Friday, 15 February 2013

အကယ်ဒမီမော့စ်၏နောက်ဆုံးခရီး

ရုပ်ရှင်၊ ဗီဒီယို သရုပ်ဆောင် လူရွှင်တော် တစ်ဦးဖြစ်သူ အကယ်ဒမီမော့စ်နာရေးကို မူလသတ်မှတ်ထားသည့် အချိန်ထက် နာရီဝက် ကျော်စော၍ ယနေ့ ညနေ ၃ နာရီခွဲခန့်တွင် ရေဝေးသုဿန်၌ မီးရှို့သင်္ဂြုဟ်ခဲ့သည်။လာရောက်ကြည့်ရှုသူသူ ပရိသတ်များသဖြင့် မူလသတ်မှတ်ထားသည့် အချိန် ညနေ ၄ နာရီထက် စောစီးစွာ သင်္ဂြိုဟ်လိုက်ခြင်းဖြစ်သည်။သရုပ်ဆောင် မော့စ်သည် အကယ်ဒမီဆု ဆွတ်ခူးရရှိပြီး ၄၅ ရက်အကြာတွင် အသည်းနှင့်အဆုတ်ရောဂါဖြင့် SSC ဆေးရုံတွင် ဖေဖော်ဝါရီ ၁၃ ရက်က ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ 

7Day News Journal



ဓာတ်ပုံ-ကျော်ဇင်သန်း

Wednesday, 13 February 2013

တို့အာရှနှင့် ငါးမန်းတောင်ပံဈေးကွက်


ပုံမှာ ပြထားတာ ငါးခြောက်မဟုတ်ပါဘူး။ ငါးမန်တောင်ပံလို့ခေါ်တဲ့ ငါးဆူးတောင်နဲ့ ငါးရေယက် များ ဖြစ်ပါတယ်။
မြန်မာပြည်မှာလည်း နာမည်ကြီးဟင်းလျာ တစ်မျိုးပါပဲ။ ငါးမန်တောင်ပံ ဟင်းချိုဆိုရင်နေရာတိုင်းမှာတောင် မရပါဘူး။ ပျှမ်းမျှအားဖြင့် ငါးမန်းတောင်ပံ ဟင်းတစ်ခွက်ကို အမေရိကန်ဒေါ်လာ ၁၀၀ နီးနီးတောင် ရှိတယ်လို့ ဆိုကြပါတယ်။ မြန်မာပြည်မှာ ဘယ်ဈေးလည်းတော့ မသိပါဘူး။


သေချာတာကတော့ မြန်မာပြည်မှာလည်း ငါးမန်းတောင်ပံ ဟင်းချို ခေတ်စားနေဆဲ ပါပဲ။ အထူးသဖြင့် ပင်လယ်နဲ့ နီးကပ်တဲ့ မြို့ ကြီး ပြကြီးတွေမှာ ငါးမန်းဆူးတောင်ဟင်းချို၊ ဟင်းပွဲ များ ခေတ်စားပါတယ်။ သို့ပေမယ့် ယင်းဟင်းပွဲများ တကယ် ခေတ်စားကတော့ တရုတ်ပြည်မကြီး ပါပဲ။

တရုတ်ပြည်မကြီးအပြင် အရှေ့ အာရှဘက်တစ်ခြမ်းလုံး မှာ ဈေးကြီးကြီး နဲ့ ရေပန်းစားတဲ့ ဟင်းလျာ ဖြစ်ပါတယ်။ တော်တော်လည်း ဆိုးဆိုးရွားရွားပါ။ ငါးမန်းသားကို တော်ရုံတော့ မစားကြပါဘူး။ အဓိက စားသုံးတာက ဆူးတောင်နဲ့ ရေယက်ဖြစ်ပြီး တစ်ကောင်လုံးကျ စွန့်ပစ်တဲ့ အလေ့အထ ပြုလုပ်ပါတယ်။

ပင်လယ်က တံငှာလှေမှာပဲ ငါးဆူးတောင်၊နဲ့ အခြား အသုံးဝင်မယ့် အစိတ်အပိုင်းကို ဖြတ်ပြီး ပင်လယ်ပြင်တဲ့ အရှင်လတ်လတ် ပြန်လွတ် ပါတယ်။

သို့ပေမယ့် မရှင်ပါဘူး။ အမြီးပြတ်၊ တောင်ပံပြတ်တဲ့ ငါးမန်းများ ရေမကူးနိုင် ပါဘူး။ နိုင်သလောက်ခတ်ရင်း သွေးမတိတ်တဲ့ ငါးမန်း များဟာ နာရီပိုင်း အတွင်းသော်လည်းကောင်း၊ ရက်ပိုင်းတွင်းသော် လည်းကောင်း သေဆုံး ပါတယ်။ ကိုယ်တိုင် မသေတောင် အခြားသော အားကြီးတဲ့ ငါးမန်နဲ့ ရေသတ္တဝါများရဲ့  တိုက်ခိုက်စားသုံးခြင်းဖြင့် သေဆုံးရပါတယ်။

ငါးမန်းတောင်ပံ ဟင်းတစ်ပွဲကို ငါးမန်း တစ်ကောင်နှုန်းနဲ့ တွက်နိုင်ပါတယ်။ ပင်လယ်စာ စားသောက်ဆိုင် တစ်ဆိုင်မှာ ငါးမန်းတောင်ပွဲဟင်း ၁၀ ပွဲစာ တစ်ရက်ရောင်းရရင် တစ်ရက် ၁၀ ကောင်ပါ။ အာရှနဲ့ အခြားသော ဥရောပ ဘက်အခြမ်းအားလုံး ဆိုင်ရေအတွက်က စုစုပေါင်းလိုက်ရင် သိန်းချီရှိတဲ့ အတွက် ငါးမန်းသေနှုန်းက တစ်ရက်ကို သောင်းနဲ့ချီ၊ သိန်းနဲ့ချီနေပါတယ်။

ဘယ်လူမျိုးဖြစ်ဖြစ်၊ ဘာပဲ ကိုးကွယ်၊ကိုးကွယ် အသက်ရှိသော အခြား သူတစ်ပါးအသားကို သတ်ဖြတ်စားသောက်တယ်ဆိုတာ မဖြစ်မနေ အခြေ အနေမှာဆိုရင် အကြောင်းပြန်ချက် တစ်မျိုးမျိုးနဲ့ လက်ခံနိုင်သေးပေမယ့် ပင်လယ်မှာ သူ့ဘာသူ နေတဲ့ ငါးမန်းကို မြီးဖြတ်ပြီး ရေထဲပြန်လွတ် တာကတော့ တော်တော်ဆိုးရွားတဲ့ အခြေအနေ ဖြစ်ပါတယ်။ ပင်လယ်ပြန်မလွတ်လဲ ကုန်းပေါ်မှာ ဒီတိုင်း စွန့်ပစ်ပါတယ်။ ဂေဟ စနစ် တစ်ခု လည်ပတ်ဖို့ဆိုတာ ဒီစက်ဝန်းတွင်းက သက်ရှိသက်မဲ့အားလုံးက သူ့ကဏ္ဍနဲ့သူ အကျိုးရှိရှိ တာဝန်ယူနေပါတယ်။

ငါးမန်းတွေ ရှားပါးလာတာနဲ့အမျှ ကမ္ဘာအပေါ် ပြန်လည် ဆိုးကျိုး သက်ရောက်နိုင်မယ့် အချက်များစွာ ရှိနေပြီး လက်တွေ့ကျကျ ကြုံတွေ့ရမယ့် တစ်နေ့ကျမှ စာနာ နားလည်တတ်မယ်ဆိုရင် နောက်ကျလား၊ မကျဘူးလား ဆိုတာ ငါးမန်းတောင်ပံ ဟင်းချိုသောက်သုံးသူများ အား သိစေချင်ပါတယ်။
--
credit to :
အောင်ခမ်း (ရိုးရာလေး)
ရိုးရာလေး နိုင်ငံတကာ
http://www.yoyarlay.com/international-news/asia/34151-shark-finning-is-so-bad-in-asia

Tuesday, 5 February 2013

ထွင်လိုက်ပြန်ပြီ

အင်္ဂလန်နိုင်ငံမှာရှိတဲ့ ရုပ်ရှင်ချစ်သူများ အဖွဲ့က သူတို့ အသင်းဝင်တွေ အနားယူတဲ့အချိန်မှာ အဆင့်မြင့်မြင့် အနားယူလို့ရအောင် ထူးထူးဆန်းဆန်း အစီအစဉ်လေး တစ်ခု ဖန်တီးပေးလိုက်ပါတယ်။ အဲဒါကတော့ ချမ်းအေးလှတဲ့ အင်္ဂလန် ရာသီဥတုကို အန်တုပြီး အသင်းဝင်တွေကို ရေနွေးစိမ်ကန် ထဲမှာ ကျားမ မရွေး ရုပ်ရှင်ကြည့်လို့ရအောင် ဖန်တီးပေးလိုက်တာပါ။ တစ်နေ့တာ အလုပ်ပင်ပန်းပြီး ပြန်လာတဲ့အချိန် စိတ်လက်ပေါ့ပါးသွားအောင်လို့ ဆိုပါတယ်။ အဲဒီလိုမျိုး အေးအေးဆေးဆေး ရုပ်ရှင်ကြည့်ချင်တဲ့ လူများရှိရင် အဲဒီမှာ Member သွားလုပ်လို့ရပါကြောင်း .... :D






Monday, 4 February 2013

လျှပ်စစ်နည်းပညာသစ်တစ်ခု တီထွင်အောင်မြင်



အိုဇုန်းလွှာပျက်စီးခြင်း၊ ကမ္ဘာ့ရေနံနှင့်လောင်စာဆီရှားပါးမှုပြဿနာကို ကာကွယ်ရန် လောင်စာမဲ့ လျှပ်စစ်နည်း ပညာသစ်ကို တီထွင် အောင်မြင် နိုင်ခဲ့ပြီ ဖြစ်ကြောင်း ယင်းနည်းပညာကို တီထွင်ခဲ့သော ဦးစိုင်းသန့်ဇင် က ဇန်န၀ါရီလ ၂၅ရက်နေ့တွင် ပြောသည်။

