Monday 22 August 2011

ဖလား မိုးခေါင်နေမှုကို အဆုံးသတ်မယ့် အာဆင်နယ်ကို ဆန်းစစ် လေ့လာခြင်း

လာမယ့် ဖေဖော်ဝါရီ ၂၇ရက်နေ့၊ တနင်္ဂနွေနေ့ မြန်မာ စံတော်ချိန် ည ၁၀း၃၀ မှာ လန်ဒန်မြို့ ၀င်ဘလေ ကွင်းကြီးမှာ ယှဉ်ပြိုင် ကစားကြမယ့် ၂၀၁၀-၁၁ ဘောလုံး ရာသီ ကားလင်းဖလား ဖိုင်နယ်ပွဲ အဖြစ် ကြီးလေးကြီး ထဲက တစ်သင်း ဖြစ်တဲ့ အာဆင်နယ်၊ အသင်းကြီး တွေနဲ့ တွေ့တိုင်း မာမာထန်ထန် အကောင်းဆုံး တုံ့ပြန် ကစားနိုင်လေ့ ရှိတဲ့ ဘာမင်ဂမ်တို့ ထိပ်တိုက် ရင်ဆိုင် ရတော့မှာပဲ ဖြစ်ပါတယ်။ ဒီပွဲ မတိုင်မီမှာ ပြိုင်ပွဲ စစ်မျက်နှာပြင် ၄ရပ်မှာ ရွက်ကုန်တက်ကုန် လွှင့်နေတဲ့ အာဆင်နယ် အသင်းရဲ့ အနေအထားကို ဆန်းစစ်ကြည့် မိခဲ့ပါတယ်။
 ပြီးခဲ့တဲ့ ၅နှစ်တာ လုံးလုံး ဆုဖလား တစ်လုံး တစ်လေမျှ ရရှိခဲ့ခြင်း မရှိတာကြောင့် အာဆင်နယ် အသင်း မန်နေဂျာနဲ့ တကွ ကစားသမား အားလုံးကိုယ်စီ ဝေဖန်မှု တွေနဲ့ ရင်ဆိုင် ခဲ့ရပါတယ်။ သို့ပေမယ့် သူတို့ တတွေရဲ့ ဖလား မိုးခေါင်ခဲ့မှု တွေဟာ လာမယ့် တနင်္ဂနွေနေ့မှာ ရပ်တန့်ပစ်ဖို့ အကောင်းဆုံး အခွင့်အရေး တစ်ရပ်ကို လက်ဝယ် ပိုင်ဆိုင်ထားပြီး ဂန်းနားတွေရဲ့ အောင်မြင်မှု အပေါ် ဆာလောင် မွတ်သိပ်မှုနဲ့ ကြိုးစား အားထုတ်မှု တွေကို ဘောလုံး ပရိသတ် အားလုံးက မျက်ဝါးထင်ထင် တွေ့မြင် ရတော့မှာပဲ ဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ အခုလို ဖိုင်နယ် အဆင့်ကို ရောက်ရှိ လာဖို့အတွက် ခရီးလမ်းက ဖြောင့်ဖြူး လွန်းခဲ့တာတော့ မဟုတ်ပါဘူး။
တတိယ အဆင့် ပြိုင်ပွဲမှာ မြောက်လန်ဒန် ဒါဘီ ပြိုင်ဘက် တော့တင်ဟမ် ဟော့စပါး အသင်းကို အချိန်ပို ကစားပြီးမှ ၄-၁နဲ့ အနိုင်ရပြီး ကားလင်းဖလား အဖွင့်ပွဲကို ဖြတ်ကျော် နိုင်ခဲ့တာပါ။ အဲ့ဒီ နောက်မှာတော့ စတုတ္ထ အဆင့်မှာ နယူးကာဆယ် အသင်းကို ၄ဂိုးပြတ် အနိုင်ရပြီး ကွာတား ဖိုင်နယ်မှာတော့ ၀ီဂန်ကို ၂-၀နဲ့ ကျော်ဖြတ် နိုင်ခဲ့ပါတယ်။ ဆီမီးဖိုင်နယ် အဆင့် ပထမ အကျော့ ပွဲစဉ်မှာ ချန်ပီယံရှစ် အသင်း အပ်ဆွစ်ခ်ျ တောင်းကို ၁-၀နဲ့ ရှုံးခဲ့လို့ သူတို့ရဲ့ နတ်ဆိုးက နှောင့်ယှက် ပြန်ပြီလားလို့ ယူဆစရာ ဖြစ်ခဲ့ပါတယ်။ သို့သော်လည်း ဒုတိယ အကျော့မှာ ၃-၀နဲ့ အပြတ်အသတ် အနိုင်ယူပြီး နှစ်ကျော့ပေါင်း ရလဒ် ၃-၁နဲ့ ဖိုင်နယ်ကို တက်လှမ်းခဲ့ပြီး အခုလို အောင်မြင်မှု ဆုဖလားနဲ့ လက်တစ်ကမ်း အကွာကို ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။
ထူးခြားတာက အာစင်ဝင်းဂါးဟာ ကားလင်းဖလား ပွဲစဉ်တွေမှာ ယခင် နှစ်များကလို လူငယ် ကစားသမား အများအပြား ထည့်သွင်း ကစားတာမျိုး မဟုတ်ခဲ့ဘဲ ပထမ အသင်းက အတွေ့အကြုံရင့် ကစားသမား တွေကိုပဲ အလှည့်ကျ သဘောနဲ့ ပွဲထွက် ကစား စေခဲ့ပါတယ်။ ဒါဟာ ၀င်းဂါးရဲ့ ကာလင်းဖလား အပေါ် တန်ဖိုး ထားမှုလို့ ဆိုရင်လည်း မှားမယ် မထင်ပါဘူး။ ပြီးခဲ့တဲ့ နှစ်များက ၀င်းဂါးဟာ ကာလင်းဖလား ပွဲစဉ်တွေမှာ ပျမ်းမျှ အသက် ၂၁နှစ် အသင်းကိုသာ ကစားစေခဲ့ပြီး အသင်းရဲ့ ထွန်းပေါက်လာမယ့် လူငယ်လေး တွေကို ပွဲထွက်ခွင့်တွေ ပေးခဲ့သူပါ။ ယခုနှစ်မှာ လူငယ်တွေ ပွဲထွက်ခွင့် အများအပြား မပေးခဲ့တဲ့ အပေါ် အသင်း ပရိသတ်တွေက ၀င်းဂါးနဲ့ တစ်သဘောတည်း ဖြစ်နေခဲ့ပါတယ်။ သူတို့ အသင်းဟာ ပြိုင်ပွဲ အရပ်ရပ်မှာ နိုင်ပွဲတွေ ဆက်တိုက် ရယူပြီး အသင်းရဲ့ လူအင်အား တောင့်တင်းကြောင်းကို ပြသ နိုင်ခဲ့ပါတယ်။ တပြိုင်တည်း မှာပဲ သူတို့ အသင်းရဲ့ ရသမြောက် ကစားဟန် ကိုလည်း ဘောလုံး ပရိသတ်တွေထံ အရောက် ပို့ဆောင် ပေးနိုင်ခဲ့ပါတယ်။
