(ဗိုင်းရပ်စ်)ကို ဆရာဝန်တွေထက် ကွန်ပြူတာ သုံးသူတွေက ပိုသိကြမယ်ထင်ပါတယ်။ ဒီနယ်ပယ် နှစ်ခုလုံးမှာ (ဗိုင်းရပ်စ်)က ဗီလိန်ပါ။ အဏုဇီဝဗေဒ ဆိုတာ သင်ရတုံးကတောင် (ဗိုင်းရပ်စ်)ဟာ ဆေးစာအုပ်တွေမှာ နေရာ သိပ်ရသေးတာ မဟုတ်ပါ။ အဲဒီပိုးကို သိပ္ပံဆရာတွေက သက်ရှိလို့တောင် သတ်မှတ်သေးတာ မဟုတ်လို့ ဇီဝစာရင်းထဲ မထည့်ခဲ့တာလည်း ဖြစ်မယ်။ ဒါပေမဲ့ အသက်ရှိတဲ့ လူ - တိရစ္ဆာန် - အပင်တွေကို ဒုက္ခ မလှမပ ပေးနေတာ တော့ အမှန်ပဲ။
(ကျွန်တော်ကတော့ သက်ရှိ စာရင်းမှာ အတင်း သွင်းလိုက်တယ်။) (ဗိုင်းရပ်စ်) ဆိုတဲ့ သတ္တ၀ါတွေ ကနေ လူတွေကို ဖြစ်စေတဲ့ ရောဂါ နာမည်တွေ ပြောရင် တချို့ မျက်လုံး နည်းနည်းပြူး ကြမယ်ထင်တယ်။ ပြောကြည့်ပါမယ်။ (ပိုလီယို)၊ ဒါလောက်တော့ ဘယ်ဆန်းလဲ ပြောမယ်။ (အိတ်ခ်ျအိုင်ဗွီ)၊ သိသားဘဲ။ နောက် တစ်ခုဗျာ၊ အသားဝါ။ သိလွန်းလို့။ ဆက်ဖတ်ပါ။ ခွေးရူးပြန်။ နည်းနည်း ဆန်းမယ်နော်။ အအေးမိ၊ ရေယုံ၊ တုပ်ကွေး၊ ပသိရောင်၊ ၀က်သက်၊ ၀မ်းရှော၊ သွေးလွန်တုပ်ကွေး၊ အများကြီးနော်။ ကင်ဆာနဲ့ ကြွက်နို့တောင် ပါချင်သေးတာ။ ရောဂါ အရေအတွက်ကလည်း မနည်းသလို၊ အဖြစ်များလှတဲ့ ရောဂါတွေ တွေ့တယ် မဟုတ်လား။
အဲဒီ (ဗိုင်းရပ်စ်) အမျိုးမျိုးကနေ ရောဂါ အမျိုးမျိုးကို ဖြစ်စေကြပေမဲ့ သူတို့အားလုံးမှာ တူတာ တစ်ခု ရှိပါတယ်။ ကနေ့ အချိန်ထိ ဒီကောင်တွေကို ဘယ်ဆေးနဲ့မှ သတ်မရသေးတာပါ။ အနိုင်တိုက် မရသေးသ၍၊ အတော် အားကောင်း၊ အတော် ခိုင်မာလှတယ်လို့ ထင်ရမှာပေါ့။ သမိုင်း ကြည့်ရင် အသက်ပြင်းတဲ့ အကောင် မှန်သမျှ တစ်နေ့ကျ နိုင်တာ ပေါ်ရစမြဲ မဟုတ်ပါလား။ တစ်ချိန်က ဆိုးသွမ်း သောင်းကျန်းခဲ့တဲ့ (ဗက်တီးရီးယား)တွေ (ပနယ်စလင်)ပေါ်လာလို့ အတော် အထိနာ သွားရတယ်။ ကျောက်ဆိုရင် အမျိုး ပါတုံးသွားလို့ သုတေသန လုပ်ဘို့တောင် အနိုင်နိုင် သိမ်းဆည်းထားရတာ။ ဒါ့ကြောင့် ကလေးများ သွေးလွန် တုပ်ကွေး ဘေးက ဝေးအောင် လုပ်ပေးမှ တော်မယ် ထင်ပါတယ်။
တစ်ခုတော့ရှိတယ်၊ သွေးလွန်တုပ်ကွေးကို ကလေးရောဂါလို့ ထင်တာ မမှန်ဘူး။ ဆင်းရဲတဲ့ လူတွေပဲ ဖြစ်တယ် ထင်ရင်လဲ မှားပါလိမ့်တယ်။ ရောဂါကို စသိတာ အနှစ် ၂၀၀ ကျော်ပါပြီ။ ဘိုလိုဆိုရင် (ဒင်ဂေး-ဟမိုရေးဂျစ်-ဖီဗာ)လို့ခေါ်တယ်။ (ဒင်ဂေး)လို့ အသံထွက်တာ ပိုမှန်သတဲ့။ ဒါပေမဲ့ ဒီစာလုံး ဘယ်ကနေ ပေါ်ခဲ့တယ် ဆိုတာ တိတိပပ မသိကြပါ။ ရှေးကတည်းကမို့ ဆိုးဝါးပြီး ရေရေရာရာ မသိတိုင်း မကောင်းဆိုးဝါးကို ရမယ်ဖွဲ့ ကြတာမို့ အဲလို စကားလုံးကနေ ရတာလို့ ထင်ကြပါတယ်။