"ဒီနည်းပညာက ဘယ်သူမှ မတီထွင် နိုင်သေးပါဘူး။ ကျွန်တော်လည်း နှစ်ပေါင်း ၂၅ နှစ်ကျော်ကြာအောင် ငွေကုန်ခံ၊လူပင်ပန်းခံ၊မိသားစုကို စွန့်လွှတ်ပြီးရှာဖွေတီထွင်ခဲ့တာပါ။ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူသား
တွေရဲ့ လျှပ်စစ်လိုအပ်ချက်ကို ပြည့်သွားရုံတင်မကဘဲ ပိုတောင်ပိုပါ သေးတယ်" ဟု ၎င်းက ပြောသည်။

လောင်စာမဲ့လျှပ်စစ်နည်းပညာသစ် ဆိုသည်မှာ လျှပ်စစ်အနည်းငယ်မှ လျှပ်စစ်များစွာကို ချဲ့ထွင်ပြီး ဘွိုင်လာ၊ တာဘိုင်၊ ဂျင်နရေတာနှင့် တွဲဖက် အသုံးပြုကာ စွမ်းအားပမာဏ ကြီးမားစွာ ထုတ်လုပ်နိုင်သော လျှပ်စစ်ထုတ်စက်ကို တီထွင်အသုံးပြုခြင်း ဖြစ်သည်။

အဆိုပါ နည်းစနစ်အတွက် မည်သည့် လောင်စာမှ အသုံးပြုခြင်း မရှိပေ။

ဘွိုင်လာကို ဆူစေပြီး တာဘိုင်နှင့် တွဲကာဂျင်နရေတာတပ်လျှင် မီးစက် ဖြစ်သည်။

ထိုဂျင်နရေတာကို ပန်ကာ တပ်လျှင် သဘောင်္ ပြန်ဖြစ်သွားသည်။

ထို့ကြောင့် ထိုစနစ်နှင့် လောင်စာမဲ့ သဘောင်္များ သွားလာနိုင်သည်။

တစ်ချိန်က အသုံးပြုခဲ့သော မီးသဘောင်္များ အတိုင်း သွားလာ နိုင်သည်။

လောင်စာမဲ့ ဆိုသည့်အတွက် ထိုသဘောင်္တွင် မည်သည့် လောင်စာကိုမှ တင်စရာ မလိုတော့သည့်အတွက် ၀န်အား သက်သာ သွားမည်။ ကုန်ကျစရိတ်သက်သာပြီး လုပ်ငန်းပိုမို အဆင်ပြေမည် ဖြစ်သည်။ မီးရထားတွင်လည်း ကျောက်မီးသွေး စက်ခေါင်းကဲ့သို့ ဘွိုင်လာစက်ခေါင်း အဖြစ်ပြန်တပ်ဆင် အသုံးချနိုင်သည်။

"လျှပ်စစ်မီးထွက်ဖို့ လောင်စာအနေနဲ့ ဘာလောင်စာဆီမှ မလိုပါဘူး။ ဓာတ်ဆီ၊ ဒီဇယ်၊ ကျောက်မီးသွေးနဲ့ ဂက်စ်တွေ အသုံးပြုစရာ မလိုဘဲ ကျွန်တော်တီထွင်ထားတဲ့ နည်းပညာထဲကနေ ထွက်တာနဲ့ လျှပ်စစ်တွေဟာ လိုချင်သလောက် ရနိုင်ပါတယ်။ ဒီနည်းပညာကို အခုထိတော့ နာမည် မပေးရသေးဘူး။ လောလောဆယ်တော့ ကျွန်တော်က လောင်စာမဲ့ လျှပ်စစ်စွမ်းအင်နည်းပညာလို့ ပေးထား ပါတယ်" ဟု ဦးစိုင်းသန့်ဇင်က ဆိုသည်။

ဦးစိုင်းသန့်ဇင်သည် ယင်းနည်း ပညာကို၎င်း၏ဆရာဖြစ်သူဦးကျော်ဝင်း ထံမှ အမွေဆက်ခံခဲ့ခြင်းဖြစ်သည်။

ဦးကျော်ဝင်းသည် လွန်ခဲ့ သည့် နှစ်၃၀ ကျော်ချိန်ကတည်းက အဆိုပါနည်း ပညာကို စမ်းသပ်တီထွင်ခဲ့ကာ လိုအပ်သည့် အချက် လက်များကို ပြန်လည် ဖြည့် ဆည်းနေချိန် ၂၀၀၁ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။

"ဆရာနဲ့ကျွန်တော် စလက်တွဲတုန်းက ၁၉၉၃ခုနှစ်ကပါ။အဲဒီအချိန်တုန်းက ဆရာမှာ တပည့်မရှိသေးပါဘူး။ ဆရာ အဲဒီစက်ကို တီထွင် နေတုန်းပဲ။ ကျွန်တော့်ကိုလည်း သုံးနှစ်လောက် လေ့လာပြီးမှ ဆရာက သူ့အနားကပ် ခွင့်ပေးတာ။ အဲဒီအချိန်ထိ ကျွန်တော်ဟာ ဆရာ့ဆီက နည်းပညာတွေကို အကုန်မရခဲ့သေးပါဘူး။ ဆရာ့နည်း ပညာကိုလည်း ကျွန်တော်လုပ်စားဖို့ စိတ်မ၀င်စားခဲ့ဘူး။ ဆရာ့ ပညာကိုလည်း ကျွန်တော်လိုက်မမီပါဘူး။ ဆရာဆုံးတော့ ဆရာ့ပညာကို အမွေဆက်ခံမယ့် လူမရှိတာနဲ့ ကျွန်တော်အရဲစွန့်ပြီး လုပ်ခဲ့ တာ။ကျွန်တော် ထင်မထားပေမဲ့ အောင်မြင်အောင် လုပ်နိုင်ခဲ့ပါတယ်" ဟု ဦးစိုင်းသန့်ဇင်က ပြောသည်။

"ကျွန်တော် ဆရာ့ဆီမှာ လုပ်ကတည်းက ဆရာက နည်းပညာတွေ ပြောပြတယ်။ ကျွန်တော်က တပ်ဆင်ပေးရတယ်။ နောက်ပိုင်း ဒီနည်းစနစ်ရဲ့ လုပ်နည်းလုပ်ဟန်တွေကို ကျွန်တော် အကုန်သိ နားလည်တယ်။ ၀ှက်ဖဲတွေကိုလည်း သိလာတယ်။ ဆရာမရှိတော့ ပေမယ့်လည်း နောက်ပိုင်းကိုယ့်ဘာသာ ကိုယ်ဆင်လိုက်တာ လေးလုံးမြှောက်မှာ မီးထွက်တယ်။ အဲ ၁၉၉၉ခုနှစ်ကတော့ လျှပ်စစ် မီးထွက်တယ်။ ဒါပေမဲ့ အသုံးပြုတဲ့ ပစ္စည်းတွေက သူ့ဟာနဲ့ သူမဟုတ်တော့ မီးထွက်မမှန်ဘူး။ ဒါကို နည်းပညာတစ်ခုနဲ့ထပ်ပြီး စမ်းသပ်တာရယ် ငွေမရှိတာတွေကြောင့် ပိုကြာ သွားတာပါ" ဟု ရှင်းပြသည်။

"ဓနအင်အားပြည့်စုံတဲ့လူကသာ မတည်ရင်းနှီးငွေ ထည့်မယ်ဆိုရင် ဒီ လောင်စာမဲ့လျှပ်စစ်နည်းပညာသစ်ကို အခြေခံပြီး နောက်ထပ် နည်းပညာများ ထပ်မံပေါ်ထွန်းလာဦးမှာပါ" ဟု ၎င်း က ပြောသေးသည်။

ဦးစိုင်းသန့်ဇင်သည် ကျိုင်းတုံ ဇာတိ ဖြစ်ပြီး အသက်၅၃နှစ်ရှိပြီ ဖြစ်သည်။ ငယ်စဉ်ကတည်းက စက်မှုနည်းပညာ ကို စိတ်ဝင်စားပြီး ကားများ၏စက်ပိုင်း ဆိုင်ရာကို တာဝန်ယူပြုပြင်ခဲ့ရသည်။ ကိုယ်ပိုင်ဂျစ်ကားများမှ ဂျစ်ဘီလူးအထိ တီထွင်ထုတ်လုပ်နိုင်ခဲ့သည်။

ယခင်က ကျောက်တွင်း ၄၅တွင်းနှင့် စိုက်ခင်း ဧက၂၀၀ကျော်ကို ပိုင်ဆိုင်ထားသော ကုမ္ပဏီ ပိုင်ရှင်တစ်ဦး ဖြစ်သည်။

အဆိုပါပိုင်ဆိုင်မှုများကို အဆုံးရှုံးခံကာ ဤနည်းပညာကို ဇွဲ၊ လုံ့လ၊ တို့ဖြင့် အနစ်နာခံ တီထွင်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာပေါ်တွင် အဓိကအားဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်သော နည်းပညာ(၅)မျိုးရှိသည့်အနက် ယခု လက်ရှိတွင် နိုင်ငံတော်တော် များများ အသုံးပြုနေသော ရေဖိအားသုံး တာဘိုင်စက်များဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းသည်ရေရှည်တွင်ကုန်ကျ စရိတ် သက်သာ ထိရောက် သော်လည်း စတင်တည်ဆောက်ချိန်တွင် တည် ဆောက်စရိတ် အလွန်ကြီးမားသည်။

လောင်စာအတွက် အခက်ခဲမရှိ သော်လည်း ရေရင်းမြစ်ပေါကြွယ်ဝသည့် သဘာဝမြစ်၊ချောင်း၊ ရေတံခွန် များရှိနေရမည့်အပြင် ရေအားလျှပ်စစ် ထုတ်လုပ်နိုင်မည့် ရေမြေသဘာဝ ပထ၀ီအနေထား ကန့်သတ်ချက်များ၊ ရေအားလျှပ်စစ်ထုတ်လုပ်မည့် နေရာနှင့် မိုင်ပေါင်းများစွာ ကွာဝေးမှုကြောင့် တည်ဆောက်ထားသည့် နေရာနှင့် အနီးဝန်းကျင် မြို့များသာ ပိုမိုသုံးစွဲနိုင်သည်။

