Thursday 20 October 2011

မျိုးတုံးပျောက်ကွယ်တော့မည့် ဧရာဝတီလင်းပိုင်များ

မဲခေါင်မြစ်တွင်းမှ ရှိစု မဲ့စု လင်းပိုင်များ၏ ကောင်ရေ ကျဆင်းနေရခြင်မှာ ငါးဖမ်းပိုက်များတွင် ဖမ်းမိခြင်းနှင့် လင်းပိုင်ပေါက်များ သေကျေ ပျက်စီးမှုနှုန်း မြင့်ခြင်းတို့ ကြောင့် ဖြစ်သည်ဟု ယူဆရသည်။ မဲခေါင်မြစ်တွင်းမှာ ဧရာဝတီလင်းပိုင် ကောင်ရေသည် (၈၅) ကောင်သာ ရှိတော့သည်ဟု ခန့်မှန်းရပြီး
မျိုးတုံးပျောက်ကွယ်တော့မည့် အန္တရာယ် အလွန်ကြီးနေသည်ဟု ကမ္ဘာ့ တောရိုင်း တိရစ္ဆာန်များ စောင့်ရှောက်ရေးအဖွဲ့ က ဆိုပါသည်။ ငါးဖမ်းကရိယာ အထူးသဖြင့် ၀ိုင်းပိုက်များနှင့် ဥပဒေမဲ့ ငါးဖမ်းနည်းများဖြစ်သော ဗုံးခွဲခြင်း။ အဆိပ်ခတ်ခြင်း။ လျှပ်စစ်ဓါတ်လွှတ်ခြင်း စသည့်နည်းများသည် ငါးများကို အသေအပျောက် များစေကြောင်း တွေ့ ရှိရပြီး၊ (၂၀၀၇) ခုနှစ်မှ (၂၀၁၀) ခုနှစ်အတွင်း လေ့လာချက်တခုအရ ငါး ကောင်ရေသည် တဖြည်းဖြည်း ကျဆင်း လာနေလျက် ရှိကြောင်းသိရသည်။ "လင်းပိုင်ပေါက် ကလေးတွေထဲမှာ အရွယ်ရောက်တဲ့အထိ အသက်ရှင်တာရယ်လို့ ရှားပါးကြောင်း အထောက်အထား ကောင်းကောင်းတွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သေသွားတဲ့ အကောင်ကြီးတွေကို အစား မထိုးနိုင်ကြလို့ ပါဘဲ။" ဟု ကမ္ဘာ့ တောရိုင်း တိရစ္ဆာန်များ စောင့်ရှောက်ရေးအဖွဲ့ မှ ရေချို သတ္တ၀ါများ အစီအစဉ်၏ ညွှန်ကြားရေးမှူး လီလီဖုန်းက ဆိုပါသည်။
"ငါးပေါက်ကလေးတွေရဲ့  ကောင်ရေနဲ့ ပတ်သက်လို့ တောင် စိုးရိမ်စရာ ရှိနေပါတယ်။ ၀ိုင်း ပိုက်တွေမှာ ဖမ်းမိတာတွေက ပိုများများလာတော့ ငါးပေါက်ကလေးတွေရဲ့ အသေအပျောက်လည်း ပို များလာပါတယ်။ လင်းပိုင်တွေရဲ့ ရှေ့ ရေးအတွက် ကျနော်တို့ တကယ်ဘဲ စိုးရိမ်မိပါ တယ်။"
ဧရာဝတီလင်းပိုင်တို့ သည် ကမ္ဘောဒီးယားပိုင်နက်ရှိ ကရတ်တိုင်းနှင့် လာအိုနယ်စပ်ရှိ ခုံး ရေတံခွန်များအကြားရှိ ကီလိုမီတာ ၁၉၀ (၁၁၈ မိုင်)ရှည်သောမဲခေါင်မြစ်ကြောင်းအပိုင်းတွင် နေကြသည်။
ဧရာဝတီ လင်းပိုင်တို့ ကို ကမ္ဘောဒီးယားနှင့် လောနိုင်ငံတို့ ၏ တရားဥပဒေများက ကာကွယ် စောင့်ရှောက်ပေးထား သော်လည်း နှစ်နိုင်ငံ နယ်စပ်ရှိ ရေအိုင်ငယ်တအိုင်တွင် လင်းပိုင် ကောင်ရေသည် နည်းပါးလှပြီး၊ (၇) ကောင်၊ (၈) ကောင်ခန့်သာ ရှိနိုင်သည်ဟုလည်း ကမ္ဘာ့ တောရိုင်းတိရစ္ဆာန်များ စောင့်ရှောက်ရေးအဖွဲ့ ကပြောပြပါသည်။
လိုအပ်ပါက ၀ိုင်းပိုက်များကို ပိတ်ပင်ခြင်း အပါအ၀င် လင်းပိုင် ကာကွယ်စောင့်ရှောက်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပြတ်သားသော ပြည်တွင်းဥပဒေတရပ် ပြဌာန်းပေးရန် ထိုအဖွဲ့ ၏ အရာရှိက ကမ္ဘောဒီးယားအစိုးရအား မေတ္တာရပ်ခံထားသည်။
“ဒီလို တန်ဖိုးထားပြီး၊ အရိပ်တကြည့်ကြည့် ကြည့်နေရတဲ့ သတ္တ၀ါမျိုးတွေကို မျိုးတုံးပျောက် ကွယ်မသွားအောင် အကောင်းဆုံး ကယ်တင်နိုင်တဲ့ နည်းလမ်းကတော့ ပူးတွဲ ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းပါပဲ။”ဟု သူကဆိုပါသည်။
လင်းပိုင်တို့သည် တချိန်က ဗီယက်နမ်နိုင်ငံ၏ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသနှင့် ထိုမှတဖန် အထက်ပိုင်းဖြစ်သော ကမ္ဘောဒီးယားနိုင်ငံ၏ တုံနယ်ဆက်ဒေသမှ ဆန်တက်ကာ လောနိုင်ငံရှိ မြစ်လက်တက်များအထိ နေခဲ့ကြသည်။ ထိုအချိန်က လင်းပိုင်းများအား စစ်သားများက သေနတ်ဖြင့်ပစ်ပြီး၊ အဆီထုတ်ယူခဲ့ကြသည်။
လင်းပိုင်တို့ကို တောင်အာရှနှင့် အရှေ့ တောင်အာရှတို့ ၏ ကမ်းရိုးတန်းဒေသများတွင်၎င်း၊ မြစ်ကြီး (၃) စင်းဖြစ်သော မဲခေါင်မြစ်၊ မြန်မာနိုင်ငံရှိ ဧရာဝတီမြစ်နှင့်၊ အင်ဒိုနီးရှားနိုင်ငံ၊ ဘော် နီယိုကျွန်းရှိ မဟာခမ်မြစ်တို့တွင်၎င်း တွေ့နိုင်ပါသည်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်