Monday, 8 August 2011

မလေးရှားမှ တရားမ၀င် ပြည်ပလုပ်သား နှစ်သန်းနီးပါးအား လွတ်ငြိမ်းချမ်သာခွင့်ပေးပြီး လက်ဗွေ မှတ်တမ်းတင်မှု စတင်


မလေးရှားမှ တရားမ၀င် ပြည်ပလုပ်သား နှစ်သန်းနီးပါးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး စက်ဖြင့် လက်ဗွေ မှတ်တမ်းတင်မှုအား သြဂုတ် ၁ ရက်နေ့တွင် စတင်ခဲ့ကြောင်း သိရသည်။ သို့ရာတွင် လုပ်ဆောင်မှုများ ရှင်းလင်းမှု မရှိခြင်းနှင့် ရွှေ့ပြောင်းလုပ်သားများ လိမ်လည်ခံရမည့် ပြဿနာများ ရှိနေခြင်း အတွက် အလုပ်သမား အဖွဲ့များက ဝေဖန်ထားကြောင်း သိရသည်။
ခြောက်လအတွင်း အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့ အပါအ၀င် အိမ်နီးချင်း နိုင်ငံများမှ ပြည်ပ လုပ်သားများကို စက်ဖြင့် လက်ဗွေ မှတ်တမ်းတင်မည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားသည်။