ဒီကာလအတွင်းမှာ “ရောဂန္တရကပ်” အထိ ဆိုးအောင်လည်း ဖြစ်ခဲ့ဘူးတယ်။ (ပင်းဒမစ်)အဆင့်ပေါ့။ ကွက်ပြီး အများကြီးဖြစ်တဲ့(အင်းဒမစ်)ကပ်လိုကတော့ အခုထိ ဖြစ်နေဆဲဘဲ။ ကူးစက်ရောဂါ ဆိုတာတွေက “ကံဆိုးမသွားရာ-မိုးလိုက်ရွာ”ဆိုသလို ဆင်းရဲလေလေ နှိပ်စက်လေလေပဲ။ အာရှ၊ အာဖရိက၊ တောင်အမေရိက။ ဒါပေမဲ့ ချမ်းသာတယ် ပြောရမယ့် တိုင်ဝမ်၊ စင်္ကာပူ၊ ဆောဒီအာရေးဗီးယားတို့လည်း မလွတ်ပါဘူး။ လွန်ခဲတဲ့ ဆယ်စုနှစ်တွေ အတွင်း တိုးတိုးလာလို့ သွေးလွန်တုပ်ကွေး ပြန့်နှံ့ပုံကဖြင့် ကနေ့ ကမ္ဘာတစ်လွှား ဒုက္ခများများ ပေးနေတဲ့ ငှက်ဖျားနဲ့ နင်လား ငါလားပါဘဲ။
ငှက်ဖျားနဲ့ တူသေးတာက ခြင်ကနေ ကူးတာပါ။ ခြင်အမျိုးတော့ မတူဘူး။ “ငှက်ဖျားခြင်က တောသား၊” “သွေးလွန်ခြင်က မြို့သူ။” ဘာလို့လဲဆိုတော့ သွေးလွန်ဟာ ခြင်အမကနေပဲ ကူးတာမို့။ မ သဘာဝ တူသေးတာ တစ်ခုက ညမှာ အိမ်တွင်းအောင်းပြီး၊ နေ့မှာသာ ထွက်ကိုက်တယ်။ အစာရှာတာပေါ့ဗျာ။ အမဖြစ်တော့ အသန့် ကြိုက်တယ်။ ရေသန့်မှာ နေတဲ့ အမျိုး။ ဒါ့ကြောင့် အဲဒီခြင်မျိုး နှိမ်နင်းဖို့ မော်တော်ကား၊ ဆိုင်ကယ် တာယာဟောင်း၊ ပေပါခွံ၊ ပုံးခွံ၊ ညောင်ရေအိုးတွေမှာ ကျန်နေ-အောင်းနေတဲ့ရေ၊ ရေအိုး၊ စဥ့်အိုးတွေထဲ ကြာကြာလှောင်ထားတဲ့ရေ မှန်သမျှ သွန်ခိုင်းရတယ်။ ရေတွေထဲ ခြင်ပိုးလောက်လန်းတွေ မပေါက်အောင် လုပ်ရတာပါ။ ခြင်းစား ငါးမွေးတာတို့၊ ပိုးလောက်လန်း သတ်ဆေးတို့လဲ သုံးနိုင်တယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ ရေနံချေး ၀အောင် သုတ်ထားတဲ့ အိမ်ထရံတွေ၊ တိုင်တွေပေါ်မှာ ရေးထားတတ်တဲ့ (ဒီတီတီ) ကလည်း ခြင်ကို အတော်အသင့် နိုင်ပါတယ်။
သွေးလွန်တုပ်ကွေးမှာ အထင်နဲ့ အမြင် မဆင်တာ တစ်ခု ပြောရဦးမယ်။ နာမည်က သွေးလွန်ဆိုတာနဲ့ သွေးလွန်ပြီး သေနိုင်တယ်လို့ ထင်တာ မဟုတ်ပါ။ ကိုယ်ထဲက အရည်တွေရော သွေးရော ယိုလို့ နောက်ဆုံး (ရှော့ခ်) ရတာကြောင့်သာ သေတာဖြစ်ပါတယ်။ ဒါပေမဲ့ “သွေးယိုတုပ်ကွေး”လို့နာမည်ပေးရင်တော့ မမိုက်ဘူးဗျ။