အချို့မြို့များကို လျှပ်စစ်ပေးရာတွင် မိုင်ပေါင်းများစွာ ဝေးကွာမှုကြောင့်တည်ဆောက်စရိတ်ကြီးမားကာ လိုသလောက် မရနိုင်ပေ။

လောင်စာမဲ့လျှပ်စစ်ထုတ်လုပ်ခြင်းသည် သဘာဝဘေးဆိုးများ၊ သဘာဝ ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုနှင့် ဆူညံမှုတို့ဘေးမှ ကင်းဝေးသည်။

ယခုလောင်စာမဲ့လျှပ်စစ်မှာ အဆိုပါ နည်းစနစ်များထက် ငွေကုန်ကြေးကျ သက်သာကာ မည်သည့်အားနည်းချက် မျှမရှိပေ။ ပေ ၁၀၀ ထ ၅၀ ရှိသည့် နေရာတွင် လျှပ်စစ်ထုတ်ကာ တစ်မြို့လုံးကို ၂၄နာရီ ပတ်လုံး မီးအလင်းပေးနိုင်သည်။ ၁မဂ္ဂါဝပ်တွင်ဝပ်တစ်သန်းရှိ သည့်အတွက် ၀ပ်သန်းနှစ်ဆယ် ဆိုပါက မြို့လေးတစ်မြို့ကို မီးအလင်းပေး နိုင်သည်။

အဆိုပါစက်မှာ ရှိရင်းစွဲပင်ရင်းမှ ထွက်လာသောအားကို ၁၀ဆပို ထုတ်လုပ်မည်ဖြစ်သည်။ ဥပမာ ၁၂ကီလိုဝပ် ရှိ မီးစက်အင်ဂျင်မှ ရှိရင်းစွဲလျှပ်စစ်ကို ယူပြီး ၁၀ဆပွားလိုက်လျှင် ကီလိုဝပ် ၁၂၀ ထွက်သည်။ ၀ပ်အားဖြင့် တွက်လျှင် ရှိရင်းစွဲ ၀ပ်၁၂,၀၀၀ကနေ ၀ပ် ၁၂၀,၀၀၀ ထွက်သည်။ ထိုထဲမှ ၀ပ် ၅၀,၀၀၀ကို ကောင်းကောင်း အသုံးပြု နိုင်သည်။

ယခုလက်ရှိ နမူနာတပ်ဆင်ထားသော လျှပ်စစ်ထုတ်လုပ်သည့် စက်မှာ Nichrome (နီကရုန်း)ကြိုးများ တပ်ဆင်ထားသည်။

ယင်းကြိုးများမှာ တစ်ကြိုးလျှင် လျှပ်စစ်ဓာတ်အား ၃,၆၀၀မှ ၄,၈၀၀အတွင်း ထွက်ရှိသည်။ အဆိုပါ ကြိုးမျိုး ၁၂ချောင်း ဆင်ထား သည်။ ထိုအတွက် လိုအပ်သည့် လျှပ်စစ်ကို 12KV ရှိသည့် မီးစက်မှအားကို ဖန်တီးယူထားခြင်း ဖြစ်သည်။

12KV မီးစက်ကိုနှိုးပြီး တီထွင်ထားသည့် နည်းပညာပုံးထဲမှ ဖြတ်ကာ ဘွိုင်လာ၏ လိုအပ်သည့် နီကရုန်း ကြိုးများဆီသို့ ပေးပို့မည် ဖြစ်သည်။

ဥပမာ ဘွိုင်လာမှ နီကရုန်းကြိုး အချောင်း၁၀၀လိုလျှင် အချောင်း ၁၅၀ ဆင်ထားမည် ဖြစ်သည်။ တစ်ချောင်း ပျက်လျှင် ထို၅၀ထဲမှ တစ်ချောင်းကို On လိုက်မည် ဖြစ်သည်။ ထို့အတွက် စက်ကို ရပ်ဖို့ မလိုတော့ပေ။

ဘွိုင်လာရှိ PSI ဘားက အရှိန် ၁၂၀ ရောက်မှ ယန္တရားလည်မည်ဆိုပါက ၁၂၀ လွှတ်ပြီး ၂၀၀နှင့်မှ ရုန်းပါက ၂၀၀လွှတ်မည်ဖြစ်သည်။ ဘားပွင့်မှသာ ရေနွေးငွေ့ တာဘိုင်လည်မည်ဖြစ် ပြီး ဖိအားဖြင့် ဒလက်များလည်စေကာ လျှပ်စစ်ထုတ်ယူမည်ဖြစ်သည်။

"ပထမလျှပ်စစ်ပေးထားတဲ့ 12KV ကိုလည်း ယန္တရားကြီး လည်သွားတာ နဲ့အနားပေးလို့ရပါပြီ။ Recycle ပြန် သုံးတဲ့သဘောပါ"ဟု ဦးစိုင်းသန့်ဇင် က ၄င်းလုပ်ငန်းခွင်ကို ရှင်းပြသည်။

မူလပင်ရင်း ရှိရင်းစွဲမှ 12KV မှ ၀ပ် အား၁၂,၀၀၀သာ ရှိသည်။ ထို မီးစက် အင်ဂျင်မှ မူလ လျှပ်စစ်ကို ၀ပ်၁၀,၀၀၀ လောက်ယူပြီး ဖန်တီးထားသောစက်ထဲ ထည့်ကာ ဆင့်ပွားနည်းပညာဖြင့် ပြန်လည် ထုတ်လုပ်လိုက်သည့်အခါ မီးများမှာ အဆိုပါ နီခရုန်း ကြိုး၁၂ ချောင်းမှ တစ်ချောင်းလျှင် ၀ပ် ၃,၆၀၀နှင့် ကြိုး ပေါင်း ၁၂ချောင်း စုစုပေါင်း ၀ပ် ၄၃,၀၀၀အား ပြန်လည် ထုတ်လုပ်နိုင်ကြောင်း သိရသည်။

"မကြာခင်မှာ ကျွန်တော် စက်ရုံထောင်မယ်။ ဒီနည်းပညာနဲ့ ကမ္ဘာ့မူ ပိုင်ခွင့်ကို လှမ်းမယ်။ မြန်မာနိုင်ငံကို အကျိုးပြုမယ်။ ဒါဆို ကျွန်တော့် အခန်း ကဏ္ဍတွေ ပြီးဆုံးသွားပြီ။ ဒီထက်ပို ကောင်းအောင်တော့ နောင်လာနောင်သားတွေကိုဘဲ အားထားရတော့မှာပါ" ဟု ဦးစိုင်းသန့်ဇင်ကဆိုသည်။

မြန်မာနိုင်ငံတစ်နိုင်ငံလုံး၏ လျှပ်စစ် ဓာတ်အားသုံးစွဲမှုမှာမဂ္ဂါဝပ်၁,၅၀၀ရှိပြီး အနည်းဆုံး မဂ္ဂါဝပ် ၁,၂၀၀လောက် ရရှိလျှင် အဆင်ပြေ သည်ဟု သိရသည်။

ယခုလက်ရှိတွင် မြန်မာနိုင်ငံတွင် အမှန် တကယ်လျှပ်စစ်ရရှိမှုမှာ အနည်းဆုံး ၃၅၀မဂ္ဂါဝပ်မှ အများဆုံး ၅၈၀မဂ္ဂါဝပ် ထိသာရှိသည်။ ထို့ကြောင့် မြန်မာ တစ်နိုင်ငံလုံး လိုအပ်သည့်မဂ္ဂါဝပ်ထက် အမှန်တကယ် သုံးစွဲမှုမှာ သုံးပုံ တစ်ပုံ သာရှိသည်။

လောင်စာမဲ့လျှပ်စစ်နည်းပညာဖြင့် ထုတ်လုပ်မည်ဆိုလျှင် မြို့တစ်မြို့တွင် မဂ္ဂါဝပ် ၄၀ လိုသည် ဆိုပါက ပေ၁၀၀ ၀န်းကျင်ခန့်ရှိသည့် နေရာတွင် ၂မဂ္ဂါ ၀ပ်ရှိသည့် စက်အလုံး၂၀တပ်ဆင်ထားပါက ၄၀မဂ္ဂါဝပ်ရရှိမည်။

သို့ဆိုလျှင် မြန်မာတစ်နိုင်ငံလုံး လို အပ်နေသည့် လျှပ်စစ်ကို ယခုကဲ့သို့ တီထွင် ဆပွားရင်း အသုံးပြုသွားမည် ဟုဆိုသည်။

ယင်းနည်းပညာ၏ အောင်မြင်မှု အခြေအနေကိုမှ ပရော်ဖက်ဆာ ဒေါက်တာစိန်မြင့်တို့ အဖွဲ့က ဇန်န၀ါရီ လ၁၉ရက်နေ့တွင် လာရောက် လေ့လာပြီး နည်းပညာမှန်ကန်သဖြင့် ဦးစိုင်းသန့်ဇင်နှင့် ပူးပေါင်းလိုကြောင်း ကမ်းလှမ်းထားသည်။

"ဒီပညာရှင် လောကမှာ ဘယ်လိုမှ မဖြစ်နိုင်တာကို ဖန်တီးနိုင်ခဲ့တယ်။ လျှပ်စစ်မှာလော့စ်ရှိတယ်။ ကျွန်တော်တို့က သီအိုရီ သဘော အရဆို သူ့ကို ဘယ်လိုမှ လက်ခံလို့ မရဘူး။ ဒါကလည်း သူတီထွင်ထားတာ အောင်မြင်ခဲ့လို့သာ။ သူအခုချိန်မှာ ဒီလို လုပ်ချင်ပါ တယ်လို့ ပြောရင် သူ့ကို စိတ်မှ ကောင်းသေးလားလို့ လူတွေ အထင်သေးကြမှာ အမှန်ဘဲ။ သူလည်း မအောင်မြင်တုန်းကတော့ ကြုံခဲ့မှာပါ။ အခုတော့ သူဒီနည်းပညာကို အောင်မြင်သွားပြီ" ဟု တရုတ်ပညာရှင် တစ်ဦးက ပြောသည်။
==================
မူရင်းလင့်ခ်
http://www.myanmar.mmtimes.com/2010/upper/454/upper01.html

