Tuesday 2 August 2011

ဦးချို ၁၅ ချောင်းရှိသည့် ဒိုင်နိုဆောရုပ်ကြွင်း အမေရိကန် အနောက်ပိုင်းတွင် တွေ့ရှိ

ဦးချို ၁၅ ချောင်းပါသည့် ဒိုင်နိုဆော တစ်ကောင်၏ ကျောက်ဖြစ်ရုပ်ကြွင်းနှင့် အခြား ကြီးမားသော ဒိုင်နိုဆော တစ်ကောင်၏ ရုပ်ကြွင်းတစ်ခုအား အမေရိကန်နိုင်ငံ အနောက်ပိုင်း သဲကန္တာရအတွင်းတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။
နာမည်ကျော် အရွက်စား ဒိုင်နိုဆော Triceratops အနွယ်ဝင် ယင်း ဒိုင်နိုဆော ရုပ်ကြွင်းနှစ်ခုကို တွေ့ရှိခဲ့ရာတွင် တစ်ခု၌ ဦးချို ၁၅ ခု ပါဝင်သည်ကို တွေ့ခဲ့ရသလို ကျန်တစ်ခုမှာလည်း ၇ ပေမျှ ရှည်သော ခေါင်းခွံကြီး ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
ယင်း သတ္တ၀ါကြီးများသည် လွန်ခဲ့သော နှစ်သန်းပေါင်း ၇၆ သန်းက ရှင်သန်ခဲ့သည်ဟု ယူဆရကြောင်း ပညာရှင်များက စက်တင်ဘာလ ၂၂ ရက်နေ့တွင် ထုတ်ပြန် ပြောကြားခဲ့သည်။
ယင်းအပင်စား အကောင်ကြီးများသည် ယခု မြောက်အမေရိကတိုက် အလယ်ပိုင်းတွင် ရေလွှမ်းနေစဉ်က ပျောက်ဆုံးနေသော လာရာမီဒီရာတိုက်ကြီးတွင် ရှင်သန်ကျက်စားခဲ့သည့် သတ္တ၀ါကြီးများ ဖြစ်ကြောင်း လေ့လာမှုက ဖော်ပြထားသည်။
ယင်းတွေ့ရှိသည့် အထဲမှ အကောင်ကြီးကို Utahceratops gettyi ဟု တွေ့ရှိသည့် အမေရိကန် ဥတာ့ရ် ပြည်နယ်နှင့် တွေ့ရှိသူ ဥတာ့ရ် အမျိုးသားသမိုင်းပြတိုက် ရုပ်ကြွင်း စုဆောင်းရေး မန်နေဂျာ မိုက်ဂက်တီတို့ကို အစွဲပြုပြီး မှည့်ခေါ်ထားသည်။ Ceratops မှာမူ ရှေးခေတ် ဂရိအခေါ်အရ ဦးချိုပါသော မျက်နှာဟု အဓိပ္ပာယ်ရသည်။ ယင်းဒိုင်နိုဆောကြီးမှာ ခေါင်းအလွန်ကြီးသည့် ကြံ့ကြီး တစ်ကောင်နှင့်တူသည်ဟု ဆိုနိုင်ကြောင်း ယခု သုတေသနကို ပူးတွဲဆောင်ရွက်ခဲ့သည့် မာ့ခ်လိုဝင် က ဆိုသည်။ ယင်း အကောင်ကြီးမှာ သုံးတန်မှ လေးတန် အထိ လေးနိုင်ပြီး ပုခုံးအထိ အမြင့်ခြောက်ပေ ရှိနိုင်ကာ ၁၈ ပေ မှ ၂၂ ပေအထိ ရှည်နိုင်ကြောင်း တွေ့ရှိရသည့် ခေါင်းခွံကိုကြည့်ကာ သုံးသပ်ထားသည်။
ဦးချို ၁၅ ခုပါသည့် အရွယ်သေးသော ဒိုင်နိုဆောကိုမူ Kosmo-ceratops richardsoni ဟု အမည် ပေးထားကာ kosmos မှာ ရှုပ်ထွေးသော ဆင်ယင်မှုဟု အမည်ရပြီး richardsoni မှာ ဦးခေါင်းခွံနှစ်ခုကို တွေ့ရှိခဲ့သည့် စေတနာ့ဝန်ထမ်း သုတေ သနပညာရှင် စကော့ရစ်ချတ်ဆင်ကို ဂုဏ်ပြု မှည့်ခေါ်ထားခြင်း ဖြစ်သည်။ ယင်းအကောင်ကြီး၏ ဦးချို ၁၅ ခု အနက် တစ်ခုမှာ နှာခေါင်းပေါ်၊ နှစ်ခုမှာ မျက်လုံးနှစ်လုံးပေါ်၊ နှစ်ခုမှာ ပါးတစ်ဖက်တစ်ချက်စီပေါ်တွင် ရှိပြီး ကျန် ၁၀ ခုမှာ ခေါင်း နောက်ဘက်တွင် ချွန်းထွက်နေခြင်း ဖြစ်သည်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်