Friday, 15 July 2011

ဇာတ်လမ်းလေးက ဒီလို ......

ဇာတ်လမ်းလေးက ဒီလို ......
အလှအပ လဲကြိုက် ၊ ခေတ်ကလဲဆန် ၊ ရဲတင်း ပွင့်လင်း လွန်းလှတဲ့ မိန်းမပျို ငယ်လေးတဦးသည်
လေယာဉ် ခရီးစဉ် တခုတွင် ခရစ်ယာန် ဘုန်းတော်ကြီး တဦးနှင့် ထိုင်ခုံဘေးချင်း ယှဉ်လျှက် လိုက်ပါလာ၏။
သူမ မှာ ရင်ခွင်ထဲမှ ခရီးဆောင် လက်ပွေ့အိတ်ကို ဖွင့်ယင်း၊ အိတ်ထဲတွင် ပါလာသော ပစ္စည်းလေးတခုကို
မကြာခဏ ထုတ်ကြည့်လိုက် ၊ ပြန်ထည့်လိုက် ၊ လက်နဲ့ စမ်းကြည့်လိုက်နှင့် ဂနာ မငြိမ်ဖြစ် နေလေသည် ။
သူ၏ မျက်နှာ ပေါ်တွင်လည်း ထိတ်လန့်ခြင်း၊ စိုးရိမ် သောက ဖြစ်ခြင်း၊ ကြံရာ မရ ဖြစ်ခြင်းက ဖုံးမရ ဖိမရ
အထင်းသား ပေါ်လွင်လျှက်ရှိနေလေသည်။
ထိုသို့ဖြင့် လိုက်ပါလာယင်း များမကြာမီတွင် ရုတ်တရက် အကြံတစ်ခု ရကာ နံဘေးမှာ ပတီးစိပ်၍
လိုက်ပါလာသော ဘုန်းတော်ကြီး ဘက်သို့ လှည့်၍…“တပည့်တော်ကို တခုလောက် ကူညီပါလား ဘုရာ့”
ဟု ပြောလိုက်လေသည်။ ဆိုင်းမဆင့် ဗုံမဆင့် ဆိုလိုက်သော သူမ၏ စကားကြောင့် ဇဝေဇဝါ ဖြစ်သွားသော ဖာသာကြီးသည် စိပ်လက်စ ပုတီးကို ပေါင်ပေါ်တင်ရင်း…“ပြောလေ ဒကာမလေး ကိုယ်တော် ကူညီနိုင်တာရှိရင် ကူညီတာပေါ့” ဟု ပြောလိုက်ပါသည် ။
“ဟုတ်ကဲ့။ သမီး ဒီကနေ့ပဲ စူပါမားကက်ကနေ အမျိုးအစား ကောင်းတဲ့ နှုတ်ခမ်းနီတောင့်တတောင့်ကို
ဈေးကြီးပေးပြီး ဝယ်လာခဲ့မိ လို့ပါရှင့် ။ အသစ် စက်စက်မို့ လေဆိပ်က အကောက်ခွန် မှာ ။ အခွန်တွေ
အများကြီး ဆောင်ရမှာ ကြောက်လို့… အဲဒါ ဖာသာကြီးရဲ့ ဝတ်ရုံသင်္ကန်း အောက်ထဲမှာ ဖွက်ပြီး
ယူသွားပေးဖို့ အကူအညီ တောင်းကြည့် တာပါရှင့်။”
“အင်း… ဒါလောက်တော့ လုပ်ပေးနိုင်မယ် ထင်ပါတယ်။ ဒါပေမယ့် ဘုန်းဘုန်းက လိမ်ပြောလို့ မရဘူးကွဲ့။
လေဆိပ်ရောက်လို့ အခွန်ဆောင်စရာ ပါသလား မေးရင် ဘုန်းဘုန်းက အမှန်အတိုင်း ဖြေရမှာ…
ဒါလိုဆိုရင်ကော ဖြစ်ပါ့မလား သမီးရဲ့…”

အမျိုးသမီးလေးမှာ တချက် စဉ်းစားယင်း…

“ဟုတ်တော့ ဟုတ်ပါတယ် ဘုန်းဘုန်းရဲ့။ ဒါပေမယ့် ဒီလိုလုပ်ရင်ရော မဖြစ်နိုင်ဘူးလား”ဟုဆိုကာ
ဘုန်းတော်ကြီး၏နား အနားသို့ကပ်ပြီး ( x x x x x ) ဟု တိုးတိုးလေး ပြောလိုက်သည်။
ထို့နောက် ဆက်ပြီး “အဆင်ပြေသွားမှာပါ ဘုရား” ..ဟုဆိုယင်း သူ၏ နှုတ်ခမ်းနီတောင့်ကို
အိတ်ထဲမှ ထုတ်၍ ဘုန်းတော်ကြီးအား ပေးလိုက်လေ၏။
လေဆိပ်သို့ ရောက်သောအခါဝယ် တာဝန်ရှိသူ အကောက်အခွန် အရာရှိမှ ဘုန်းတော်ကြီးအား
အခွန်ဆောင်ရန် ပစ္စည်းပါလျှင် ထုတ်ပြရန် တောင်းပန်လေ၏။ ထိုအခါ ဘုန်းတော်ကြီးက
အမျိုးသမီးငယ် နှင့် တိုင်ပင် ထားသည့်အတိုင်း…

“ဦးခေါင်းကနေ ခါးအထက်အထိတော့ ဘာမှ မပါပါဘူး ဒကာကြီးရဲ့” ဟု ဖြေလိုက်လေသည်။
ဘုန်းကြီး ဖြေလိုက်သော အဖြေကြောင့် ဇဝေဇဝါဖြစ်သွားသော အရာရှိက မကျေနပ်သေးဘဲ…

“ဒါဆို ခါးအောက်ပိုင်းမှာတော့ ပါလာတယ်လား ဘုရာ့” ဟု ပြန်၍ မေးပြန်လေ၏။

“အေးကွဲ့… ခါးအောက်ပိုင်းမှာတော့… ဘုန်းဘုန်းမှာ… အမျိုးသမီးတွေ အတွက်
ဟို.. ဟိုဒင်း… ပစ္စည်းတခုတော့ ပါတယ်ကွဲ့… ဒါ.. ဒါပေမယ့် ဘုန်းဘုန်းဘဝမှာ
တခါမှတော့ သုံးမကြည့် ဖူးသေးဘူး။ မောင်ရင် ကြည့်ချင်ရင်တော့ ကိုယ်တော်
ထုတ်ပြမယ်လေ…”

ထိုသို့ ဖြေလိုက်သော အခါမှာတော့ အကောက်အခွန် အရာရှိ လူငယ်သည် အားရပါးရ
ရယ်မောရင်း ဘာမှဆက်၍ မေးမြန်း မနေတော့ဘဲ ဘုန်းတော်ကြီးကို ဆက်လက် ထွက်ခွာခွင့်
ပြုလိုက် လေတော့သတည်း။
ဝန်ခံချက်းးးး အဓိပ္ပါယ် မူမပျက်စေဘဲ ၊ ဖတ်သူတို့ ဆီလျော်အောင် စီစဉ်ထားပါသည် ။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်