Saturday, 12 January 2013

တစ်နေ့တာ ညစ်နေတာတွေကို ဆေးကြောပေးမဲ့ ဆပ်ပြာမူဗီ :)

ခြင်္သေ့နှင့်တူအောင် ပြုပြင်ထားသည့်ခွေးကြောင့် ရဲတပ်ဖွဲ့အလုပ်များ


အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယား ပြည်နယ်ရှိ နော်ဖော့ခ် ရဲတပ်ဖွဲ့သို့ လူတစ်ဦးက အင်္ဂါနေ့တွင် ဖုန်းခေါ်ပြီး လမ်းပေါ်တွင် ခြင်္သေ့ အငယ်စားတစ်ကောင် လျှောက်သွားနေကြောင်း တိုင်ကြားခဲ့သည်။အမွေးများကို ခြင်္သေ့နှင့်တူအောင် ပြုပြင်ကာ ရိတ်ထားသည့် ခွေးတစ်ကောင်ကြောင့် ဗာဂျီနီးယား ရဲတပ်ဖွဲ့ အလုပ်ရှုပ်ခဲ့ကြောင်း သိရှိရသည်။ အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယား ပြည်နယ်ရှိ နော်ဖော့ခ် ရဲတပ်ဖွဲ့သို့ လူတစ်ဦးက အင်္ဂါနေ့တွင် ဖုန်းခေါ်ပြီး လမ်းပေါ်တွင် ခြင်္သေ့ အငယ်စားတစ်ကောင် လျှောက်သွားနေကြောင်း တိုင်ကြားခဲ့သည်။ ကိုလီရိပ်သာလမ်းတစ်လျှောက် ခြင်္သေ့တစ်ကောင် လွတ်နေပြီး ယင်းသည် အစာရှာနေဟန်ရှိကြောင်း သတင်းသည် ရဲတပ်ဖွဲ့ဝင်များကို မျက်လုံးပြူးသွားစေသည်။

ထို့ကြောင့် ရဲများသည် ဗာဂျီးနီးယား တိရစ္ဆာန်ရုံမှ တာဝန်ရှိသူများအား ဆက်သွယ်ပြီး သတင်းပို့ရာ နေရာသို ခြင်္သေ့ဖမ်းရန် အလျင်အမြန် ရောက်ရှိလာကြသည်။ ထို့နောက်တွင်တော့ ရဲများသည် အသက်(၃)နှစ်အရွယ် လာဘရာဒိုဒယ်လ် ခွေးကလေး ချားလ်စ်ကို တွေ့မြင်ခဲ့ရသည်။ နောက်ပိုင်းတွင်မူ ဝါရင့် ရဲဝန်ထမ်း အချို့က ချားလ်စ်နှင့် ပတ်သက်ပြီး လူအများ အမြင်မှားသည်မှာ ယခုတစ်ကြိမ် ပထမဆုံး မဟုတ်ဟု ဒေသခံ သတင်းဌာနများသို့ ရယ်မော ပြောဆိုခဲ့သည်။

ချားလ်စ်၏ ပိုင်ရှင်ဖြစ်သူ ဒန်နီရယ်လ် ပိန်းတားက အဆန်းထွင်ကာ ချားလ်စ်ကို ခြင်္သေ့တစ်ကောင်နှင့် တူအောင် အမွေးများ ရိတ်ဖြတ် အလှဆင်ပေးထားခြင်း ဖြစ်သည်။ ချားလ်ကို မျက်မှန်းတန်းမိနေသည့် အိမ်နီးချင်းများက ခွေးတစ်ကောင်မှန်း သိရှိသော်လည်း ရုတ်တရက် တွေ့မြင်လိုက်သည့် လူစိမ်းများကမူ အမြင်မှားနေဆဲဟု သိရှိရသည်။
မူရင်း==>http://www.planet.com.mm/news/read.cfm/id/20701

မြန်မာပြည်မှာ ဝှက်ထားတဲ့ တိုက်လေယာဉ်တွေ ဘယ်မှာလဲ ?



Myanmar Online News
Thursday, January 10, 2013ဒီလ ၄ ရက်ထုတ် (ရိုက်တာ) သတင်းဌာနက ထုတ်ပြန်တဲ့ သတင်း တစ်ပုဒ်ကို ဖတ်လိုက်ရပါတယ်။
ဒီသတင်းရဲ့ အဓိက လိုရင်း အဓိပ္ပာယ်ကတော့ ဒုတိယ ကမ္ဘာစစ်ကြီး အတွင်းက မြန်မာနိုင်ငံမှာ မြှုပ် နှံထား တဲ့၊ မြေအောက် မှာ ဝှက်ထားတဲ့ စပစ်ဖိုင်းရား (Spitfire) တိုက်လေယာဉ်တွေ ကို ပြန်လည်ရှာဖွေ တူးဖော်တဲ့ အလုပ်တွေကို စကြတော့မယ် ဆိုတာပါပဲ။

ဒီသတင်းက ဒီနေ့ တစ်ကမ္ဘာလုံး စိတ်ဝင်စားနေကြတဲ့ သတင်းကြီးပါ။ စိတ်အဝင်စားဆုံး တိုင်းပြည်ကတော့ ဗြိတိန်ပေါ့ ခင်ဗျား။ (စပစ်ဖိုင်းရား) တိုက်လေယာဉ်ပျံက သူတို့ တိုင်းပြည်က ထုတ်လုပ်တဲ့ တိုက်လေယာဉ်ပျံ။

ဒုတိယ ကမ္ဘာစစ်တုန်းက အလွန် နာမည်ကြီးတဲ့ “ဗြိတိန်လေကြောင်း စစ်ပွဲ” (The battle of Britain) မှာ သူတို့ ရန်သူ ဂျာမန်တွေရဲ့ လေကြောင်း ထိုးစစ်ကို အောင်မြင်စွာ တွန်းလှန် ဖျက်ဆီးအနိုင်ယူခဲ့တာ ဒီ (စပစ်ဖိုင်းရား) တိုက်လေယာဉ် ပျံတွေကြောင့် ပါ။

ဒီတိုက်လေယာဉ်ပျံက သူ့ခေတ်မှာတော့ အကောင်းဆုံး တိုက်လေယာဉ်ပျံပါ။ အဲဒီအချိန်က တိုက်လေယာဉ်ပျံ ဆိုရင် လူတွေ က “စပစ်ဖိုင်းရား” လေယာဉ်ပျံ လို့ပဲ နားလည်ပါတယ်။

ဗြိတိန် လေကြောင်း တိုက်ပွဲကြီးကို စတင်ခဲ့တဲ့အချိန်မှာ ဗြိတိန်ရဲ့ လေတပ် အင်အားက ဂျာမဏီနိုင်ငံ ရဲ့ အင်အားရဲ့ ၃ ပုံ ၁ ပုံလောက်ပဲ ရှိပါတယ်။

ဂျာမန်တွေက သူတို့ လေတပ်နဲ့ ဗြိတိန်လေတပ်ကို အချိန်နှစ်ပတ်လောက်အတွင်း အလွယ်တကူ လုံးဝ ဖျက်ဆီးနိုင်လိမ့်မယ် လို့ ထင်မှတ်ခဲ့ပါတယ်။

သူတို့ ထင်မှတ်သလို လုံးဝ မဖြစ်ခဲ့ပါဘူး။

သူတို့ ဗုံးကြဲလေယာဉ်ပျံတွေကို အစောင့်လိုက်တဲ့ တိုက်လေယာဉ်ပျံတွေကို ဗြိတိသျှ လေတပ်မတော်က (စပစ်ဖိုင်းရား) တိုက်လေယာဉ်ပျံတွေက ကြားဖြတ် ပစ်ချနိုင်ခဲ့တဲ့အတွက် ဗုံးကြဲလေယာဉ်ပျံတွေရဲ့ ထိုးစစ်က မအောင်မြင်ခဲ့ပါဘူး။

ဒါကြောင့် ဒီနေ့အထိ (စပစ်ဖိုင်းရား) တိုက်လေယာဉ်ပျံတွေ အကြောင်းကို လူတိုင်းကြားဖူးပြီး မှတ်မိနေကြ ပါတယ်။ အထူး သဖြင့် ဗြိတိန်နိုင်ငံသားတွေပေါ့ ခင်ဗျား။

သူတို့နိုင်ငံရဲ့ အကြီးကျယ်ဆုံး နိုင်ငံတော် အခမ်းအနားတွေမှာ လေတပ်က ဂုဏ်ပြုပြီး အခမ်းနားကျင်းပတဲ့ အပေါ် ဖြတ်ပျံ တာတွေ ပြုလုပ်တော့မယ်ဆိုရင် (စပစ်ဖိုင်းရား) လေယာဉ်ပျံတွေ အမြဲပါဝင်စေပါတယ်။

(စပစ်ဖိုင်းရား)တိုက်လေယာဉ်ပျံတွေ စပေါ်တာဟာ ဒုတိယကမ္ဘာစစ်ကြီး မတိုင်ခင် ခေတ်ကပါ။ နှစ်ပေါင်း ၇၀ (ခုနှစ်ဆယ်)ကျော်နေပြီ။

ဒီနေ့အထိ လေထဲပျံသန်းနိုင်တဲ့ (စပစ်ဖိုင်းရား)တိုက်လေယာဉ်ပျံ ၃၅ (သုံးဆယ့်ငါး)စီးပဲကျန်ရှိနေပါတယ်။