အခုဆိုရင် သူတို့ အသင်းရဲ့ ၅နှစ်တာ အောင်မြင်မှုနဲ့ ဝေးကွာ နေခဲ့ခြင်းကို ရပ်တန့် နိုင်မလား ဆိုတာ လာမယ့် တနင်္ဂနွေ ဆိုရင် လန်ဒန် ၀င်ဘလေ ကွင်းကြီးမှာ အဖြေ ပေါ်ပါတော့မယ်။ အသင်းကြီးတွေ ကစားရ ခက်ခဲလေ့တဲ့ ဘာမင်ဂမ် အသင်းကို အနိုင်ကစားပြီး သူတို့ကပဲ အောင်မြင်မှု တွေနဲ့ ထိုက်တန်တယ် ဆိုတာကို သက်သေ ပြမလား၊ ဒါမှမဟုတ် ဒဏ်ရာ ရရှိနေမှုတွေ၊ ဖိအားတွေကြောင့် ဖလား အောင်မြင်မှု တစ်ခုဟာ လက်တစ်ကမ်း အကွာကျမှ လွတ်ကျ သွားမလား ဆိုတာ တွေ့မြင် ကြရတော့မှာပါ။ အဲ့ဒီလို စိတ်ဝင်စားဖွယ် မေးခွန်းတွေနဲ့ အတူပဲ အာဆင်နယ် အသင်းဟာ ၀င်ဘလေမှာ ဘယ်လို ကစားသမား တွေနဲ့ ပွဲထွက် လာမလဲ ဆိုတာ ဆက်ပြီး လေ့လာ ဖြစ်ခဲ့ပါတယ်။
ဂိုးသမား
ပုံမှန် လက်စွမ်း ရနေတဲ့ လူငယ် ဂိုးသမားလေး ဆက်ဇာနီဟာ ကားလင်းဖလား ဖိုင်နယ်ပွဲရဲ့ ပွဲထွက် လူစာရင်းမှာ ပါဝင်ခွင့်ရဖို့ သေချာ နေပါတယ်။ သူဟာ အကြောင်းပြချက် ကောင်းတွေနဲ့ အခုလို ပွဲထွက်ခွင့်ကို ရရှိတာလို့ ဆိုရမှာပါ။ ပြီးခဲ့တဲ့ ဇန်န၀ါရီက အသင်းရဲ့ အဓိက ဂိုးသမား ဖေဘီယန်စကီး ပုခုံး ဒဏ်ရာရခဲ့ပြီး နောက်ပိုင်း အသင်းရဲ့ ပွဲထွက် နေရာကို အကောင်းဆုံး လက်စွမ်းနဲ့ အတူ လွှမ်းမိုး ထားနိုင်ခဲ့သူပါ။
ဝါရင့် ဂိုးသမား တစ်ဦးဖြစ်တဲ့ အယ်မူနီးယား ကတော့ ပိုလန် ဂိုးသမား လေးရဲ့ အရန်အဖြစ် အရန်ခုံတန်း မှာပဲ နေရာ ရဖို့ ရှိပါတယ်။ အခြား လူငယ် ဂိုးသမားတွေ ဖြစ်တဲ့ ဗီတို မင်နိုနီနဲ့ ဂျိမ်းစ် ရှီယာ တို့ကတော့ ဟားလ်စီးတီးနဲ့ ဆောက်သမ်ပ်တန် အသင်းတွေမှာ အငှားနဲ့ သွားရောက် ကစားနေ ကြပါတယ်။
ခံစစ်
ဝင်းဂါးဟာ သူ့ရဲ့ အကောင်းဆုံးနဲ့ အတောင့်တင်းဆုံး နောက်တန်းကို ပွဲထွက် စေပါလိမ့်မယ်။ ခံစစ် ဗဟိုနေရာမှာ ဂျိုရူးနဲ့ ကိုဆီရယ်နီ တို့ကို အတူတွဲ ကစားစေဖွယ် ရှိနေပါတယ်။ ကိုဆီရယ်နီဟာ ပြီးခဲ့တဲ့ စတုတ်စီးတီးနဲ့ ပွဲမှာ ပါဝင်ခဲ့ခြင်း မရှိပါဘူး။ သို့ပေမယ့် လာမယ့် ကားလင်းဖလား ဖိုင်နယ်မှာတော့ ပါဝင် ကစားဖို့ ကြံ့ခိုင်မှု ပြည့်ဝ နေပါလိမ့်မယ်။ သူတို့ နှစ်ဦးရဲ့ ခံစစ် အတွက်ဟာ ဒီဇင်ဘာ နှောင်းပိုင်းက စပြီး အကောင်းဆုံး စွမ်းဆောင် နိုင်ခဲ့ကြပါတယ်။ အာဆင်နယ် အသင်းရဲ့ လက်ရှိ ခြေစွမ်းမှန် နေရခြင်းရဲ့ အဓိက ကျခဲ့သူတွေ ဆိုရင်လည်း မမှားပါဘူး။
