Monday 15 August 2011

ပင်နီဆီလင် တွေ့ရှိမှုနောက်ပိုင်း အကြီးကျယ်ဆုံး တွေ့ရှိမှုလော ဗိုင်းရပ်စ်ပိုး အမျိုးမျိုးကို တိုက်ခိုက်နိုင်မည့် ဆေးဝါးသစ် တီထွင်နိုင်ပြီ

မက်ဆာချူးဆက် နည်းပညာ တက္ကသိုလ် (MIT) မှ ပညာရှင်များသည် ဗိုင်းရပ်စ်ပိုး အမျိုးမျိုးကို တိုက်ခိုက်နိုင်မည့် ဆေးဝါးသစ် တစ်မျိုးကို တီထွင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့ကြသည်။ ကျန်းမာသည့် ဆဲလ်များကို ထိခိုက်မှုမရှိဘဲ မည်သည့် ဗိုင်းရပ်စ် ကူးစက်ခံရသည့် ဆဲလ်ကိုမဆို ကိုယ့်ကိုယ့်ကိုယ် အဆုံး စီရင်သကဲ့သို့ ဖြစ်စေနိုင်သော ကုထုံးသစ်ကို ဓာတ်ခွဲခန်းအတွင်း၌ တိရစ္ဆာန်နှင့် လူသားဆဲလ်များတွင် စမ်းသပ် ကြည့်ရာ၌ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

ထုတ်လုပ်နိုင်ပါက ပင်နီဆီလင်ဆေး တွေ့ရှိမှုနောက်ပိုင်း ဆေးပညာလောက၏ အကြီးအကျယ်ဆုံး အောင်မြင်မှု ဖြစ်လာနိုင်သော ယင်းဆေးဝါးသစ်သည် သာမန် အအေးမိမှုမှသည် H1N1 တုပ်ကွေး၊ သွေးလွန်တုပ်ကွေး၊ ပိုလီယိုဗိုင်းရပ်စ် အပါအ၀င် ဗိုင်းရပ်စ် ၁၅ မျိုးခန့်ကို နှိမ်နင်းရာတွင် အလုပ် ဖြစ်ကြောင်း တွေ့ရှိခဲ့ကြသည်။ သီအိုရီအရဆိုလျှင် အိပ်ခ်ျအိုင်ဗွီ အပါအ၀င် မည်သည့် ဗိုင်းရပ်စ်ကိုမဆို တိုက်ခိုက်နိုင်သည်ဟု ဆိုနိုင်ကြောင်း MIT မှ ပညာရှင်များက ပြောကြားခဲ့သည်။
ယင်းဆေးဝါးသည် လူသားဆဲလ်၏ သဘာဝ ကိုယ်ခံစနစ်များကို သုံးပြီး ဗိုင်းရပ်စ်ကူးစက်မှုကို ဟန့်တားခြင်း ဖြစ်သည်။ ဗိုင်းရပ်စ်က ကျန်းမာသော ဆဲလ်တစ်ခုကို ကူးစက်သောအခါ ယင်းဆဲလ်၏ လည်ပတ်မှုကို ဗိုင်းရပ်စ်၏ ရည်ရွယ်ချက် ဖြစ်သော ပွားရန်အတွက် သုံးလေ့ရှိသည်။ ယင်းသို့ဖြစ်ရာတွင် ဗိုင်းရပ်စ်သည် ရှည်လျားသောနှစ်မြွှာကွဲ ကူးစက်ခံ ဆဲလ်အက်ကြောင်းများ (dsRNA) ကို ဖြစ်ပေါ်စေသည်။ တဖြည်းဖြည်းနှင့် ဗိုင်းရပ်စ်ပွားသည့် လုပ်ငန်းစဉ် ပြီးဆုံးသောအခါ လက်ခံဆဲလ်ကို သတ်ပစ်လေ့ရှိသည်။
ယင်းကူးစက်မှုကို ဟန့်တားရန် အတွက် လူသားဆဲလ်တွင် dsRNA ကိုကပ်ပြီး ဗိုင်းရပ်စ် ကွဲပွားခြင်းကို ဟန့်တားသော ပရိုတိန်းများ ရှိနေလေ့ရှိသည်။ ယင်းပရိုတိန်းများ အနက်မှ တစ်ခုကို ဆဲလ်များကို ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်စေရန် သွေးဆောင်သည့် အခြား ပရိုတိန်းတစ်ခုဖြင့် ပေါင်းစပ်စေသည့် apoptosis ဟု ခေါ်သော လုပ်ငန်းစဉ် ဖြစ်ပေါ်စေရန် ယင်းဆေးဖြင့် ဖန်တီးခြင်း ဖြစ်သည်။ယင်းနည်းလမ်းဖြင့် ဗိုင်းရပ်စ်များ မပွားနိုင်မီ ဗိုင်းရပ်စ် အကူးစက်ခံနေရသော ဆဲလ်ကို ရွေးသတ်ပြီး ကျန်းမာသည့် ဆဲလ်များကို မထိခိုက်စေနိုင်သည့် ကုထုံးကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်