ဒီနေ့ မြန်မာနိုင်ငံမှာ မြှုပ်နှံထားတဲ့ (စပစ်ဖိုင်းရား) တိုက်လေယာဉ်ပျံ တွေကို ပြန်ရှာ၊ ပြန်တူးဖော်မယ့် အဖွဲ့မှာ အဖွဲ့ဝင် ၂၁ ယောက် ပါဝင်ပါတယ်။ အဲဒီအဖွဲ့ထဲမှာ (စတင်လီ ကွန်ဗီ)ဆိုတဲ့ ပုဂ္ဂိုလ်လည်း ပါဝင်လိမ့် မယ်။ ဒီပုဂ္ဂိုလ်ရဲ့ အသက်က ၉၀ (ကိုးဆယ်) ကျော်နေပါပြီ။ ဒီပုဂ္ဂိုလ်က လေတပ်မှာ တာဝန် ထမ်းဆောင်ခဲ့ပြီး (စပစ်ဖိုင်းရား) တိုက်လေယာဉ်ပျံတွေ ကို မြေကျင်းတူးပြီး မြှုပ်ထားခဲ့တာကို သူကိုယ်တိုင် မြင်တွေ့ဖူးတယ်လို့ ပြောတယ်။

မြှုပ်တဲ့ နေရာကိုတော့ သူ မမှတ်မိတော့ဘူးပေါ့ ခင်ဗျား။

မြေပြင်က ၁၀ မီတာအနက် ကျင်းထဲမှာ မြှုပ်ထားပါတယ်လို့ ပြောပါတယ်။ ယခုလာရောက်ရှာဖွေ တူးဖော် ကြမယ့် အဖွဲ့သားတွေ ရဲ့ ခန့်မှန်းချက်က တိုက်လေယာဉ်ပျံ အစီး ၃၀ (သုံးဆယ်)လောက်ကို ရှိနိုင်တယ်လို့ ဆိုပါတယ်။

(ရိုက်တာ)သတင်းမှာ ဖော်ပြ ထားချက်တွေအရ တွေ့ရှိတဲ့ လေယာဉ်ပျံအရေအတွက်ရဲ့ ၃၀ (သုံးဆယ်) ရာခိုင်နှုန်းကိုပဲ ဗြိတိန်နိုင်ငံကို ပြန်သယ်ဆောင်သွားမှာဖြစ်ပြီး ကျန် ၇၀ (ခုနှစ်ဆယ်)ရာခိုင်နှုန်းကို သူတို့အဖွဲ့ရဲ့ မြန်မာလူမျိုး ဌာနေ ကိုယ်စားလှယ်တွေနဲ့ မြန်မာအစိုးရ ကို ခွဲဝေပေးလိမ့်မယ်တဲ့။

မြန်မာနိုင်ငံသားတွေ အနေနဲ့လည်း ဒီတိုက်လေယာဉ်ပျံတွေ ပြန်ရှာဖွေ တူးဖော်ကြမယ်ဆိုတဲ့ သတင်းကို အလွန် စိတ်ဝင် စားနေကြပါတယ်။

ဒီသတင်း မြန်မာသတင်းစာတွေ မှာ စပြီး ဖော်ပြခဲ့တာ တစ်နှစ်နီးပါး လောက်တောင်ရှိနေပါပြီ။

ဗြိတိန်နိုင်ငံသတင်းဌာနတွေရဲ့ အဆိုအရ မြေအောက်မှာ မြှုပ်ထား တဲ့(စပစ်ဖိုင်းရား)တိုက်လေယာဉ်ပျံ အရေအတွက်က ၁၂၄ (တစ်ရာ နှစ်ဆယ့်လေး)စီးအထိ ရှိနိုင်တယ်တဲ့။

အဲဒီတိုက်လေယာဉ်ပျံတွေ အထဲက ၃၆(သုံးဆယ့်ခြောက်စီး) က မင်္ဂလာဒုံ လေယာဉ်ပျံကွင်း တစ်ဝိုက်မှာပဲ မြှုပ်ထားခဲ့ တာတဲ့။ အဲဒါကြောင့် မင်္ဂလာဒုံလေယာဉ်ပျံကွင်း တစ်လျှောက်မှာသာ စနစ်တကျရှာ ဖွေတူးဖော်ကြရင် ၃၆ (သုံးဆယ့် ခြောက်)စီး အထိ ပြန်ဖော်လို့ ရနိုင်တာပေါ့ခင်ဗျား။

ဒါပေမယ့် ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့တဲ့ လေ ယာဉ်ပျံကွင်းက ဒီနေ့မင်္ဂလာဒုံမြို့နယ်က လေယာဉ်ပျံကွင်း မဟုတ်ပါဘူးခင်ဗျား။

အဲဒီလေယာဉ်ပျံကွင်း အဟောင်းက မရှိတော့ပါဘူး။ ပျောက်နေပါပြီ။ တည်နေရာကတော့ ဒီနေ့ လေယာဉ်ပျံကွင်းသစ်နေရာ အနီးမှာပဲ ရှိပါတယ်။ လွတ်လပ်ရေးရပြီးစ ခေတ်က မြန်မာ့လေတပ်မတော်က လေယာဉ်ပျံတွေက အဲဒီကွင်းဟောင်းကိုပဲ သုံးကြပါတယ်။ လေယာဉ်ပြေးလမ်းက သိပ်မကောင်းတဲ့အတွက် (ပီအက်ပီ) သံပြားတွေကို ပြေးလမ်းတစ်ခုလုံးပေါ်မှာ ခင်းထားရပါတယ်။ ဒီသံပြားတွေက တချို့ဒီနေ့မင်္ဂလာ ဒုံမြို့နယ်မှာ နေထိုင်ကြတဲ့ လူတွေ ရဲ့ ခြံဝင်းကို ကာရံရာမှာ အသုံးပြုထားကြပါတယ်။ အပေါက်တွေ အများကြီး ဖောက်ထားတဲ့ ခေါင်မိုး သွပ်ပုံသဏ္ဍာန် သံပြားအထူကြီးတွေပါ။

တကယ်တော့ (စပစ်ဖိုင်းရား) တိုက်လေယာဉ်ပျံတွေ အများကြီး မြန်မာနိုင်ငံမှာ မြှုပ်နှံထားတာ ရှိတယ်ဆိုတဲ့ သတင်း ထွက်ပေါ်နေတာ ကြာပါပြီ။

ဗိုလ်ချုပ် စောဖြူ၊ ဗိုလ်ချုပ် သောင်းဒန်၊ ဗိုလ်ချုပ်ကြီး အောင်ညွန့်၊ ဗိုလ်မှူးကြီး သူရတင်မောင်အေးတို့လို လွတ်လပ်ရေး မရခင်ခေတ်က လေတပ်ထဲ ဝင်ရောက်ခဲ့ကြတဲ့ မြန်မာ့ တပ်မတော်က လေသူရဲဟောင်းကြီး တွေ ဒီသတင်းကို အကုန်သိကြပါ တယ်။ ဘယ်နေရာမှာ မြှုပ်ထားတယ် ဆိုတာကိုတောင် သူတို့ အကြမ်းသဘော ပြောပြနိုင်ကြပါ လိမ့်မယ်။

ဒီနေ့ ဒီတူးဖော်မှုကို ဦးဆောင်တဲ့ (David J Cundall) အနေနဲ့လည်း လေယာဉ်ပျံ တချို့မြှုပ်နှံထားတဲ့ နေရာကို တိတိ ကျကျ သိနေပြီလို့ ယူဆရပါတယ်။ သူရဲ့ ထုတ်ပြောပြချက်တွေ အရ လေယာဉ်ပျံအစီး ၂၀ (နှစ်ဆယ်) မြှုပ်ထားတဲ့နေရာကို သူ တိတိကျကျ သိထားပြီးပြီလို့ ဆိုပါတယ်။ နောက်လေယာဉ်ပျံ အခြေအနေတွေက အကောင်း ပကတိအတိုင်း ရှိတယ်တဲ့။

မှန်ပါတယ်။

အကောင်းအတိုင်း ရှိနေဖို့က ရာခိုင်နှုန်း အပြည့်နီးပါး သေချာနေပါတယ်။

ဘာကြောင့်လဲ။

ဒီလေယာဉ်ပျံတွေကို မြေမြှုပ် ဝှက်ထားတာက တစ်စီးလုံး ကျင်းတူးပြီး ဝှက်ထားတာ မဟုတ်ပါဘူး။

ဗြိတိန်နိုင်ငံက မြန်မာနိုင်ငံကို အမဲဆီ အထပ်ထပ်သုတ်ထားတဲ့ အဝတ်တွေ၊ စက္ကူတွေ၊ သစ်သားတွေနဲ့ စနစ်တကျ အဆင့်ဆင့် ထုပ်ပိုးပြီး ပို့လိုက်တဲ့အတိုင်း မြှုပ်ထား တာ၊ အပိုင်းအလိုက် မြှုပ်ထားတာ။ ဒီအပိုင်းတွေကို စုစည်းပြီး ပြန်ဆင် လိုက်မှ လေယာဉ်ပျံသစ်တစ်စီး ဖြစ်လာပါလိမ့်မယ်။

အပိုင်းလိုက် မြှုပ်နှံထားတာ ဆိုတော့ မြှုပ်နှံရတာ ဝှက်ရတာလည်း လွယ်ကူပြီး အပျက်အစီး မရှိနိုင်ဖို့ လည်းများတာပေါ့ ခင်ဗျား။

ဘာကြောင့် ဒီလို မြေမြှုပ်ပြီး ဝှက်ခဲ့ကြရတာလဲ။

အလွန်စိတ်ဝင်စားဖို့ ကောင်းပါ တယ်။

ဒီနေ့အသက်ရှင်ကျန်နေသေးတဲ့ အဲဒီခေတ်က မင်္ဂလာဒုံလေတပ်စခန်း မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ လေတပ်သားတွေ အဆိုအရ ဒီလေယာဉ်ပျံတွေကို မြေမြှုပ်ပြီး ဝှက်ခဲ့တာ ၁၉၄၅ ခုနှစ်အတွင်းကပါ။