ဘာကရီ ဆက်ကညာ ကတော့ ညာနောက်ခံ ကစားသမား နေရာမှာ ပွဲထွက်လာ မယ်လို့ မျှော်လင့်ရပြီး အီမန်နူရယ် အီဘိုယေး ကတော့ လာမယ့် လေတန် အိုးရီးယန့်နဲ့ အက်ဖ်အေ ပြန်ကန် ပွဲစဉ်ကျမှ နေရာ ရဖွယ် ရှိနေပါတယ်။ အဲ့ဒီလိုပါပဲ ညာနောက်ခံ နေရာမှာ အတွေ့အကြုံရှိ ဂေးလ် ကလစ်ချီသာ ပွဲထွက် စေဖွယ် ရှိပြီး အင်္ဂလန် နောက်ခံ ကစားသမား ကီရန် ဂစ်ဘ်ကတော့ လေတန် အိုးရီးယန့်နဲ့ ပွဲမှာ နေရာ ရဖွယ် ရှိပါတယ်။
ပြင်သစ် နောက်ခံ ကစားသမား စကွီလက်စီ အနေနဲ့တော့ အီဘိုယေး၊ ဂစ်ဘ်တို့နဲ့ အတူ အရန်ခုံတန်းမှာပဲ နေရာရဖို့ ရှိပါတယ်။ သူတို့ အသင်းရဲ့ နောက်တန်း အဓိက ကစားသမား သောမတ်စ် ဗာမေလန်ကတော့ ကုသရ ခက်တဲ့ ဖနှောင့်ကြော ဒဏ်ရာကြောင့် ပွဲထွက်ခွင့်နဲ့ ဝေးကွာ နေရဆဲပါ။
ကွင်းလယ်
ကွင်းလယ်နဲ့ ပတ်သက်ရင် ဂန်းနားတွေ အတွက် သတင်းဆိုး တွေနဲ့ ပြည့်နှက်နေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ အသင်းခေါင်းဆောင် ဆက်ခ်ျ ဖာဘရီဂတ်စ်ဟာ တံကောက်ကြော ဒဏ်ရာကြောင့် ကားလင်းဖိုင်နယ် ပွဲစဉ်ကို လွဲရဖို့ ရှိနေပါတယ်။ စပိန် လက်ရွေးစင် ကစားသမားဟာ စတုတ်စီးတီးနဲ့ ကစားခဲ့တဲ့ ပွဲ ပထမပိုင်းမှာပဲ ဒဏ်ရာကြောင့် လူစားလဲခြင်း ခံခဲ့ရပါတယ်။ ဖာဘရီဂတ်စ် မပါဝင်နိုင် မှုက ဂန်းနားတွေ အတွက် ကြီးမားတဲ့ ဟာကွက်တော့ ဖြစ်စေခဲ့တာ အမှန်ပါပဲ။ အသင်းရဲ့ တိုက်စစ်ပိုင်း လျော့ကျ သွားနိုင်တဲ့ အပြင် သူ့ရဲ့ ခေါင်းဆောင်မှု အရည်အချင်း ကလည်း အသင်းဖော် တွေအတွက် လွမ်းဆွတ်စရာ ဖြစ်စေ နိုင်ပါတယ်။ သို့ပေမယ့် ဒီနှစ် အာဆင်နယ် အသင်းရဲ့ လူအင်အား တောင့်တင်းမှုက ကွင်းလယ် ပါရမီရှင် နေရာမှ အကောင်းဆုံး ဖြည့်စွက် ကစားနိုင်ဖို့လည်း ရှိနေပါတယ်။