စဖြစ်တော့ ရိုးရိုးတုပ်ကွေးလို ဖျား၊ ခေါင်းကိုက်၊ ဟိုက ဒီကနာ ဖြစ်မယ်။ အရိုးထဲက နာတာ သိသာတယ်။ တချို့က “အရိုးကွဲဖျား” လို့တောင် ခေါ်သေးတယ်။ ခပ်ရဲရဲ အနီပြင်တွေ ထွက်မယ်။ ပြီးရင် သွေးပြဿနာ တက်လာပါမယ်။ သွေးခြည်ဥတွေ ထွက်၊ နှာခေါင်း သွေးယို၊ သွားဖုံး သွေးယို၊ ပါးစပ်ကနေ သွေးအန်၊ ဆီးထဲ သွေးပါမယ်၊ ၀မ်းထဲ သွေးပါရင် ၀မ်းအရောင်မဲတာနဲ့ သိမယ်။ အရွယ်ရောက် အမျိုးသမီးဆိုရင် လစဉ် ဆင်းတာက များမယ်။ နဲနဲကြာလာရင် သတိမကောင်း ဖြစ်ရာကနေ သတိ လုံးဝ လစ်မယ်၊ တက်လည်း တက်နိုင်တယ်။ တကယ်လို့ ဗိုက်နာ၊ ဆက်တိုက်အန်၊ ဖျားနေတုံး ချွေးပြန်တယ်ဆိုရင် မကောင်းတဲ့ လက္ခဏာဘဲ။ တစ်ကိုယ်လုံးအေးစက်၊ ပျော့ခွေပြီး၊ ဂနာမငြိမ် ဖြစ်ရာကနေ သတိလက်လွတ် ဖြစ်လာရင်တော့ အရေးပေါ် အခြေအနေ ဖြစ်သွားပါပြီ။ အသက်လုပြီး ကုရပါတော့မယ်။
သွေးလွန်တုပ်ကွေးလို့သေချာအောင် သွေးစစ်ရတယ်။ ရောဂါကို ဆန့်ကျင်တဲ့ဓါတ် (အင်တီဘော်ဒီ) တွေ့မယ်။ သွေးထဲက သွေးမှုန် (ပလိတ်လက်)ဆိုတာ နည်းနေပါလိမ့်မယ်။ သူက ပြဒါးတိုင်လိုဘဲ။ အဆိုး-အကောင်းကို ညွှန်းပါတယ်။ ဆိုးလွန်းလို့ ကုရင်လဲ သွေးမှုန်ကို သွင်းပေးရတယ်။ သွေးဆိုတာ အရည်နဲ့ အခဲ ရောနေတာပါ။ အခဲပိုင်းမှာ သွေးနီဥ၊ သွေးဖြူဥ အပြင် သွေးမှုန်ဆိုပြီး သုံးမျိုး ရှိပါတယ်။ ဒီကောင်တွေက အသေးဆုံး၊ ဒါပေမဲ့ သူရှိမှ လူ့သွေးဟာ ခဲနိုင်တယ်။ မခဲရင် သွေးယိုမယ်လေ။ သွေးဆိုတာ ရဲမှ ခဲမှ ကောင်းတယ်။
တခြား တခြားသော (ဗိုင်းရပ်စ်) ရောဂါတွေလိုပဲ၊ သွေးလွန်တုပ်ကွေးကို တိတိကျကျ ကုသနည်း မရှိပါ။ ကံကောင်းသူများက ၁ ပါတ် ကြာရင် ပျောက်မှာပါ။ ရေနဲ့ အရည် များများ သောက်ခိုင်း။ အနားယူခိုင်း၊ ခြင်ထောင်နဲ့ အိပ်ရင် သူများကို မကူးစေဘူးပေါ့။ အန်နေရင်တော့ သွေးကြော ထဲကနေ သွင်းပေးရမှာပါ။ အဖျား-အကိုက်အခဲ သက်သာအောင် (ပါရာစီတမော)ကလွဲရင် မပေးရ။ အခုနောက်ပိုင်း သွေးလွန်တုပ်ကွေး ဆေးသစ်တွေ စပေါ်နေပါပြီ။ ကာကွယ်ဆေးတော့ မပေါ်သေးပါ။
ဆေးပညာရှင်များက လူပါးတွေဗျ။ သူတို့ သေသေချာချာ ကုပေးနိုင်တဲ့ ရောဂါ မဟုတ်ရင် ကာကွယ်ပါ၊ မဖြစ်အောင် ဒီလို လုပ်ပါ၊ ဟိုလို လုပ်ပါဆိုပြီး၊ အတော် ပြောသဗျ။ (အိတ်ခ်ျအိုင်ဗွီ - အေအိုင်ဒီအက်စ်)တို့၊ အသားဝါရောဂါတို့စသဖြင့်။ သွေးလွန် တုပ်ကွေးလဲ ပါတယ်။
အားလုံး သွေးလွန် တုပ်ကွေး ရောဂါ မှ ကင်းဝေးပါ စေ။
No comments:
Post a Comment