အဲဒီအချိန်က ဒုတိယ ကမ္ဘာစစ်ကြီး ပြီးပါတော့မယ်။ ဂျပန်တွေ မြန်မာပြည်က ဆုတ်သွားပြီး မလေးရှားနိုင် ငံလောက်တောင် ရောက်နေပါပြီ။ လေကြောင်း စစ်ဆင်ရေးတွေက မရှိတော့တဲ့ အချိန်၊ အဲဒါကြောင့် အသစ် ရောက်လာတဲ့ (စပစ်ဖိုင်းရား) တိုက်လေယာဉ်တွေက စစ်မြေပြင်မှာ သုံးဖို့ မလိုတော့တဲ့ လေယာဉ် ပျံတွေ။ ဒီလေယာဉ်ပျံတွေကို ဗြိတိန် ကို ပြန်ပို့ဖို့ဆိုတာလည်းမလွယ်ဘူး။ အကယ်၍ ပြန်ပို့ခဲ့ရင်လည်း ဥရောပ မှာ ဖြစ်တဲ့ စစ်ကြီးက ပြီးသွားပြီ မို့ ဒီလေယာဉ်ပျံတွေက အသုံးမဝင်တော့ဘူး။

ပြန်ပို့စရိတ်၊ ပြန်ထိန်းသိမ်း ထားရမယ့် စရိတ်တွေ အများကြီး ထပ်ကုန်ဦးမယ်။

ဒါကြောင့် ငွေကုန် အသက်သာဆုံး နည်းဖြစ်တဲ့ ရောက်ရှိနေတဲ့ နိုင်ငံမှာပဲ စိတ်ချရမယ့် နေရာတွေ ရွေးချယ်ပြီး သူတို့မြေမြှုပ်ပြီး ဝှက်သိမ်းထားခဲ့ကြတာပါ။

ဒီနေ့ မြန်မာပြည်မှာ ဝှက်ထား၊ မြှုပ်ထားတဲ့(စပစ်ဖိုင်းရား)တိုက် လေယာဉ်ပျံတွေက (Spitfire MK IX) အမျိုးအစား လေယာဉ်ပျံတွေ။ ဒီ တိုက်လေယာဉ်ပျံ အမျိုးအစားတွေက သိပ်ရှားတယ်။ အထူးသဖြင့် အသုံး ပြုထားတဲ့ စက်အမျိုးအစားပေါ့ ခင်ဗျား။

အဲဒီလေယာဉ်ပျံ အမျိုးအစားမှာ သုံးထားတဲ့ စက်က (Rolls Royce Griffon) စက်။

စောစောပိုင်းက ထုတ်လုပ်တဲ့ (စပစ်ဖိုင်းရား) တိုက်လေယာဉ်ပျံတွေ မှာက (Merlins Engine) ပဲသုံးတယ်။ ယခုမြန် မာပြည်မှာ လျှို့ဝှက် မြှုပ်ထားတဲ့ လေယာဉ်ပျံတွေက တစ်နာရီ မိုင် ၄၄၀ (လေးရာ့လေးဆယ်)နှုန်း အထိ ပျံသန်းနိုင်ပြီး စက်အားက မြင်းကောင်ရေ ၂၀၅၀ (2050 Horse Power) ရှိတယ်။

(စပစ်ဖိုင်းရား) တိုက်လေယာဉ်ပျံတွေ ထုတ်လုပ်မှုက ၁၉၄၇ ခုနှစ်မှာ ရပ်လိုက်တယ်။ စုစုပေါင်း ထုတ်လုပ်ခဲ့တဲ့ (စပစ်ဖိုင်းရား) အရေအတွက်က ၂၀၃၄၄ (နှစ်သောင်း သုံးရာ လေးဆယ့်လေး) စီး ရှိတယ်။ အဲဒီ အထဲမှာ မြန်မာပြည်မှာ ဝှက်ထား တဲ့ (Griffon) စက်အားသုံး လေယာဉ်ပျံက ၂၀၅၃ (နှစ်ထောင် ငါးဆယ့်သုံး) စီးပဲ ရှိတယ်။

အရေအတွက် နည်းနည်းပဲ ထုတ်လုပ်ခဲ့တဲ့ တိုက် လေယာဉ်ပျံ။

ဒါကြောင့်လည်း ဒီလေယာဉ်ပျံတွေကို ပြန်ရှာဖွေနိုင်ကြဖို့ သဲကြီးမဲကြီး ကြိုးစားနေကြတာပါ။ ဒီရှာဖွေမှုကို ဦးဆောင်တဲ့ (David J Cundall) ဆိုသူက ဒီလုပ်ငန်းကို သူ စလုပ်နေတာ ၁၅(ဆယ့်ငါးနှစ်)ရှိ သွားပါပြီ။ သုတေသန အလုပ်တွေ အတွက် စုစုပေါင်း သူသုံးခဲ့၊ ကုန်ခဲ့တဲ့ ငွေကလည်း အမေရိကန်ဒေါ်လာ ၂ သိန်းတောင် ကျော်သွားခဲ့ပြီတဲ့။

သူ့အသက်ကလည်း ၆၂ (ခြောက်ဆယ့်နှစ်) ရှိနေပါပြီ။ သူက ဒီလေယာဉ်ပျံ ရတနာသိုက် ရှာဖွေမှုကို ငွေအတွက် လုပ် ကိုင်နေတာ မဟုတ်ပါဘူး။ ဝါသနာအရ လုပ်နေတာတဲ့ဗျာ။

ဦးလှဝင်း (လေသူရဲတစ်ဦး)
မြန်မာအင်ဒီပဲန်ဒင့်ဂျာနယ်

Wednesday, 19 December 2012

မဟောင်တတ်သောခွေး (Basenji)



ခွေးဆိုရင် ဟောင်တတ်တယ်လို့ပဲ လူသိများပေမယ့် လုံးဝ မဟောင်တတ် တဲ့ ခွေးမျိုးလည်း ရှိပါတယ်။ အာဖရိက အလယ်ပိုင်းမှာ ပေါက်ဖွားတဲ့ အမဲ လိုက်ခွေး Basenji ဖြစ်ပါတယ်။

ဟောင်သံအစား အခြား တိုးတိုးလျလျ အသံသာထွက်ပါတယ်။ ကွန်ဂို နိုင်ငံ မှာ ပိုအတွေ့များ ပါတယ်။ အမဲလိုက်ခွေး ဆိုပေမယ့် အိမ်မွေးခွေးအဖြစ် အင်္ဂလန်၊ အမေရိကန်တို့လို နိုင်ငံက ဈေးကြီးပေး မွေးပါတယ်။ အနံ့ခံ လည်း ကောင်းတဲ့အတွက် ထော... က်လှမ်းရေးတွေမှာလည်း အသုံးပြု တတ် ပါတယ်။

အရောင်ကတော့ ပုံမှာ မြင်တွေ့ရတဲ့ အရောင်အပြင် အနက်ရောင်ကွက်ကြား နဲ့လည်း ရှိပါသေးတယ်။ ကမ္ဘာပေါ်မှာ မဟောင်တတ်တဲ့ ခွေးမို့လို့ Basenji ကို လူသိများပါတယ်။
--
Ref:wiki

http://www.innewsmyanmar.com မှတစ်ဆင့် ပြန်လည်မျှဝေပါသည်။

အရက်သမားတို့ အသက်ရှည်ရခြင်း၏ လျှို့ဝှက်ချက်

အရက်သမားတွေ ဘာလို့ အသက်ရှည်ရလဲ ဆိုတာ ဒီပုံတွေကို ကြည့်ရင် သဘောပေါက်လိမ့်မယ်လို့ထင်ပါတယ်။ အသက်ရှည်ချင်လို့ဆိုပြီး သွားမစမ်းရဘူးနော် :D
မည်သူ့ကိုမျှ မရည်ရွယ်ပါ :P









Tuesday, 18 December 2012

လူ့ခန္ဓာကိုယ်ရဲ့ထူးဆန်းအံ့သြဖွယ် အချက်အလက်များ

လူ့ခန္ဓာကိုယ်ရဲ့ထူးဆန်းအံ့သြဖွယ် အချက်အလက်များ

Saturday, 15 December 2012


(1) သင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ တချို့အရေးကြီးတဲ့ အစိတ်အပိုင်းတွေ မရှိတော့ ပေမယ့် ဆက်ပြီးအသက်ရှင်နေနိုင်ပါသေးတယ်။ အစာအိမ် ၊ သရက်ရွက် အသည်းရဲ့ ၇၅ရာခိုင်နှုန်း၊ အူလမ်းကြောင်းရဲ့ ၈၀ရာခိုင်နှုန်း၊ ကျောက်ကပ် တစ်ခြမ်း၊ အဆုတ်တစ်ခြမ်းနဲ့ ခန္ဓာကိုယ်အောက်ပိုင်းက တချို့ အစိတ် အပိုင်းတွေ မရှိရင်တောင်.. လူကောင်း တစ်ယောက်လို မဟုတ်ပေမယ့် ဆက်ပြီး အ...သက်ရှင် နေနိုင်ပါသေးတယ် ။

(2) လူ့ခန္ဓာကိုယ်တစ်ခုလုံးမှာအသန်မာဆုံးကြွက်သားက လျှာဖြစ်ပြီး အမာကျောဆုံး အရိုးကတော့ မေးရိုးပါ

(3) လူတစ်ယောက်ရဲ့ခြေဖ၀ါးဟာခန္ဓာကိုယ်မှာရှိသမျှအရိုးပေါင်းရဲ့
လေးပုံတစ်ပုံမျှရှိပြီး အရိုးပေါင်း ၅၂ ချောင်းနဲ့ဖွဲ့စည်းထားပါတယ်

(4) ခြေဖ၀ါးမှာ ချွေးဂလင်းပေါင်း 500,000 ခန့်ရှိပြီးအဲဒီချွေးဂလင်းတွေ
က တစ်နေ့ကိုချွေး (1)ပိုင့် မကထုတ်လုပ်ပါတယ်။

(5) သင့်အစာအိမ်ထဲမှာရှိတဲ့အစာခြေရည်(အက်ဆစ်)ဟာသင်တုန်းဓား
ကိုတောင် ချေဖျက်နိုင်တဲ့အထိ ပြင်းအားရှိ ပါတယ်။ အဲဒီအက်ဆစ်ရည်ဟာ အစာအိမ်ကိုတော့ဘာကြောင့်မထိခိုက်စေလဲဆိုတဲ့ အကြောင်းအရင်းက - အစာအိမ်နံရံဟာသုံးရက် ဒါမှမဟုတ် လေးရက်တစ်ကြိမ်လောက်ဆဲလ်အ သစ်တွေနဲ့ အလိုလိုအစားထိုးနေလို့ပဲဖြစ်ပါတယ်။