ဝင်းဂါး အနေနဲ့ ပြီးခဲ့တဲ့ ပွဲတွေမှာ ပွဲပယ် ခံထားရသူ ဒီယာဘီကို အသင်းရဲ့ ကွင်းလယ် တိုက်စစ်မှာ ကစားစေဖွယ် ရှိပါတယ်။ ကွင်းလယ် ခံစစ်ပိုင်းမှာ အလက်ဇန္ဒား ဆောင်းကို ပွဲထုတ် စေမှာလား ဆိုတာကတော့ မေးခွန်း ထုတ်ဖွယ်ရာပါ။ ကင်မရွန်း ကွင်းလယ် ကစားသမားဟာ စတုတ်နဲ့ ပွဲစဉ်မှာရော လေတန် အိုးရီးယန့်နဲ့ ပွဲမှာပါ မိနစ် ၉၀ပြည့် ကစားခဲ့သူပါ။ ဒါကြောင့် ၀င်းဂါး အနေနဲ့ ဆောင်းကို အနားပေးပြီး ဘရာဇီးလ် ကွင်းလယ် ကစားသမား ဒီနယ်လ်ဆင်ကို ကွင်းလယ် ခံစစ် နေရာမှာ ဆယ်ကျော်သက် အံ့ဖွယ်သူရဲ ၀ီရှိုင်းယားနဲ့ အတူတွဲ ကစားစေဖွယ် ရှိပါတယ်။
တိုက်စစ်
အာဆင်နယ် အသင်းဟာ စတုတ်စီးတီးနဲ့ ပွဲမှာ တံကောက်ကြော ဒဏ်ရာကြောင့် ပါဝင်ခွင့် မရခဲ့တဲ့ ရော်ဘင် ဗန်ပါစီ ပြန်လည် ပါဝင်လာမှာကြောင့် ဒါဟာ အသင်း အတွက်တော့ သတင်းကောင်း ပါပဲ။ ဒီ ဟော်လန် တိုက်စစ်မှူးဟာ ဒီနှစ် ဘောလုံး ရာသီမှာ ၁၀ပွဲ ကစားပြီး ၁၂ဂိုး သွင်းနိုင်ခဲ့တဲ့ ပုံစံဝင်နေတဲ့ တိုက်စစ်မှူးပါ။ ဗန်ပါစီဟာ တိုက်စစ်မှူး တစ်ဦးတည်း အထောင် တိုက်စစ်မှူး အဖြစ် ပွဲထွက်လာဖွယ် ရှိနေပြီး အာဆင်နယ် တိုက်စစ်ရဲ့ ဗဟိုချက် အဖြစ် အသုံးတော် ခံပါလိမ့်မယ်။
သို့သော်လည်း ဂန်းနားတွေမှာ မြန်နှုန်းမြင့် ကွင်းလယ် ကစားသမား သီယို ဝေါလ်ကော့တော့ ပါနိုင်မှာ မဟုတ်ပါဘူး။ သူဟာ စတုတ်စီးတီးနဲ့ နောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာ ရရှိခဲ့တဲ့ ခြေကျင်းဝတ် ဒဏ်ရာကြောင့် ကားလင်းဖလား ဖိုင်နယ်ပွဲကို သေချာပေါက် လွဲချော် ရတော့မှာပါ။ ဒါကြောင့် အတွေ့အကြုံရင့်ပြီး ဖန်တီးမှု အားကောင်းတဲ့ ချက်ကစားသမား ရိုစင်စကီးဟာ ညာတောင်ပံ တိုက်စစ်မှာ အလိုအလျှောက် ပွဲထွက်ခွင့် ရဖွယ် ရှိနေပါတယ်။ တကယ်လို့သာ ဝေါလ်ကော့ ပါဝင် ကစားနိုင်မယ် ဆိုရင်တော့ သူ့ရဲ့ မြန်နှုန်းက အာဆင်နယ် အသင်းအတွက် တကယ့် အရေးပါတဲ့ အဖိုးတန် အရည်အချင်း ဖြစ်စေမှာ အမှန်ပါပဲ။
