စက်တင်ဘာလထဲမှာ လန်ဒန် အခြေစိုက် ပညာရေးအဖွဲ့အစည်းကြီးဖြစ်တဲ့ Quacquarelli Symonds က ကမ္ဘာ့ တက္ကသိုလ်များ အဆင့်အတန်းကို ထုတ်ပြန်ခဲ့သည်။ ပြဿနာက ကမ္ဘာ့ထိပ်တန်း တက္ကသိုလ် ၃၀၀ စာရင်းမှာ ဖိလစ်ပိုင်တက္ကသိုလ် တစ်ခုမှ မချိတ်နိုင်ခြင်းဖြစ်သည်။
အဆိုးဆုံးက ဖိလစ်ပိုင်တက္ကသိုလ်များရဲ့ အဆင့်အတန်း တစ်နှစ်ထက်တစ်နှစ် ကျဆင်းနေခြင်းပင်။ မနှစ်က ကမ္ဘာ့အဆင့် ၃၁၄ မှာ ရှိခဲ့တဲ့ University of the Philippines က ယခုနှစ် ၃၃၂ နေရာ ရောက်သွားပြီး၊ အဆင့် ၁၈ ဆင့် ထပ်ကျသွားခဲ့သည်။ မနှစ်က အဆင့် ၃၀၇ ရှိတဲ့ Ateneo de Manila University က ယခုနှစ် အဆင့် ၃၆၀ ကို ရောက်သွားသည်။
ဒီနှစ်ထဲ World Economic Forum က ထုတ်ပြန်တဲ့ ဖိလစ်ပိုင်ပညာရေးအခြေအနေကလည်း စိတ်ပျက်စရာ။ စီးပွားရေးဖိုရမ်ထဲပါဝင်တဲ့ အဖွဲ့ဝင် ၁၃၈ နိုင်ငံအနက် ဖိလစ်ပိုင် ပညာရေးအဆင့်တန်းက ၆၈ နေရာမှာသာ ရှိသည်။
အရှေ့တောင်အာရှမှာ ဖိလစ်ပိုင် ပညာရေးစနစ်က စင်္ကာပူ၊ ဘရူနိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ ဗီယက်နမ် တို့နောက်မှာသာ ရှိသည်။ ဒါပေမဲ့ ဖိလစ်ပိုင်ပညာရေးက ကမ္ဘောဒီးယား ထက်တော့ သာနေသေးသည်။
ဖိလစ်ပိုင် ပညာရေးစနစ်က တစ်ခါက အာရှမှာ အကောင်းဆုံးဖြစ်ခဲ့ပြီး၊ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်း ပညာရေးကို အတော်ကြာအောင် ချီးကျုးခံခဲ့ရသည်။ ယခုတော့ ပထမတန်းကို စတက်ခဲ့တဲ့ ကလေး ၁၀၀ အနက် ၁၄ ယောက်သာ တက္ကသိုလ်ကို ရောက်လာသည်။
ဖိလစ်ပိုင် ပညာရေးစနစ် ဆယ်စုနှစ်များစွာ ကျဆင်းလာရတဲ့ အဓိကအကြောင်းက အစိုးရ အဆက်ဆက်က ပညားရေးကဏ္ဍ အသုံးစရိတ် အလုံအလောက် ချပေးမှုမရှိသောကြောင့် ဖြစ်သည်။ အင်္ဂလိပ်စကားပြော အလုပ်သမားကိုသာ အဓိကထားတဲ့ နိုင်ငံအနေနဲ့ ပညာရေးစနစ်ဆိုးရွားလာခြင်းမှာ တိုင်းပြည်စီးပွားရေး အတွက်ပါ ပြဿနာရှိလာသည်။
ကံကောင်းတာက တိုင်းပြည်ရဲ့ ပညာရေးကိစ္စကို အဓိက ဖိလစ်ပိုင် အမျိုးသားရေးပြဿနာအဖြစ် အာဂျင်ဒါ တင်လာကြခြင်းပင်။ လက်ရှိသမ္မတ အကွီနို က ရွေးကောက်ပွဲမှာ ပညာရေးစနစ်မြှင့်တင်ဖို့ ကမ်ပိန်းဆွယ်ခဲ့သည်။ သူက ပညာရေးဌာန အသုံးစရိတ်ကို ၁၅.၂ ရာခိုင်နှုန်းမြှင့်ပေးခဲ့သည်။ ၂၀၁၁ ခုနှစ် အသုံးစရိတ် ပီဆိုငွေ ၂၀၇.၃ ဘီလီယံ ကနေ ၂၀၁၂ ခုနှစ်အတွက် ပီဆို ၂၃၈.၈ ဘီလီယံ (ဘတ်ငွေ ၁၇၀.၄ ဘီလီယံ) တိုးမြှင့်ပေးခဲ့သည်။