(6) နှာချေလိုက်တဲ့အခါထွက်လာတဲ့အမှုန်အစက်တွေဟာ တစ်နာရီကို
100 mph နှုန်းအထိရှိပြီး ၊ ချောင်းဆိုးတဲ့အခါမှာတော့ 60 mph နှုန်း အထိလျှင်မြန်ပါတယ်။

(7) သင့်ခန္ဓာကိုယ်ရဲ့သာမန်အပူချိန်ဟာ မိနစ် (၃၀)အတွင်းမှာ (၁)ဂါလံရှိ တဲ့ရေကို ပွက်ပွက်ဆူအောင်တည်ဖို့လုံလောက်ပါတယ်။

(8) ခန္ဓာကိုယ်ထဲမှာရှိသမျှ သံဓာတ်ဟာ (၃)လက်မ သံတစ်ချောင်းစာ ရှိပါသတဲ့။

(9) ထပ်တူညီအမွှာတွေကလွဲလို့ လူတိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ ကိုယ်နံ့တွေရှိကြပါတယ်။

(10) ကလေးငယ်ဘ၀မှာ ဦးခေါင်းဟာ ခန္ဓာကိုယ်ရဲ့လေးပုံတစ်ပုံ အချိုးအ စားနဲ့ညီမျှပြီး အသက် (၂၅) နှစ်ရောက်တဲ့အခါမှာတော့ ခန္ဓာကိုယ်ရဲ့ ရှစ်ပုံ တစ်ပုံမျှပဲ ရှိပါတော့တယ် ။ ဘာကြောင့်လဲဆိုရင် ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်မှာ ဦးခေါင်းရဲ့ကြီးထွားမှုနှုန်းဟာခန္ဓာကိုယ်ရဲ့ကြီးထွားနှုန်းထက် နှေးကွေးနေလို့ပဲဖြစ်ပါတယ်။

(11) လူတစ်ယောက်ဟာ မွေးစမှာအရိုးပေါင်း (၃၀၀)ကျော်ပါရှိပေမယ့် အရွယ်ရောက်လာတဲ့အခါမှာတာ့ (၂၀၆)ချောင်းပဲ ရှိပါတော့တယ်။ ဦးခေါင်းခွံလိုတချို့အရိုးတွေဟာ တစ်ချောင်းနဲ့တစ်ချောင်း အလိုလို ဆက် သွားတဲ့အတွက်အရေအတွက် လျော့နည်းသွားတာဖြစ်ပါတယ်။

(12) ကိုယ့်ကိုယ်ကိုကလိပြန်ထိုးလို့မရနိုင်ပါဘူး..တဲ့ ။။ ဘာကြောင့်လဲဆို ...ကိုယ့်ကိုယ်ကို ကလိထိုးဖို့ကြိုးစားလိုက်ပြီဆိုတာနဲ့ ထိုးမယ့်နေရာရယ် ၊ ထိုးမယ့်အချိန်ရယ်ကို အတိအကျသိနေတဲ့အတွက် မယားပဲနေနိုင်တာပါ ....တဲ့။

(13) သင့်နှာခေါင်းဟာ အနံ့ပေါင်း (၅၀,၀၀၀)ကိုမှတ်သားထားနိုင်ပါတယ် ။ ဒါပေမဲ့သင်ဟာ အမျိုးသမီးတစ်ဦး ဖြစ်မယ်ဆိုရင်တော့ ဘ၀တစ်လျှောက်
လုံး အမျိုးသားတွေထက် အနံ့ခံအာရုံပိုကောင်းဖို့ အလားအလာရှိပါတယ်။

(14) ခန္ဓာကိုယ်မှာရှိသမျှ သွေးကြောတွေကိုဆက်လိုက်မယ်ဆို မိုင်ပေါင်း (၆၀,၀၀၀)ခန့် ရှည်လျားပါတယ်။

(15) ကိုယ်ဝန်ဆောင်မိခင်လောင်းတွေများသောအားဖြင့် ပထမသုံးလ ပတ်အတွင်းမှ (၁) ဖား (၂) တီကောင်နဲ့ (၃)အပင်စိုက်ထားတဲ့အိုး စတဲ့ အိပ်မက်(၃)မျိုးကို မက်လေ့ရှိပါတယ် ။ ဘာကြောင့်ရယ်လို့ အတိအကျ အတည်မပြုနိုင်သေးပေမယ့် ... သိပ္ပံပညာရှင်တွေကတော့ ကိုယ်ဝန်ဆောင် စဉ်အတွင်းမှာခန္ဓာကိုယ်ကထွက်တဲ့ဟော်မုန်းတွေရဲ့အချိုးအစားမမျှတ
မှုကြောင့် မက်ခြင်းဖြစ်တယ်လို့ဆိုကြပါတယ်။

(16) ဆံပင်တစ်ချောင်းရဲ့ပျမ်းမျှသက်တန်းဟာ (၆)နှစ်ကနေ(၇)နှစ်အထိ ရှိပြီး သာမန်လူတစ်ယောက်ဟာ တစ်နေ့မှာဆံပင်အချေင်းရေ (၆၀)ကနေ (၁၀၀)ကြားကျွတ်ထွက်လေ့ရှိပါတယ် ။

(17) လူ့ဦးနှောက်မှတ်ဥာဏ်ဆဲလ်ဟာ စွယ်စုံကျမ်းငါးအုပ်စာမျှ အချက်အ လက်တွေကို သိုမှီးထားနိုင်စွမ်းရှိပါတယ်။ ဦးနှောက်ရဲ့(၈၀) ရာခိုင်နှုန်း ဟာ ရေဓာတ်နဲ့ဖွဲ့စည်းထားပြီး သွေးထဲမှာ ပျော်ဝင်လာတဲ့ အောက်ဆီဂျင်
ရဲ့(၂၀)ရာခိုင် နှုန်းကို အသုံးပြုပါတယ် ။ ခန္ဓာကိုယ်မှာခံစားရတဲ့ နာကျင်မှု မှန်သမျှကို ဦးနှောက်သိရှိခံစားနိုင်ပေမယ့် ... သူ့ကိုထိခိုက်မိမယ်ဆိုရင်တော့ နာကျင်မှုကိုမခံစားမသိရှိနိုင်ပါဘူး ..... တဲ့။

(18) “သွား” ဆိုတာခန္ဓာကိုယ်မှာ ကိုယ်တိုင်ပြန်လည်ထူထောင်ရေး မပြုလုပ်နိုင်တဲ့တစ်ခုတည်းသော အစိတ်အပိုင်းပါ။

(19) သင့်မျက်လုံးဟာမိခင်ဝမ်းကကျွတ်လွတ်လာတာနဲ့ကြီးထွားမှုရပ
တန့်သွားပြီး နှာခေါင်းနဲ့နားရွက်ကတော့ အသက်ကြီးလာတာနဲ့အမျှ လိုက်ပါကြီးထွားလာလေ့ရှိပါတယ်။

(20) အသက်(၆၀)ရှိတဲ့အခါမှာ - အမျိုးသားတွေရဲ့ (၆၀) ရာခိုင်နှုန်းနဲ့ အမျိုးသမီးတွေရဲ့ (၄၀)ရာခိုင်နှုန်းဟာ အိပ်ပျော်တဲ့အခါ ဟောက်တတ် လာပါတယ်။

(21) ကျနော်တို့တွေဟာ ညနေပိုင်းထက် မနက်ပိုင်းမှာ(၁)စင်တီမီ တာလောက် အရပ်ပိုရှည်နေလေ့ရှိပါတယ် ။ ဘာကြောင့်လဲဆိုရင် ခန္ဓာကိုယ်အရိုးအဆစ်တွေဟာ နေ့ခင်းပိုင်းမှာပုံမှန်အတိုင်း ရှိနေပေမယ့် ဒူးအတွင်းမှာရှိတဲ့အရိုးနုနဲ့တချို့အရိုးတွေဟာ တစ်နေ့ခင်းလုံး ဖြေးဖြေး ချင်းဖိနှိပ်ခံထားတဲ့ဒဏ်ကြောင့် ညနေပိုင်းမှာအနည်းငယ် ကျုံ့ဝင်သွားတဲ့ အတွက်ဖြစ်ပါတယ်။ ညပိုင်းအိပ်စက်အနားယူလိုက်တဲ့အခါ ဒူးဆစ်အရိုးနု နဲ့တခြားအရိုးတွေ ပြန်ဆန့်ထွက်လာပြီး ပုံမှန်ဖြစ်သွားလေ့ရှိပါတယ်

(22) အိပ်ပျော်နေစဉ်အခိုက်အတန့်မှာတောင် မှ ဦးနှောက်ဟာ (10)watt မီးလုံးတစ်လုံးရဲ့ပမာဏနဲ့ ညီမျှတဲ့စွမ်းအင်ကို အဆက်မပြတ် ထုတ် လွှတ်နေပါတယ် ။ တခြားအကြောင်းအရာတစ်ခု အနေနဲ့ကတော့ ... ဦးနှောက်ဟာ နေ့ခင်းထက် ညဘက် မှာသာအလုပ်ပို လုပ်လေ့ရှိပါသတဲ့။

(23) လက်ခလည်မှာရှိတဲ့ လက်သည်းခွံဟာ ရှည်လျားမှုနှုန်းအမြန်ဆုံး
ဖြစ်ပါတယ်။

(24) မျက်နှာပြင်တ၀ိုက်ပေါက်တဲ့ အမွေးအမျှင်တွေဟာ ကျန်တဲ့ခန္ဓာကိုယ် အစိတ်အပိုင်းမှာပေါက်တဲ့အမွှေးအမျှင်ထက်ရှည်လျားမှု နှုန်းမြန်ဆန်ပါတယ် ဒီအချက်ဟာအမျိုးသားရောအမျိုးသမီးမှာပါ တူညီတဲ့အချက်ဖြစ်ပါတယ် ။