ဘယ်တောင်ပံ တိုက်စစ်မှာတော့ ရုရှား တိုက်စစ်မှူး အာရှာဗင်ပဲ နေရာ ရပါလိ့မ်မယ်။ ပုံမှန် ခြေစွမ်း ပြရနေပြီ ဖြစ်တဲ့ အာရှာဗင်ဟာ ဘာမင်ဂမ် ခံစစ်ကြောင်းကို အကောင်းဆုံး ခြိမ်းခြောက် ဒုက္ခပေးဖွယ် ရှိပါတယ်။ အကောင်းဆုံး ပုံစံ ရနေတဲ့ ပြင်သစ် ကွင်းလယ် ကစားသမား နာဆရီ ကတော့ ဒဏ်ရာက သက်သာ လာတာ မကြာသေးတဲ့ အပြင် စတုတ်နဲ့ ပွဲစဉ်ကိုပါ မိနစ် ၉၀ပြည့် ကစားခဲ့တာကြောင့် ၀င်းဂါး အနေနဲ့ စွန့်စား အသုံးပြု ခြင်းထက် အရန်ခုံ မှာပဲ ပွဲထွက်စေမယ်လို့ ထင်မှတ် ရပါတယ်။
ဒီလိုပါပဲ၊ အာဆင်နယ် အသင်းရဲ့ အဟန့်ကောင်းတဲ့ တိုက်စစ်မှူး နှစ်ဦးဖြစ်တဲ့ ဘန့်တနာနဲ့ ချာမက် တို့ဟာလည်း အရန်ခုံမှာ အရန်သင့် ရှိနေကြပါလိမ့်မယ်။
ဖြစ်နိုင်ဖွယ် ပွဲထွက် လူစာရင်း
----------------------- ဆက်ဇာနီ
-- ဆက်ကညာ ---- ဂျိုရူး ---- ကိုဆီရယ်နီ ---- ကလစ်ချီ
---------------- ၀ီရှိုင်းယား ---- ဒီနယ်လ်ဆင်
------------------------- ဒီယာဘီ
--- ရိုစင်စကီး ---------------------------------- အာရှာဗင်
--------------------------- ဗန်ပါစီ
လူစားလဲမှုများ
အရန်ခုံတန်းမှာ ကစားသမား ၇ဦး နေရာရမှာ ဖြစ်ပြီး အယ်လ်မူနီးယား ကတော့ သေချာပေါက် တစ်နေရာ ရပါလိမ့်မယ်။ စကွီလာစီ၊ အီဘိုယေး၊ ဂစ်ဘ် တို့က နောက်တန်း ကစားသမား တွေရဲ့ အရန်သင့် ရှိနေမှာ ဖြစ်ပြီး ချာမက်၊ နာဆရီနဲ့ ဘန့်တနာ တို့ကတော့ လိုအပ်တဲ့ အချိန်မှာ ၀င်ရောက် ခြေစွမ်းပြဖို့ ဖြစ်လာပါလိမ့်မယ်။
အာဆင်နယ် အသင်းရဲ့ ၅နှစ်တာ ဖလား လက်မဲ့ ကျိန်စာဆိုးက လာမယ့် တနင်္ဂနွေနေ့ ညမှာ ရပ်တန့် သွားတော့မှာလား ဒါမှမဟုတ် ဘာမင်ဂမ် အသင်းရဲ့ ခပ်ကြမ်းကြမ်း ကစားဟန်ကပဲ ဖာဘရီဂတ်စ် မပါမယ့် အာဆင်နယ် အသင်းအတွက် ခက်ခဲလွန်းတဲ့ အတားအဆီး ဖြစ်နေမလား ဆိုတာကတော့ မျက်ဝါးထင်ထင် တွေ့မြင် ကြရတော့မှာပါ။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်