမျိုးအစားသည် စွမ်းရည် ပိုမို ကောင်းမွန်ပြီး ၀ယ်ယူနိုင်သော ဈေးနှုန်းကြောင့် စိတ်ဝင်စားမှု ရရှိခဲ့သည်။
ရေငုပ်သင်္ဘောများသည် အငြင်းပွား ရေပိုင်နက်တွင် ထောက်လှမ်း နေနိုင်သော်လည်း တင်းမာမှု မြင့်တက်အောင်ကိုမူ မလုပ်ဆောင်နိုင်ပေ။ အခြား တစ်ဖက်တွင် ရေငုပ်သင်္ဘောများကြောင့် သဘောထား ကွဲလွဲခြင်း၊ တွက်ချက်မှု မှားယွင်းခြင်း အလွယ်တကူ ဖြစ်စေနိုင်သည်။ အရှေ့တောင်အာရှ နိုင်ငံများ၏ ရေငုပ်သင်္ဘောများ အပေါ် မျက်စိကျလာမှုက ရေပိုင်နက် လွှမ်းမိုးနိုင်ရေး အတွက် နိုင်ငံအချင်းချင်း အကြား တင်းမာမှု ရှိနေခြင်းကို ရှင်းရှင်းလင်းလင်း ဖော်ပြနေသည်။
ပြင်သစ်နိုင်ငံမှ Scorpene-class ရေငုပ်သင်္ဘော

ဆွီဒင်နိုင်ငံမှ Vastergotland အမျိုးအစား ရေငုပ်သင်္ဘော    

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်