မှတ်ပုံတင်ပြီးပါက အချို့မှာ တရားဝင် အလုပ်လုပ်ခွင့်ရမည် ဖြစ်ပြီး အချို့မှာ ပြစ်ဒဏ်ပေးခြင်း မခံရသော်လည်း အိမ်ပြန်ပို့ခံရမည် ဖြစ်သည်။ ပုံမှန်အားဖြင့်ဆိုလျှင် မလေးရှားတွင် တရားမ၀င် လာရောက် လုပ်ကိုင်ပါက ထောင်ဒဏ်(သို့မဟုတ်) ကြိမ်ဒဏ်များ ကျခံရလေ့ ရှိသည်။
လက်ဗွေကို စက်ဖြင့် မှတ်တမ်းတင်ခြင်းသည် ရာဇ၀တ်မှုများအား တိုက်ဖျက်ရန် ရည်ရွယ်ခြင်းလည်း ဖြစ်ပြီး ရွှေ့ပြောင်းလုပ်သား အချို့သည် ရာဇ၀တ်မှုများတွင် ပါဝင်ခြင်းများ ရှိနေကြောင်း မလေးရှား အစိုးရက ထုတ်ပြန်ထားသည်။ ယင်းအပြင် အိမ်ပြန်ပို့ခံရသည့် လုပ်သားများသည် အခြား အမည်တစ်ခုဖြင့် ပြန်ဝင်လာလေ့ ရှိခြင်းကိုလည်း ကာကွယ်သွားရန် ရည်ရွယ်သည်။
''စိုက်ပျိုးရေးနဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ အလုပ်သမား လိုအပ်နေသလို အိမ်အကူ လုပ်သားလည်း လိုအပ်ချက် မြင့်မားနေပါတယ်။ အစိုးရက ရွှေ့ပြောင်းလုပ်သားသစ်တွေ ထပ်ဝင်ခွင့် မပေးခင်မှာ ရှိပြီး တရားမ၀င် လုပ်သားတွေကို  လုပ်သား လိုအပ်ချက် ပြည့်မီရေး တရားဝင်ဖြစ်အောင် လုပ်ပြီး သုံးစွဲဖို့ အစိုးရက လိုလားပါတယ်''ဟု အမည် မဖော်လိုသည့် မလေးရှား အရာရှိတစ်ဦးက ပြောကြားသည်။
လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်ကို မလေးရှား အစိုးရက ပြီးခဲ့သည့် ဇွန်လတွင် ကြေညာခဲ့သည်။ နိုင်ငံသားများ မလုပ်ချင်သော လစာနိမ့် စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေး အလုပ်များကို လုပ်ကိုင်ပြီး စီးပွားရေးအား အထောက်အကူ ပြုနေသော ပြည်ပလုပ်သား ၁ ဒသမ ၈ သန်းကို တရားဝင် လုပ်ကိုင်ခွင့်ပြုရန် စီစဉ်နေခြင်း ဖြစ်သည်။
ယခု ဆောင်ရွက်မှုသည် ၂၀၀၅ ခုနှစ် နောက်ပိုင်း တတိယအကြိမ် အလုပ်သမား လွတ်ငြိမ်းချမ်းသာခွင့် အကြီးအကျယ်ပေးခြင်း ဖြစ်သည်။ သို့ရာတွင် ယခင် အချိန်များက ပြစ်ဒဏ်မပေးဘဲ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်လိုက်သော တရားမ၀င် လုပ်သားများမှာ အခြား အမည် တစ်ခုဖြင့် ပြန်ဝင်လာလေ့ ရှိသောကြောင့် စက်ဖြင့် လက်ဗွေ မှတ်တမ်းတင်မှုကို ယခုတစ်ကြိမ်၌ ထည့်သွင်းလိုက်ခြင်း ဖြစ်သည်။
သို့ရာတွင် အလုပ်သများ အဖွဲ့များက ယခု အစီအစဉ်တွင် မည်သည့် အမျိုးအစား လုပ်သားများကို လက်ဗွေစက်ဖြင့် မှတ်တမ်းယူမည် ဆိုခြင်းမှာ မရှင်းလင်းကြောင်း၊ သို့ဖြစ်၍ လုပ်သားများ လိမ်လည်ခံရ၊ အလွဲလုပ်ခံရမည်ကို စိုးရိမ်ရကြောင်း သတိ ပေးခဲ့သည်။ မလေးရှား အလုပ်သမား အခွင့်အရေးအုပ်စု တစ်ခု ဖြစ်သော Tenaganita မှ အမှုဆောင် ညွှန်ကြားရေးမှူး အီရီနီဖာနန်ဒက်ဇ်က အစိုးရသည် အလုပ်သမား အခွင့်အရေး အဖွဲ့များကို ပါဝင် ပတ်သက်ခွင့် မပြုခဲ့ခြင်းကို ဝေဖန်ထားသည်။
''ရွှေ့ပြောင်းလုပ်သားတွေဆီက ငွေရှာဖို့ အခြေအနေ ဖန်လာတာမျိုး ဖြစ်လာမှာကို ကျွန်မ အရမ်း စိုးရိမ်ပါတယ်။ ဆိုးရွားတဲ့ အခြေအနေမျိုး ဖြစ်မှာ ကျွန်မ မြင်ယောင်နေမိတယ်။ ရွှေ့ပြောင်းလုပ်သားတွေ ရှာထားတာလေးတွေ ကုန်သွားနိုင်တယ်'' ဟု ဖာနန်ဒက်ဇ်က သုံးသပ်သည်။
အစိုးရက ပုဂ္ဂလိက အလုပ်အကိုင် ရှာဖွေရေး အေးဂျင့် ၃၀၀၀ ကျော်ကို မှတ်ပုံတင် အစီအစဉ်အား ကူညီပေးရန် ခန့်အပ်ထားသည်။ သို့ရာတွင် ရွှေ့ပြောင်းလုပ်သားများ အဆိုအရ ယင်းအေးဂျင့်များသည် အခွင့်အရေးကို အသုံးချကာ ရွှေ့ပြောင်း လုပ်သားများ နိုင်ငံတွင်း နေထိုင်ပြီး အလုပ် တရားဝင်လုပ်ခွင့် ရလိုပါက ရင်းဂစ် ၃၅၀၀ (အမေရိကန်ဒေါ်လာ ၁၂၀၀) ပေးရမည်ဟု တောင်းဆိုမှုများ ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်