(25) တစ်လက်မပတ်လည် လူ့အရေပြားမှာပေါက်တဲ့ အမွေးအမျှင်ဟာ ချင်ပန်ဇီမျောက်တစ်ကောင်ရဲ့ အမွေးအမျှင် အရေအတွက်အားလုံးနဲ့ ညီမျှပါတယ် ။

(26) သန္ဓေသား ဘ၀သုံးလအရွယ်မှာ လက်ဗွေရာ စတင်ထင်ရှားပါတယ် ။

(27) အသက်ခြောက်ဆယ်ရောက်တဲ့အခါ လူအများစုရဲ့လျှာမှာရှိတဲ့ အရသာခံဖု(၅၀)ရာခိုင်နှုန်းမျှ ပျက်စီးသွားလေ့ ရှိကြပါတယ်။

(28) ပိုပြီးအေးမြတဲ့ နေရာမှာအိပ်လေ ... အိပ်မက်ဆိုးမက်ဖို့ အခွင့်အလမ်း ပိုများလေ ...။

(29) အရေပြားအောက်မှာ သွေးကြောငယ်ပေါင်းမြောက်များစွာ စုစည်းနေ တဲ့အတွက် နှုတ်ခမ်းဟာ အခြားနေရာထက် နီမြန်းတဲ့အရောင်ဖြစ်နေတာပါ

(30) မိနစ်တိုင်းမိနစ်တိုင်းမှာ ခန္ဓာကိုယ်ပေါ်က မီလျံသန်းတစ်ရာမျှသော ဆဲလ်တွေဟာ သေဆုံးနေကြပါတယ်။

(31) တစ်ယောက်နဲ့တစ်ယောက်လက်ဗွေရာချင်း မတူညီနိုင်သလို လူသား တိုင်းမှာမတူညီတဲ့ လျှာတစ်ချောင်းစီရှိကြပါတယ် ။ (စိတ်ဝင်စားမယ်ဆို ရင်နိုင်ငံသားစိစစ်ရေးကတ်ပြားမှာ လက်ဗွေရာအစား လျှာဗွေရာနှိပ်ဖို့ လွှတ်တော်ကို အဆိုတင်သွင်းနိုင်ပါတယ် ။ )

(32) ခေါင်းဖြတ်ခံလိုက်ရရင်တောင်မှ အဲဒီဦးခေါင်းဟာ(၁၅)စက္ကန့်ကနေ စက္ကန့်(၂၀)လောက်အထိ အသိစိတ်ရှိနေနိုင်ပါသေးသတဲ့။ (သူများပြော တာမယုံရင် ကိုယ်တိုင်စမ်းသပ်ကြည့်နိုင်ပါတယ်။)

(33) လူတစ်ယောက်ဟာ မအိပ်ပဲနေတာထက်အစာအစားမပဲ ပိုပြီးကြာ
ကြာ အသက်ရှင်နေနိုင်ပါတယ်။ ရေတစ်မျိုးပဲသောက်ရမယ်ဆိုဦးတော့ ...ခန္ဓာကိုယ်အချိုးအစားနဲ့ တခြားအချက်အလက်တွေပေါ် မူတည်ပြီး သာမန်လူတစ်ယောက်ဟာ အစာမစားပဲတစ်လနှစ်လလောက် အသက် ရှင်သန်နိုင်ပါတယ်။ ဒါပေမဲ့ရက်အနည်းငယ် အိပ်ရေးပျက်လိုက်ခံရုံနဲ့ အဲဒီလူရဲ့ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာအပြုအမူတွေ သိသိသာ သာပြောင်းလဲသွားနိုင်ပါတယ်။ လက်တွေ့စမ်းသပ် ချက် မှတ်တန်းများအရ အကြာဆုံးမအိပ်စက်ပဲ နေထိုင်နိုင်ခဲ့တဲ့စံချိန်ကတော့ (၁၁)ရက်ဖြစ်ပါတယ် ။ ဒီလက်တွေ့စမ်းသပ်ချက်အပြီးမှာတော့ အစမ်းသပ်ခံလူသားဟာ စကားထစ်ခြင်း ၊ ထင်ယောင်ထင်မှားဖြစ်ခြင်း နဲ့ ကိုယ့်ကိုယ်ကိုမကြာခန ဘာလုပ်နေမှန်း မေ့လျော့ခြင်းတွေကို ခံစားရကြောင်းတွေ့ရှိရပါတယ်

(34) သင့်နားရဲ့လျှို့ဝှက်ချက်ကတော့ သာမန်အချိန်ထက်စာရင်ကြောက် လန့်နေတဲ့အချိန်မှာ ပိုမိုစိုစွတ်နေလေ့ရှိပါသတဲ့ ... ။

(35) ကမ္ဘာပေါ်မှာအတွေ့ရအများဆုံးသွေးအမျိုးအစားက (O) အိုသွေးဖြစ် ပြီး အရှားပါးဆုံးသွေးအမျိုးအစားကတော့(A-H) ခေါ် ဘုံဘေသွေး အမျိုး အစားဖြစ်ပါတယ်။ နေရာဒေသနဲ့ဆက်နွယ်ပြီး စတင်တွေ့ရှိခဲ့ချိန်ကနေ ယခုအချိန်ထိရှာတွေ့ခဲ့သမျှ လူဦးရေဟာ ရာဂဏန်းမျှသာရှိသေးပါတယ် ။

(36) ညာသန်တွေဟာ ဘယ်သန်တွေထက်ပျမ်းမျှ သက်တန်း(၉)နှစ်ခန့် ပိုမိုရှည်လျားလေ့ရှိကြပါတယ် ။ လူ့အသုံးအဆောင်ပစ္စည်းတွေနဲ့ စက် ပစ္စည်းတွေဟာ များသောအားဖြင့် ညာသန်တွေအတွက်သာ ရည်ရွယ်ပြီး ဒီဇိုင်းထုတ်ထားတဲ့အတွက် ၊ ဘယ်သန်တွေအသုံးပြုတဲ့အခါ မတော်တ ဆထိခိုက်ဒဏ်ရာခြင်း ၊ အသက်ဆုံးရှုံးခြင်းတွေဖြစ်ပေါ်နိုင်ပါတယ်။ စာရင်း များအရ မတော်တဆထိခိုက်မှုပေါင်းများစွာဟာ ဘယ်သန်တွေေ ကြာင့်ဖြစ် ပေါ်ခဲ့ပြီး တစ်နှစ်အတွင်းမှာထောင်ပေါင်းများစွာသော ဘယ်သန်တွေအသက်ဆုံးရှုံး နေလေ့ရှိပါတယ်..တဲ့ ။

(37) Koalas (သြစတေးလျသစ်ရွက်စားဝက်ဝံမျိုး)လို့ခေါ်တဲ့ နို့တိုက်သတ္တ၀ါ တစ်မျိုးတည်းသာ တစ်ကောင်နဲ့တစ်ကောင်တူညီတဲ့ လက်ဗွေရာရှိတတ် ကြပါတယ်။

(38) လူတစ်မျိုးတည်းသာ ခံစားချက်ကြောင့်မျက်ရည်ကျတတ်တဲ့ သတ္တ၀ါဖြစ်ပါသတဲ့ ... ။

(39) လူ့နှလုံးသာ ပေသုံးဆယ်အမြင့်ထိရောက်အောင် သွေးတွေကိုပန်း ထုတ်နိုင်လောက်တဲ့ ညှစ်အားရှိပါတယ်။ ဒါကတော့ နောက်ဆုံးအချက် ... မိန်းကလေးတွေအတွက်ပါ ... ။

(40) ပြုံးဖို့အတွက်မျက်နှာကြွက်သား(၁၇)ခုအသုံးပြုရပြီး မျက်မှောင်ကြုတ် ဖို့အတွက် (၄၃)ခုအသုံးပြုရပါတယ်။ ဟုတ်ကဲ့ .... လက်တစ်ဖက်လုံးကို မ ပြီးအားနဲ့လွှဲရိုက်လိုက်ဖို့ဆိုရင်တော့ ကြွက်သား(၄)ခုပဲသုံးစရာလိုပါတယ်
တဲ့။ မြှောက်ပေးတယ်လို့မထင်ရင်မလိုလားအပ်ပဲကယ်လိုရီတွေမကုန်
ရအောင်အကြံဥာဏ်တစ်ခုလောက်ပေးချင်ပါတယ်။ တကယ်လို့များပေါ့ ... ကိုယ်လုံးဝမနှစ်သက်တဲ့ယောကျာ်းလေးတစ်ယောက်က ကိုယ့်ကိုသိပ် အနှောင့်အယှက်ပေးနေမယ်ဆိုရင် အားနာပါနာနဲ့လည်းပြန်ပြုံးပြမနေပါနဲ့။ မကြိုက်မနှစ်သက်ကြောင်းလည်း အမူအရာနဲ့မျက်မှောင်ကြုတ် ပြမနေ
ပါနဲ့ ...။ အလွယ်ဆုံးနည်းဖြစ်တဲ့ ... ကြွက်သားလေးခုကိုအသုံးပြုပြီး ..အားရပါးရသာ ... Slap လိုက်ပါ...လို့ ...

(တကယ်တော့ ဒီအချက်အလက်တွေဟာ ခန္ဓာကိုယ်ရဲ့ထူးဆန်းအံ့သြဖွယ်
ရာအကုန်လုံးတော့ မဟုတ်သေးပါဘူး။ နေ့စဉ်လိုလိုပဲ.. အသစ်အသစ်သော
အံ့သြဖွယ် အချက်အလက်တွေကို သိပ္ပံပညာရှင်တွေ ယနေ့တိုင်ရှာတွေ့နေ
ဆဲပါ။ ဒီပိုစ့်နဲ့ပတ်သက်သော အချက်အလက်များ ကိုတော့ OddStuff Magazine ပါ ဆောင်းပါးတစ်ပုဒ်မှ Share လုပ်ခြင်း ဖြစ်ပါကြောင်း)

မြန်မာချစ်သူမိသားစု မှကူးယူမျှဝေပါသည်။
Myanmar Online News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myanmar Online News

အပြင်းပြေ Drum တီးရအောင်