သို့သော် ပညာရေးပြဿနာက ကြီးမားလှသည်။ အစိုးရ မူလတန်းကျောင်းနဲ့ အထက်တန်းကျောင်း ၄၅,၀၀၀ မှာ စာသင်ခုံ ၂.၅ သန်း လိုအပ်နေသည်။ စာသင်ခန်း ၆၀၀၀ အရေးပေါ် ဆောက်ဖို့ လိုအပ်နေသည်။ လောလောဆယ် စာသင်ချိန်များအတွင်း ကလေးတွေ ကျပ်လွန်းလို့ ကြမ်းပြင်ပေါ်မှာ ထိုင်ကြရသည်။ ဖတ်စာအုပ်တွေ မျှဝေကြည့်နေရသည်။
သမ္မတက သူ့လက်ထက်မှာ ၁၀ နှစ်သင် အခြေခံပညာရေးစနစ်ကို နောက်ထပ် ၂ နှစ် ထပ်တိုးလိုက်ပြီး၊ ၁၂ နှစ် ဖြစ်သွားသည်။ မူလတန်းပညာရေး ၇ နှစ်နှင့် အလယ်တန်းဆင့် (Secondary) ငါးနှစ်ဖြစ်သည်။ နိုင်ငံတကာ ပညာရေးလယ်ဗယ်နဲ့ ညှိဖို့ဖြစ်သည်။
ဒါပေမဲ့ မိဘအများစုက ဆန့်ကျင်လာကြသည်။ နှစ်နှစ်ပိုထားရတဲ့အတွက် ကလေးအတွက် ကုန်စရိတ် ပိုများသည်။ သူတို့သားသမီး အလုပ်အကိုင်ရဖို့ နောက်ထပ် နှစ်နှစ် ပိုကြန့်ကြာသွားသည်။ အခြားဝေဖန်သူတွေ ကလည်း ဆရာအရေအတွက် မလုံလောက်မှု၊ ပြဌာန်းစာအုပ်နဲ့ အခြား သင်ထောက်ကူပစ္စည်း မပြည့်စုံမှုတွေကို ထောက်ပြပြီး ပညာရေးစနစ်သစ်ကို ဝေဖန်ကြသည်။
တက္ကသိုလ်တွေကလည်း အစိုးရက မူလတန်းနဲ့ အလယ်တန်း အခြေခံပညာရေးကိုသာ ဂရုစိုက်နေပြီး၊ အဆင့်မြင့် ပညာရေးကို လျစ်လျူရှုထားသည်ဟု ဝေဖန်ကြသည်။ အကွီနို အစိုးရက မနှစ်က တက္ကသိုလ်နဲ့ ကောလိပ် ဘတ်ဂျက်အသုံးစရိတ်ကို လျှော့ချခဲ့သည်။
ဖိလစ်ပိုင်ပညာရေးစနစ်မှာ နောက်ထပ် အကြီးမားဆုံးရင်ဆိုင်နေရတဲ့ ပြဿနာက ကျွမ်းကျင်မှု (skills) နဲ့ အလုပ် (jobs) ကို မတွဲစပ်နိုင်ခြင်း ဖြစ်သည်။ အစိုးရကော ဝေဖန်သူတွေပါ နှစ်ဖက်စလုံးက စနစ်တကျ ဖြေရှင်းနိုင်မယ့် နည်းလမ်း ရှာမတွေ့နိုင် ဖြစ်နေသည်။ ရလဒ်အဖြစ် ဖိလစ်ပိုင်မှာ အလုပ်လက်မဲ့နှုန်း အရမ်း မြင့်မားနေသည်။
သို့သော် တချို့ကတော့ ဆယ်စုနှစ်များစွာ ဆိုးရွားနေခဲ့တဲ့ တိုင်းပြည်ပညာရေးကို အမျိုးသားရေး ပြဿနာအဖြစ် ရှေ့တန်းတင် ပြောဆိုလာတာ၊ လက်ရှိ အခြေခံပညာရေးကို စနစ်တကျ ပြန်တည်ဆောက်ဖို့ ကြိုးစားနေတာက ရေရှည်အတွက် အကျိုးရှိနိုင်သည်ဟု အကောင်းမြင်ကြသည်။
ရေတိုကာလမှာတော့ ဖိလစ်ပိုင် တက္ကသိုလ်တွေ ကမ္ဘာ့အဆင့်မှာ မလွှဲမရှောင်သာ ဓားမနောက်ပိတ်ခွေ ဖြစ်နေဦးမည်ပင်။
No comments:
Post a Comment